တရားအားထုတ်တဲ့အခါမှာ အများအားဖြင့် အနိစ္စ (မမြဲခြင်း) လက္ခဏာကို အဓိကထားပြီး ရှုခိုင်းလေ့ရှိပါတယ်။ အနိစ္စကို တကယ်မြင်ရင် ဒုက္ခ (ဆင်းရဲခြင်း) နဲ့ အနတ္တ (ကိုယ်မဟုတ်ခြင်း) ကိုပါ တဆက်တည်း မြင်နိုင်လို့ပါပဲ။ ဆရာတော်ကြီးတွေကလည်း ဖြစ်ပျက် (ဖြစ်ခြင်း၊ ပျက်ခြင်း) ကို မြင်အောင်ကြည့်ပါ၊ အပျက်ကို မြင်အောင်ကြည့်ပါလို့ အကြိမ်ကြိမ် ဟောကြားလေ့ရှိပါတယ်။ ရုပ်နာမ်ကွဲတဲ့ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) နဲ့ ကြောင်းကျိုးသိမ်းဆည်းသိတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) ရပြီဆိုရင် ဖြစ်ပျက်ကို စရှုရတော့တာပါပဲ။ ဖြစ်ပျက်ရှုတယ်ဆိုတာ တကယ်တော့ အပျက်ကိုမြင်ပြီး “မမြဲပါလား” လို့ အနိစ္စလို့ သမ္မာဒိဋ္ဌိ (အမြင်မှန်) နဲ့ သမ္မာသင်္ကပ္ပ (အကြံမှန်) ဖြစ်အောင် အားထုတ်တာပါ။ ကြိုးစားအားထုတ်မှု (သမ္မာဝါယမ)၊ သတိကပ်မှု (သမ္မာသတိ) နဲ့ တည်ကြည်မှု (သမ္မာသမာဓိ) တို့ကတော့ နောက်လိုက်မဂ္ဂင်တွေပေါ့။ ဒီ အပျက်ကိုမြင်တဲ့ လမ်းအတိုင်းသွားတာဟာ အကောင်းဆုံးနဲ့ လိုရင်းကို အရောက်ဆုံးပါပဲ။

ဒါပေမယ့် ကျနော့်အတွက်တော့ “အနတ္တ” တရားဟာ မြင်ရခဲတယ်၊ ကြားရခဲတယ်၊ နားလည်ရခက်တယ်လို့ ခံစားရတဲ့အတွက် အနတ္တကို နားလည်အောင် အရင်ကြိုးစားမိပါတယ်။ ကျနော်စာ စရေးခဲ့တာလည်း အနတ္တအကြောင်းပါပဲ။ အနတ္တကိုမြင်ခြင်းအားဖြင့် “ငါ၊ သူ” လို့ စွဲလမ်းတဲ့ “ဒိဋ္ဌိ” ကို အသိဉာဏ်နဲ့ ပယ်သတ်နိုင်ပါတယ်။ ဒီလို အနတ္တကို ပိုင်ပိုင်နိုင်နိုင် သိအောင် အရင်လုပ်ထားတော့ ယုံမှားသံသယဖြစ်တဲ့ ဝီစိကိစ္ဆာနဲ့ ပတ်သက်ရင်လည်း တော်တော်လေး စိတ်ရှင်းပြီး အကျိုးရှိပါတယ်။ အဲဒီတော့ အနိစ္စကပဲ သွားမယ်ဆိုရင် ကြောင်းကျိုးသိမ်းဆည်းတဲ့ဉာဏ်အတွက် ဒီစာကို ဆက်ဖတ်နိုင်ပါတယ်။ ဉာဏ်စဉ်နောက်ပိုင်းမှာ အနတ္တကို အဆုံးထိမြင်ပြီး သွားရမှာမို့ အနတ္တကို အမြင်ရှင်းအောင် လေ့လာထားချင်ရင်လည်း ဖတ်ပါလို့ ပြောချင်ပါတယ်။

ဒိဋ္ဌိဆိုတဲ့ တရား

ဒိဋ္ဌိဆိုတာ တရားတစ်ခုပါပဲ။ “အတ္တဒိဋ္ဌိ” လို့လည်း ပြောကြပါတယ်။ သူဟာ အယူမှားခြင်း၊ တိတိကျကျပြောရင် “ငါ၊ သူ” လို့ အယူမှားခြင်း၊ “ငါ့သဘောအတိုင်း ဖြစ်တယ်” လို့ အယူမှားခြင်းပါ။ ဒီ ဒိဋ္ဌိဆိုတဲ့ တရားဟာ အသားထဲက လောက်လိုပါပဲ။ ခန္ဓာငါးပါးမှာပဲ ပေါ်တာမို့ သူပေါ်လာတဲ့ အချိန်မှာ ခန္ဓာကို လွှမ်းမိုးထားပြီး “ငါ၊ သူ” ဆိုတဲ့ အထင်၊ “ငါ့သဘောအတိုင်း လုပ်လို့ရတာပဲ” ဆိုတဲ့ အထင်ကြီးက ကိလေသာ ထူရင် ထူသလောက် အရမ်းကို သေချာနေသလို ပြနေတတ်ပါတယ်။ ပြီးတော့ အရိယာပုဂ္ဂိုလ်တွေကို ဖယ်လိုက်ရင် တလောကလုံးဟာ ဒီ ဒိဋ္ဌိဖက်ကပဲလို့ ပြောရမှာပါပဲ။ ဒါကြောင့် ဘုရားသာ မပွင့်ခဲ့ရင်၊ သာသနာနဲ့သာ မကြုံရရင်တော့ နာမ်ရုပ်ခွဲသိတဲ့ဉာဏ်တောင် မရနိုင်ပါဘူး။ အဲဒါကြောင့် ရခဲလှတဲ့ လူ့ဘဝ၊ ကြုံခဲလှတဲ့ သာသနာကို တန်ဖိုးထားကြပါလို့ ဖြတ်ပြောပါရစေ။

ဒိဋ္ဌိကို အရင်းကနှဲ့ခြင်း

ဒိဋ္ဌိကို စပြီး အရင်းကနေ နှဲ့နိုင်တာကတော့ ရုပ်နာမ်ခွဲသိတဲ့ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) ပါပဲ။ “ငါပဲ၊ သူပဲ၊ ပုဂ္ဂိုလ်၊ သတ္တဝါပဲ” လို့ ထင်နေရာကနေ အကောင်အထည် မြင်ရတဲ့၊ သိတတ်တဲ့သဘောမရှိတဲ့ အရာဟာ “ရုပ်” ဆိုတာနဲ့၊ ခံစားမှု (ဝေဒနာ)၊ မှတ်သားမှု (သညာ)၊ သိမှု (ဝိဉာဏ်)၊ စေ့ဆော်မှု (သင်္ခါရ/စေတနာ) ဆိုတာတွေက အကောင်အထည်မရှိ၊ သိတတ်တဲ့သဘောရှိတဲ့ “နာမ်” ဆိုပြီး ခွဲခြားသိလိုက်တာနဲ့ “ရုပ်နဲ့ နာမ်သာရှိတယ်၊ ငါ၊ သူ ဆိုတာ နာမည်တပ်ထားတဲ့ ပညတ်တွေပဲ” လို့ နားလည်သွားရင် ဒိဋ္ဌိအကြမ်းစား သေပါပြီ။ “ငါ၊ သူ” လို့ ယူထားတဲ့ အယူမှား (ဒိဋ္ဌိရဝိပ္ပလ္လာသ) တော့ ကွာသွားပါပြီ။ ဒါပေမယ့် ဒါဟာ ဆင်ခြင်တုန်းမှာပဲ သိတာပါ။ ပုံမှန်အချိန်မှာတော့ “ငါ၊ သူ” လို့ ထင်နေတုန်း၊ “ငါ၊ သူ” လုပ်တယ်၊ လုပ်နိုင်တယ်လို့ ထင်နေတုန်းပါပဲ။

ဒိဋ္ဌိရဲ့ လက်ပေါက်ကပ်မှု

ဒိဋ္ဌိကိလေသာဟာ အင်မတန် လက်ပေါက်ကပ်ပါတယ်။ ပထမမဂ် (သောတာပတ္တိမဂ်) ကပဲ သူ့ကို ဖြုတ်ရတာဖြစ်တာက တစ်ကြောင်း၊ တရားအားထုတ်တာကလည်း အစဖြစ်တာက တစ်ကြောင်း၊ တသံသရာလုံး ကြီးစိုးလာတဲ့ တရားဖြစ်တာက တစ်ကြောင်း၊ ကိုယ့်ပတ်ဝန်းကျင် နေ့စဉ်ဆက်ဆံနေရတာလည်း ဒိဋ္ဌိအပြည့်နဲ့ ပုထုဇဉ်တွေ ဖြစ်နေတာက တစ်ကြောင်းကြောင့် ဒီနေရာမှာ အင်မတန် အခက်တွေ့ကြရပါတယ်။ ဒီတော့ ရုပ်နာမ်ခွဲသိတဲ့ဉာဏ်ရလို့ အပင်ရင်းကနေ စနှဲ့ပေမယ့် ဒိဋ္ဌိအပင်ဟာ သီးတုန်း၊ ပွင့်တုန်းပါပဲ။ ဒါကို မျိုးတုန်းအောင် လုပ်ဖို့အတွက် ခန္ဓာဖြစ်စဉ်ကို သိဖို့ အင်မတန် အရေးကြီးလာပါတယ်။ ခန္ဓာဖြစ်စဉ် ပဋိစ္စသမုပါဒ်ဟာ ဘယ်လောက်ခက်ခဲသလဲဆိုရင် မြတ်စွာဘုရားက “ဒါကတော့ ဝေဒနာ၊ ဒါကတော့ သညာ၊ ဒါကတော့ သင်္ခါရက္ခန္ဓာ၊ ဒါကတော့ ဝိဉာဏ်” အစရှိသဖြင့် ခန္ဓာဖြစ်စဉ်ကို ခွဲခြားပြရတာဟာ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရေတွေကို “ဒါကတော့ ဂင်္ဂါမြစ်ကရေ၊ ဒါကတော့ ဧရာဝတီမြစ်ကရေ” စသဖြင့် ခွဲခြားပြရတာ ခက်သလောက်ကို ခက်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ကျနော်တို့ဟာ ဘုရားသာဝက (ဘုရားရှေ့မှာ ကျွတ်ရမယ့်သူ) မဟုတ်ပါဘူး။ ကျနော်တို့နဲ့ လိုက်လျောညီထွေ အလွယ်ဆုံးလမ်းကို ဟောပေးမယ့် ဘုရားမရှိတော့ပါဘူး။ ကျနော်တို့ဟာ အရိယာ သာဝကတွေ (အရိယာများ၏ ဟောကြားမှုဖြင့် ကျွတ်ရမယ့်သူတွေ) ပါ။ အရိယာများ ဟောပြောမှုနဲ့ ကျွတ်တမ်းဝင်ကြရမယ့်သူတွေပါ။ အဲဒီအတွက် အရေးကြီးတဲ့ ခန္ဓာဖြစ်စဉ် ပဋိစ္စသမုပါဒ်ကိုလည်း အလေးထားပြီး နားလည်အောင် ကြိုးစားရမှာပါပဲ။

သင်္ခါရတရားကို နားလည်ခြင်း

ပဋိစ္စသမုပါဒ်ကတော့ ခန္ဓာဖြစ်စဉ်ရဲ့ အကြောင်းအကျိုးကို ဟောထားတာပါ။ ပဋိစ္စသမုပါဒ်ကို နားလည်ရင် ကြောင်းကျိုးသိမ်းဆည်းသိတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) ရနိုင်ပါတယ်။ ဒီနေရာမှာ “သင်္ခါရ” ဆိုတာ ပါလာပါပြီ။ သင်္ခါရမှာ အဓိပ္ပါယ် လေးမျိုးလောက်ရှိတဲ့အထဲက ကုသိုလ်၊ အကုသိုလ်ကံ (ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ) ကို ပြောတာ မဟုတ်ပါဘူး။ ကာယကံ၊ ဝစီကံ၊ မနောကံကို ပြောတာလည်း မဟုတ်ပါဘူး။ “အကြောင်းကြောင့် ဖြစ်သော အကျိုးတရား” (Conditioned effect) ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ခန္ဓာဖြစ်စဉ်ကို ပြောတဲ့အခါမှာ ဒီခန္ဓာငါးပါးဟာ သင်္ခါရတရား ဆိုတာကို ပထမဆုံး ပြောချင်ပါတယ်။ ခန္ဓာငါးပါးဆိုတာ ရုပ်နာမ်တရားပါ။ ဒီရုပ်နာမ်တရား ခန္ဓာငါးပါးသည် ပဋိသန္ဓေဝိဉာဏ် အကြောင်းကြောင့် ဖြစ်လာရတဲ့ အကျိုးတရား၊ တနည်းအားဖြင့် သင်္ခါရတရားပါ။ ရုပ်နာမ် ဖြစ်လာတဲ့အခါမှာ သဠာယတန ခေါ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာ ဖြစ်လာတာပါပဲ။ သူလည်း သင်္ခါရတရားပါ။ ဒါကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစိတ် ဆိုတာနဲ့ ထိတွေ့မှု (ဖဿ) ဖြစ်တဲ့အခါ သူလည်း သင်္ခါရတရားပါ။ ဖဿဖြစ်ပြီး ချုပ်သွားတဲ့အခါမှာ ခံစားမှု (ဝေဒနာ) ဖြစ်တော့တာပါပဲ၊ သူလည်း သင်္ခါရတရားပါ။

ခန္ဓာဖြစ်စဉ်မှာ နာမ်ခန္ဓာလေးပါး (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်) ဟာ တပြိုင်တည်းဖြစ်တဲ့ သတ္တိ (သဟာဇာတပစ္စည်း) ရှိပါတယ်။ နာမ်အစုလေးခုတို့သည် အချင်းချင်း အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်တယ်လို့ ပဋ္ဌာန်းမှာ ဆိုထားပါတယ်။ ဝေဒနာဟာ စေတသိတ်ဖြစ်ပြီး သူဖြစ်လာတာနဲ့ သညာရော ဝိဉာဏ်ပါ ဖြစ်ပါတယ်။

ဒိဋ္ဌိ ပေါ်ပေါက်ပုံနှင့် ကံကို သိမ်းပိုက်ခြင်း

ဝေဒနာဟာ သညာနဲ့ ယှဉ်ဖြစ်ပြီး ချုပ်သွားတဲ့အခါမှာတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဖြစ်တော့တာပါပဲ။ ဥပမာ- အသံလေး ကြားလိုက်တယ်၊ “ဘယ်သူ့အသံ” ဆိုတာဟာ ဝေဒနာ၊ သညာနဲ့ ဒိဋ္ဌိပါ။ “ငါ သူ့ကို ဘာပြောချင်တယ်” ဆိုတာကတော့ တဏှာ၊ ဒိဋ္ဌိပါ။

ဒီနေရာမှာ ဒိဋ္ဌိရဲ့ သဘာဝကို ကြည့်ကြည့်ပါ။ “ငါ” လို့၊ “သူ” လို့ ထင်လိုက်တဲ့ အထင်ရယ်၊ “ငါ ပြောနိုင်တယ်” ဆိုတဲ့ အထင်ရယ် ဖြစ်လိုက်ပါတယ်။ အဲဒီ အထင်နှစ်ခုစလုံးက အထင်မှားမှု “ဒိဋ္ဌိ” ပါပဲ။ တကယ်တော့ သူဟာ အကောင်အထည်မရှိတဲ့တရား၊ အမြင်မှား သက်သက်သာဖြစ်ပြီး ဝေဒနာနဲ့ သညာဆိုတဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ သင်္ခါရတရားပါ။ “ငါ” ဆိုတာလည်း မဟုတ်၊ “ငါ ပြောနိုင်တယ်” ဆိုတာလည်း မဟုတ်ပါဘူး။ သူသည်ပင်လျှင် အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရား သက်သက်သာဖြစ်ပြီး သူပျက်သွားပြီး ဒိဋ္ဌိအုပ်ချုပ်တဲ့ ဥပါဒါန်တရား (ဒိဋ္ဌုပါဒါန်) ကို ဖြစ်စေခဲ့တာပါ။

ရှင်းအောင်ပြန်ပြောရင် တဏှာ၊ မာန၊ ဒိဋ္ဌိသည် သင်္ခါရတရားပါ။ သူပျက်သွားတဲ့အခါမှာ သူ့အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားဖြစ်တဲ့ ဥပါဒါန်ဆိုတဲ့ “မရမနေ သဘော” ပေါ်တာပါပဲ။ ဥပါဒါန်သည်လည်း သင်္ခါရတရားပါပဲ။ ဥပါဒါန် ချုပ်သွားတဲ့အခါမှာတော့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာ ပေါ်လာတာပါပဲ။ ကာယကံ၊ ဝစီကံ၊ မနောကံဟာ “ငါ၊ သူ” ပြုလုပ်တာ မဟုတ်ဘဲ ဥပါဒါန်အကြောင်းကြောင့် ဖြစ်တဲ့ သင်္ခါရတရားပါ။

ဒိဋ္ဌိက လွှမ်းမိုးနေတဲ့ အခါမှာတော့ ကာယကံ၊ ဝစီကံ၊ မနောကံ ဖြစ်တာနဲ့ အစကတည်းကလည်း “ငါ ပြောချင်တာ၊ ငါ လုပ်ချင်တာ၊ ငါ ကြံချင်တာ” ဆိုတဲ့ ဒိဋ္ဌိ ဖြစ်လာတာမို့၊ ဒိဋ္ဌုပါဒါန် အကြောင်းကြောင့် ဖြစ်တာမို့ သင်္ခါရတရား သက်သက်သာဖြစ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကို “ငါ လုပ်လိုက်တာ၊ ငါ ပြောလိုက်တာ၊ ငါ ကြံလိုက်တာ” လို့ နှလုံးသွင်းမှား ဖြစ်ပါတယ်။ အဲဒါ ဒိဋ္ဌိကိလေသာရဲ့ သဘောဖြစ်ပြီး သတ္တဝါတွေကို အပါယ်ချတာ၊ ဒိဋ္ဌိကိလေသာကို ငရဲမျိုးစေ့လို့ ခေါ်ရတာ၊ ကံတွေကို “ငါ့ကံ” လို့ သိမ်းပိုက်လိုက်တာ… အဲဒီ နှလုံးသွင်းမှား (မောဟ) ပါပဲ။

အဲဒီတော့ အချိန်တိုင်း ဖြစ်နေတဲ့ ခန္ဓာဖြစ်စဉ်ကို ကြည့်ရင် ဝေဒနာကစပြီး မောဟနဲ့ ဇာတ်သိမ်းနေတာ မြင်ရပါလိမ့်မယ်။ မောဟနဲ့ ဇာတ်သိမ်းနေမှတော့ ဘယ်လွတ်နိုင်ပါတော့မလဲ။ တဏှာကိုလည်း အပြစ်မမြင်နိုင်ဘဲ တဏှာကို “ငါ လိုချင်တာ” ထင်၊ ဥပါဒါန်နဲ့ ကံကို “ငါ ကြိုးစားတာ” ထင်ပြီး၊ ထပ်ဖြစ်လာတဲ့ ဝေဒနာကို “ငါ ရလိုက်တာ” ဆိုတဲ့ အမြင်နဲ့ ဒိဋ္ဌိကိလေသာက ထူသထက် ထူလာတော့တာပါပဲ။

ထွက်လမ်း – သင်္ခါရမှ အနတ္တကို သိမ်းဆည်းခြင်း

ထွက်လမ်းကတော့ ဒါတွေအားလုံးကို သင်္ခါရတရားတွေမှန်း သိဖို့ပါပဲ။ ခန္ဓာဖြစ်စဉ်ကို သတိနဲ့ အဆက်မပြတ် စောင့်ကြည့်ပြီး သင်္ခါရတရားများရဲ့ အကြောင်းအကျိုး ဖြစ်ပျက်နေမှုကို သိမ်းဆည်းသိဖို့ပါပဲ။ အမြဲတမ်း ဝေဒနာကစနေတဲ့ အကြောင်းအကျိုး လည်ပတ်နေမှု၊ ဘယ်လိုမှ မပိုင်တဲ့ သင်္ခါရတရားမှ သင်္ခါရတရား၊ ဘာမှ ကြားမထိုးတဲ့ အမြဲပျက်နေတဲ့ “အနိစ္စတရား”။ ဒီလို အမြဲဖြစ်ပျက်နေတဲ့ သင်္ခါရတရားတိုင်းဟာ ဘာအဓိပ္ပါယ်မှမရှိ၊ ဘာမှ အသုံးချစရာမရှိ၊ စက်ဆုပ်စရာ အသုံးမကျတဲ့ “ဒုက္ခတရား”။ သင်္ခါရတရားများ ဆက်နေတာသာ ဖြစ်တဲ့အတွက် “ငါ၊ သူ” လို့ ခေါ်စရာမရှိ၊ “ငါ့သဘော” ဆိုတာလည်းမရှိ၊ “ငါ လုပ်နိုင်တယ်” ဆိုတာလည်းမရှိ၊ ဘယ်လောက်ပဲ ဒိဋ္ဌိတွေ ဖြစ်ဖြစ် “အနတ္တက အနတ္တပါလား” လို့ ဆုံးဖြတ်နိုင်ဖို့ပါပဲ။ ဒါဆိုရင် သင်္ခါရတရားတွေကို သိခြင်းအားဖြင့် အနတ္တကို သိမ်းဆည်းသွားနိုင်ပါပြီ။ ကြောင်းကျိုးသိမ်းဆည်း သိတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) လည်း ရပြီ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိတဲ့ဉာဏ်လည်း ရပြီလို့ ဆိုရမှာပါပဲ (သမသနဉာဏ်)။

အဆင့်မြင့် ရှုမှတ်ကွက်

ဒီကနေ ရှေ့ဆက်ရင်တော့ ဖြစ်ပျက်ကို ရှုရတော့မှာပါပဲ။ ဒီနေရာမှာ အာရုံခြောက်ပါးထဲက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ အာရုံတွေဟာ အကြောင်းတိုက်ဆိုင်ရင် မထင်မရှား ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အဓိက ဒုက္ခပေးတာက “မနော” ဆိုတဲ့ စိတ်ပါ။ ရှုဉာဏ်ဖြစ်တဲ့ မဂ္ဂင်ငါးပါးကလည်း စိတ်ပါပဲ။ သူက မနောမှာ အရှုခံစိတ်ဖြစ်ဖြစ်၊ အရှုဉာဏ်ဖြစ်ဖြစ် ပေါ်လိုက်တာနဲ့ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဝေဒနာနဲ့ သညာယှဉ်ဖြစ်တော့တာပါပဲ။ အဲဒီနောက်မှာ ရှုဉာဏ်မလိုက်မိတာနဲ့ အတွေးတွေ ဆက်ပြီး အတွေး (ဝိတက်) တွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် ဒီလို ဝိတက်ဖြစ်တဲ့အခါမှာ ပဋိစ္စသမုပါဒ်နဲ့ ပြန်ပြီး ကြောင်းကျိုး သိမ်းဆည်းပါ။ ဒါကို ပိုင်သထက် ပိုင်လာရင် အရှုခံနဲ့ ရှုဉာဏ်ပဲ တောက်လျှောက် ဖြစ်လာပါမယ်။

အဲဒီအချိန်ကျရင် ရှုဉာဏ် (ဝိပဿနာမဂ်) သည်လည်း အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား၊ သင်္ခါရတရားအဖြစ် ပြန်ရှုပါ။ ဝိပဿနာမဂ်က အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိ (အာသေဝနပစ္စည်း) အနေနဲ့ ကျေးဇူးပြုနေတာပါ။ အာသေဝနပစ္စည်းဆိုတာကတော့ “ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏” လို့ ဆိုထားပါတယ်။ မဂ်က အဲလိုသဘောမျိုး ဖြစ်နေတဲ့ သင်္ခါရတရားပါ။ ဒီလိုမျိုး “ရှုဉာဏ်သည်လည်း သင်္ခါရတရား” လို့ သိခြင်းအားဖြင့် အနတ္တကို ဉာဏ်ရှင်းသထက် ရှင်းလာပါလိမ့်မယ်။

သင်္ခါရတရားတွေ သူ့သဘောသူ ဆောင်နေတာမို့ သင်္ခါရတရားတွေကို (အရှုခံရော ရှုဉာဏ်ရော) တတန်းထဲ ထားလိုက်ပါ။ မပိုင်တဲ့ တရားတွေပေါ်မှာ တောင့်တခြင်း၊ ကြောင့်ကြခြင်းကို ပယ်လိုက်ပါ။ ဝိတက်တွေကနေ သက်သာရာ ရလာပါလိမ့်မယ်။

သစ္စာလေးပါးမှာ ဒုက္ခသစ္စာရော၊ သမုဒယသစ္စာရော၊ မဂ္ဂသစ္စာရောဟာ သင်္ခါရတရားတွေပါ။ နိရောဓသစ္စာကလည်း အသင်္ခတ ဝိသင်္ခါရတရား (မပြုပြင်အပ်သော တရား) ဖြစ်ပေမယ့် သူလည်း “အနတ္တ” ပါပဲ။ အဲဒီလို “သဗ္ဗေ ဓမ္မာ အနတ္တာ” (တရားအားလုံးသည် ကိုယ်မဟုတ်) လို့ ဉာဏ်ရှင်းသွားရင်တော့ အတ္တဒိဋ္ဌိကို စွန့်လွှတ်ပြီး တရားက ဆောင်သွားမှာပါလို့ပဲ ပြောပါရစေ။ စာလည်း အတော်ရှည်သွားပြီမို့ ဒီမှာတင် ရပ်လိုက်ပါရစေ။ မရှင်းတာရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *