တရားပြကြတဲ့အခါမှာ အများအားဖြင့် အနိစ္စကို အဓိကထားပြီး ရှုခိုင်းကြပါတယ်။ အနိစ္စကို တကယ်မြင်တာနဲ့ ဒုက္ခရော အနတ္တပါ မြင်တာမို့ပါ။ ဒါကို ကျနော်လဲ ထောက်ခံပါတယ်။ တရားအားထုတ်တဲ့အခါမှာ အပျက်ကို မြင်အောင်ကြည့်ပါလို့လဲ ဆရာတော်များ အကြိမ်ကြိမ် ဟောကြ ပြောကြပါတယ်။ ရုပ်နာမ်ကွဲတဲ့ ဉာဏ်နဲ့ ကြောင်းကျိုးသိမ်းဆည်းသိသော ဉာဏ်ရပြီဆိုရင် ဖြစ်ပျက်ကို စရှုရတော့တာပါပဲ။ ဖြစ်ပျက်လို့ ပြောပေမယ့် တကယ်တမ်းတော့ အပျက်ကိုမြင်ပြီး အနိစ္စလို့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဖြစ်အောင် အားထုတ်တာပါပဲ။ ကြိုးစားတာက သမ္မာဝါယမ၊ သမ္မာသတိနဲ့ သမ္မာသမာဓိကတော့ နောက်လိုက် မဂ္ဂင်တွေပေါ့။ ဒီအပျက်ကို မြင်တဲ့ လမ်းအတိုင်းသွားတာ အကောင်းဆုံးပါပဲ လိုရင်းအရောက်ဆုံးပါပဲ။

ဒါပေမယ့် ကျနော့်အတွက်ကျတော့ အနတ္တဟာ မြင်ရခဲတယ် ကြားရခဲတယ်။ နားလည်ရခက်တယ် ဆိုပြီး အနတ္တကို နားလည်အောင် အရင်ကြိုးစား မိပါတယ်။ ကျနော်စာ စရေးခဲ့တာလဲ အနတ္တအကြောင်းပါပဲ။ အနတ္တကိုမြင်ခြင်းအားဖြင့် ဒိဋ္ဌိကို အသိနဲ့ ပယ်သတ်နိုင်ပါတယ်။ ဒီလိုအနတ္တကို ပိုင်ပိုင်နိုင်နိုင် သိအောင် အရင်လုပ်ထားတော့ ဝီစိကိစ္ဆာနဲ့ပါတ်သက်ရင် တော်တော်လေး စိတ်ရှင်းပြီး အကျိုးရှိပါတယ်။ အဲဒီတော့ အနိစ္စကပဲ သွားမယ်ဆိုရင် ကြောင်းကျိုးသိမ်းဆည်းတဲ့ ဉာဏ်အတွက် ဒီစာကို ဆက်ဖတ်နိုင်ပါတယ်။ ဉာဏ်စဥ်နောက်ပိုင်းမှာ အနတ္တကို အဆုံးထိမြင်ပြီး သွားရမှာမို့ အနတ္တကို အမြင်ရှင်းအောင် လေ့လာထားချင်ရင်လဲ ဖတ်ပါလို့ ပြောချင်ပါတယ်။

ဒိဋ္ဌိဆိုတာ တရားပါ။ အတ္တဒိဋ္ဌိလို့လဲ ပြောပါတယ် သူဟာ အယူမှားခြင်း တိတိကျကျပြောရင် ငါသူလို့ အယူမှားခြင်း၊ ငါ့သဘောအတိုင်းဖြစ်တယ် ဆိုတဲ့ အယူမှားခြင်းပါ။ ဒီ ဒိဋ္ဌိဆိုတဲ့ တရားဟာ အသားထဲက လောက်ပါ။ ဒီခန္ဓာငါးပါးမှာပဲ ပေါ်တာမို့ သူပေါ်လာတဲ့ အချိန်မှာ လွှမ်းမိုးထားပြီး ငါသူဆိုတဲ့အထင် ငါ့သဘောအတိုင်း လုပ်လို့ရတာပဲ ဆိုတဲ့ အထင်ကြီးက ကိလေသာထူရင် ထူသလောက် အရမ်းကို သေချာပြနေပါတယ်။ ပြီးတော့ အထင်မှားဖေါ် မှာဖက်ကလဲ အရိယာများပယ်လိုက်ရင် တလောကလုံး ဒိဋ္ဌိဖက်ကလို့ ပြောရမှာပါပဲ။ ဒါကြောင့် ဘုရားသာ မပွင့်ခဲ့ရင် သာသနာနဲ့သာ မကြုံရရင်တော့ နာမ်ရုပ်ခွဲသိတဲ့ ဉာဏ်တောင် မရနိုင်ပါဘူး။ အဲဒါကြောင့် ရခဲလှတဲ့ လူ့ဘဝ ကြုံခဲလှတဲ့ သာသနာကို တန်ဖိုးထားကြပါလို့ ဖြတ်ပြောပါရစေ။

ဒိဋ္ဌိကို စပြီး အရင်းကနေ နှဲ့နိုင်တာ ရုပ်နာမ် ခွဲသိတဲ့ ဉာဏ်ပါ။ ငါပဲ သူပဲ ပုဂ္ဂိုလ် သတ္တဝါပဲလို့ ထင်နေရာကနေ အကောင်အထည်မြင်ရတဲ့၊ သိတတ်တဲ့ သဘောမရှိတဲ့ အရာဟာ ရုပ် ဆိုတာနဲ့ ခံစားမှု၊မှတ်သားမှု၊ သိမှု၊ စေ့ဆော်မှု (စေတနာ) ဆိုတာတွေက အကောင်အထည်မရှိ သိတတ်တဲ့ သဘောရှိတဲ့ နာမ် ဆိုပြီး သိလိုက်တာနဲ့ ရုပ်နဲ့ နာမ်သာရှိတယ် ငါသူဆိုတာ နာမည်တပ်ထားတဲ့ ပညတ်တွေပဲ လို့ နားလည်ပြီဆိုရင် ဒိဋ္ဌိ အကြမ်းစား သေပါပြီ။ ဒိဋ္ဌိရဝိပ္ပလ္လာသ ခေါ်တဲ့ ငါသူလို့ ယူထားတဲ့ အယူတော့ ကွာသွားပါပြီ။ ဒါပေမယ့် ဆင်ခြင်တုန်းသာ သိပြီး ပုံမှန်အချိန်မှာ ငါသူလို့ သိနေတုန်း ငါသူလုပ်တယ် လုပ်နိုင်တယ်လို့ သိနေတုန်းပါပဲ၊ ငါသူလို့ ထင်နေတုန်း ငါသူလုပ်တယ် လုပ်နိုင်တယ်လို့ ထင်နေတုန်းပါပဲ။

ဒိဋ္ဌိကိလေသာဟာ အင်မတန်လက်ပေါက်ကပ်ပါတယ်။ ပထမမဂ်ကလဲ သူ့ကိုဖြုတ်ရတာ ဖြစ်တာက တကြောင်း၊ တရားအားထုတ်တာကလဲ အစဖြစ်တာက တကြောင်း၊ တသံသရာလုံး ကြီးစိုးလာတဲ့ တရားဖြစ်တာက တကြောင်း၊ ကိုယ့်ပါတ်ဝန်းကျင် နေ့စဥ်ဆက်ဆံနေရတာလဲ ဒိဋ္ဌိအပြည့်နဲ့ ပုထုဇဥ်တွေ ဖြစ်နေတာက တကြောင်းကြောင့် ဒီနေရာမှာ အင်မတန် အခက်တွေ့ကြရပါတယ်။ ဒီတော့ အပင်ရင်းနဲ့သွားပေမယ့် ဒိဋ္ဌိအပင်ဟာ သီးတုန်း ပွင့်တုန်းပါ။ ဒါကို မျိုးတုန်းအောင် လုပ်ဖို့ အတွက် ခန္ဓာဖြစ်စဥ်ကို သိဖို့ အင်မတန် အရေးကြီးလာပါတယ်။ ခန္ဓာဖြစ်စဥ် ပဋိစ္စသမုပါဒ်ဟာ ဘယ်လောက်ခက်ခဲ သလဲဆိုရင် မြတ်စွာဘုရားက ဒါကတော့ ဝေဒနာ၊ ဒါကတော့ သညာ၊ ဒါကတော့ တဏှာ၊ ဒါကတော့ ဥပါဒါန် အစရှိသဖြင့် ခန္ဓာဖြစ်စဥ်ကို ခွဲခြားပြရတာဟာ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရေတွေ ကို ဒါကတော့ ဂင်္ဂါမြစ်ကရေ၊ ဒါကတော့ ဧရာဝတီကရေ စသဖြင့် ခွဲခြားပြရတာ ခက်သလောက်ကို ခက်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ကျနော်တို့ဟာ ဘုရားသာဝက မဟုတ်ပါဘူး။ ကျနော်တို့နဲ့ လိုက်လျောညီထွေ အလွယ်ဆုံးလမ်းကို ဟောပေးမယ့် ဘုရားမရှိတော့ပါဘူး။ ကျနော်တို့ဟာ အရိယာ သာဝကတွေပါ။ အရိယာများ ဟောပြောမှုနဲ့ ကျွတ်တမ်းဝင်ကြရမယ့် သူတွေပါ။ အဲဒီအတွက် အရေးကြီးတဲ့ ခန္ဓာဖြစ်စဥ် ပဋိစ္စသမုပါဒ် ကိုလဲ အလေးထားပြီး နားလည်အောင် ကြိုးစားရမှာပါပဲ။

ပဋိစ္စသမုပါဒ်ကတော့ ခန္ဓာဖြစ်စဥ် အကြောင်းအကျိုးကို ဟောထားတာပါ။ ပဋိစ္စသမုပါဒ်ကို နားလည်ရင် ကြောင်းကျိုးသိမ်းဆည်းသိသော ဉာဏ်ရနိုင်ပါတယ်။ ဒီနေရာမှာ သင်္ခါရဆိုတာ ပါလာပါပြီ။ သင်္ခါရမှာ အဓိပ္ပါယ်လေးမျိုးလောက်ရှိတဲ့ထဲက ပုညာဘိ အပုညာဘိ စတဲ့ ကုသိုလ် အကုသိုလ်ကို ပြောတာမဟုတ်ပါဘူး။ ကာယကံ ဝစီကံ မနောကံကို ပြောတာလဲ မဟုတ်ပါဘူး။ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ခန္ဓာဖြစ်စဥ်ကို ပြောတဲ့အခါမှာ ဒီခန္ဓာငါးပါးဟာ သင်္ခါရတရား ဆိုတာကို ပထမဆုံးပြောချင်ပါတယ်။ ခန္ဓာငါးပါးဆိုတာ ရုပ်နာမ်တရားပါ။ ဒီရုပ်နာမ်တရား ခန္ဓာငါးပါးသည် ပဋိသန္ဓေဝိဉာဏ် အကြောင်းကြောင့် ဖြစ်လာရတဲ့ အကျိုးတရား တနည်း သင်္ခါရတရားပါ။ ရုပ်နာမ် ဖြစ်လာတဲ့အခါမှာ သဠာယတန ခေါ်တဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဆိုတာ ဖြစ်လာတာပါပဲ။ သူလဲ သင်္ခါရတရားပါ။ ဒါကို အဆင်း အသံ အနံ အရသာ အထိအတွေ့ ကြံတွေးစိတ် ဆိုတာနဲ့ ထိတွေ့မှု ဖြစ်တဲ့အခါ ဖဿ လို့ခေါ်ပါတယ်။ သူလည်း သင်္ခါရတရားပါ။ ဖဿဖြစ်ပြီးချုပ်သွားတဲ့ အခါမှာ ဝေဒနာ ဖြစ်တော့တာပါပဲ သူလဲ သင်္ခါရတရားပါ။

ခန္ဓာဖြစ်စဥ်မှာ နာမ်ခန္ဓာလေးပါးဟာ တပြိုင်တည်းဖြစ် သတ္တိရှိပါတယ်။ သဟာဇာတပစ္စည်း လို့ခေါ်ပါတယ်။ နာမ်အစုလေးခုတို့သည် အချင်းချင်း အတူဖြစ်သတ္တိဖြင့် ကျေးဇူးပြုတတ်သည် လို့ ပဌာန်းမှာ ဆိုထားပါတယ်။ ဝေဒနာဟာ စေတသိတ် ဖြစ်ပြီး သူဖြစ်လာတာနဲ့ သညာ ရော ဝိဉာဏ်ပါ ဖြစ်ပါတယ်။

ဝေဒနာ ဟာ သညာနဲ့ ယှဥ်ဖြစ်ပြီး ချုပ်သွားတဲ့ အခါမှာတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဖြစ်တော့တာပါပဲ။ အသံလေးကြားလိုက်တယ် ဘယ်သူ့အသံ ဆိုတာဟာ ဝေဒနာ သညာ နဲ့ ဒိဋ္ဌိပါ။ ငါသူ့ကို ဘာပြောချင်တယ်ဆိုတာကတော့ တဏှာ ဒိဋ္ဌိပါ။

ဒီနေရာမှာ ဒိဋ္ဌိရဲ့ သဘာဝကို ကြည့်ကြည့်ပါ။ ငါလို့ သူလို့ ထင်လိုက်တဲ့ အထင်ရယ်၊ ငါပြောနိုင်တယ်ဆိုတဲ့ အထင်ရယ် ဖြစ်လိုက်ပါတယ်။ အဲဒီအထင်နှစ်ခုစလုံးက အထင်မှားမှု ဒိဋ္ဌိပါပဲ။ တကယ်တော့ အကောင်အထည်မရှိတဲ့တရား အမြင်မှားသက်သက်သာ ဖြစ်ပြီး သူဟာ ဝေဒနာ နဲ့ သညာ ဆိုတဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ သင်္ခါရတရားပါ။ ငါဆိုတာလဲမဟုတ်၊ ငါပြောနိုင်တယ်ဆိုတာလဲမဟုတ်ပါဘူး။ သူသည်ပင်လျှင် အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရား သက်သက်သာဖြစ်ပြီး သူပျက်သွားပြီး ဒိဋ္ဌုပါဒါန်ခေါ်တဲ့ ဒိဋ္ဌိအုပ်ချုပ်သော ဥပါဒါန်တရားကို ဖြစ်စေခဲ့တာပါ။

ရှင်းအောင်ပြန်ပြောရင် တဏှာမာနဒိဋ္ဌိသည် သင်္ခါရတရားပါ။ သူပျက်သွားတဲ့အခါမှာ သူ့အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားဖြစ်တဲ့ ဥပါဒါန်ဆိုတဲ့ မရမနေသဘော ပေါ်တာပါပဲ။ ဥပါဒါန်သည်လဲ သင်္ခါရတရားပါပဲ။ ဥပါဒါန် ချုပ်သွားတဲ့ အခါမှာတော့ ကာယကံ ဝစီကံ မနောကံ ဆိုတာ ပေါ်လာတာပါပဲ။ ကာယကံ ဝစီကံ မနောကံ ဟာ ငါသူပြုလုပ်တာ မဟုတ်ပဲ ဥပါဒါန်အကြောင်းကြောင့် ဖြစ်တဲ့ သင်္ခါရတရားပါ။ ဒိဋ္ဌိက လွှမ်းမိုးနေတဲ့ အခါမှာတော့ ကာယကံ ဝစီကံ မနောကံ ဖြစ်တာနဲ့ အစကတည်းကလည်း ငါပြောချင်တာ ငါလုပ်ချင်တာ ငါကြံချင်တာ ဆိုတဲ့ ဒိဋ္ဌိ ဖြစ်လာတာမို့ ဒိဋ္ဌုပါဒါန်အကြောင်းကြောင့် ဖြစ်တာမို့ သင်္ခါရတရားသက်သက်သာ ဖြစ်တဲ့ ကာယကံ ဝစီကံ မနောကံ ကို ငါလုပ်လိုက်တာ၊ ငါပြောလိုက်တာ၊ ငါကြံလိုက်တာ လို့ နှလုံးသွင်းမှား ဖြစ်ပါတယ်။ အဲဒါ ဒိဋ္ဌိကိလေသာရဲ့ သဘောဖြစ်ပြီး သတ္တဝါတွေကို အပါယ်ချတာ၊ ဒိဋ္ဌိကိလေသာကို ငရဲမျိုးစေ့လို့ခေါ်ရတာ ၊ ကံတွေကို သိမ်းပိုက်လိုက်တာ အဲဒီနှလုံးသွင်းမှားပါပဲ။ သူ့ကိုမောဟလို့ ခေါ်ပါတယ်။

အဲဒီတော့ အချိန်တိုင်း ဖြစ်နေတဲ့ ခန္ဓာဖြစ်စဥ်ကို ကြည့်ရင် ဝေဒနာက စပြီး မောဟနဲ့ ဇတ်သိမ်းနေတာ မြင်ရပါလိမ့်မယ်။ မောဟနဲ့ ဇာတ်သိမ်းနေမှတော့ ဘယ်လွတ်နိုင်ပါတော့မလဲ။ တဏှာကိုလဲ အပြစ်မမြင်နိုင်ပဲ တဏှာကို ငါလိုချင်တာထင် ဥပါဒါန်နဲ့ ကံကို ငါကြိုစားတာ ထင်ပြီး ထပ်ဖြစ်လာတဲ့ ဝေဒနာကို ငါရလိုက်တာဆိုတဲ့ အမြင်နဲ့ ဒိဋ္ဌိကိလေသာက ထူသထက် ထူလာတော့တာပါပဲ။

ထွက်လမ်းကတော့ ဒါတွေ အားလုံးကို သင်္ခါရတရားတွေမှန်းသိဖို့ပါပဲ။ ခန္ဓာဖြစ်စဥ်ကို သတိနဲ့ အဆက်မပြတ် စောင့်ကြည့်ပြီး သင်္ခါရတရားများရဲ့ အကြောင်းအကျိုး ဖြစ်ပျက်နေမှုကို သိမ်းဆည်း သိဖို့ပါပဲ။ အမြဲတမ်း ဝေဒနာက စနေတဲ့ အကြောင်းအကျိုး လည်ပါတ်နေမှု ဘယ်လိုမှ မပိုင်တဲ့ သင်္ခါရတရားမှ သင်္ခါရတရား ဘာမှ ကြားမထိုးတဲ့ အမြဲပျက်နေတဲ့ အနိစ္စတရား။ ဒီလိုအမြဲဖြစ်နေတဲ့ သင်္ခါရတရားတိုင်းဟာ ဘာအဓိပ္ပါယ်မှမရှိ ဘာမှ အသုံးချစရာမရှိ စက်ဆုပ်စရာ အသုံးမကျတဲ့ ဒုက္ခတရား။ သင်္ခရတရားများဆက်နေတာသာ ဖြစ်တဲ့အတွက် ငါသူလို့ ခေါ်စရာမရှိ၊ ငါသဘောဆိုတာလဲမရှိ၊ ငါလုပ်နိုင်တယ်ဆိုတာလဲမရှိ ဘယ်လောက်ပဲ ဒိဋ္ဌိတွေ ဖြစ်ဖြစ် အနတ္တက အနတ္တပါလားလို့ ဆုံးဖြတ်နိုင်ဖို့ပါပဲ။ ဒါဆိုရင် သင်္ခါရတရားတွေကို သိခြင်းအားဖြင့် အနတ္တကို သိမ်းဆည်းသွားနိုင်ပါပြီ။ ကြောင်းကျိုးသိမ်းဆည်း သိသောဉာဏ်လဲ ရပြီ။ အနိစ္စ ဒုက္ခ အနတ္တကို သိတဲ့ ဉာဏ်လဲ ရပြီလို့ ဆိုရမှာပါပဲ။ သမ္မသန ဉာဏ်ခေါ်ပါတယ်။

ဒီကနေရှေ့ဆက်ရင်တော့ ဖြစ်ပျက်ကို ရှုရတော့မှာပါပဲ။ ဒီနေရာမှာ အာရုံခြောက်ပါးထဲက မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဆိုတဲ့ အာရုံတွေဟာ အကြောင်းတိုက်ဆိုင်ရင် မထင်မရှား ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အဓိက ဒုက္ခပေးတာက မနော ဆိုတဲ့ စိတ်ပါ။ ရှုဉာဏ်ဖြစ်တဲ့ မဂ္ဂင်ငါးပါး ကလဲ စိတ်ပါပဲ။ သူက မနောမှာ အရှုခံစိတ် ဖြစ်ဖြစ် အရှုဉာဏ်ဖြစ်ဖြစ် ပေါ်လိုက်တာနဲ့ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဝေဒနာနဲ့ သညာယှဥ်ဖြစ်တော့တာပါပဲ။ အဲဒီနောက်မှာ ရှုဉာဏ်မလိုက်မိတာနဲ့ အတွေးတွေ ဆက်ပြီး ဝိတက် တွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် ဒီလို ဝိတက် ဖြစ်တဲ့အခါမှာ ပဋိစ္စသမုပါဒ်နဲ့ ပြန်ပြီး ကြောင်းကျိုး သိမ်းဆည်းပါ။ ဒါကို ပိုင်သထက် ပိုင်လာရင် အရှုခံနဲ့ ရှုဉာဏ်ပဲ တောက်လျှောက် ဖြစ်လာပါမယ်။ အဲဒီအချိန်ကျရင် ရှုဉာဏ်သည်လည်းအကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား သင်္ခါရတရားအဖြစ် ပြန်ရှုပါ။ ဝိပဿနာမဂ်က အာသေဝန ပစ္စည်းအနေနဲ့ အကျိုးပေးနေတာပါ။ အာသေဝနပစ္စည်းဆိုတာကတော့ ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည် နောက်နောက်၌ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏ လို့ဆိုထားပါတယ်။ မဂ်က အဲလိုသဘောမျိုးဖြစ်နေတဲ့ သင်္ခါရတရားပါ။ ဒီလိုမျိုး သင်္ခါရတရားတွေလို့ သိခြင်းအားဖြင့် အနတ္တကို ဉာဏ်ရှင်းသထက် ရှင်းလာပါလိမ့်မယ်။ သင်္ခါရတရားတွေ သူ့သဘောသူဆောင်နေတာမို့ သင်္ခါရတရားတွေကို တတန်းထဲ ထားလိုက်ပါ။ မပိုင်တဲ့ တရားတွေပေါ်မှာ တောင့်တခြင်း ကြောင့်ကျခြင်းကို ပယ်လိုက်ပါ။ ဝိတက်တွေကနေ သက်သာရာ ရလာပါလိမ့်မယ်။
သစ္စာလေးပါးမှာ ဒုက္ခသစ္စာရော၊ သမုဒယသစ္စာရော၊ မဂ္ဂသစ္စာရောဟာ သင်္ခါရတရားတွေပါ။ နိရောဓသစ္စာကလဲ အသင်္ခတ ဝိသင်္ခါရ တရားဖြစ်ပေမယ့် သူလဲ အနတ္တပါပဲ။ အဲဒီလို သဗ္ဗေ ဓမ္မာ အနတ္တာ ထိဉာဏ်ရှင်းသွားရင်တော့ အတ္တဒိဋ္ဌိကို စွန့်လွှတ်ပြီး တရားက ဆောင်သွားမှာပါလို့ပဲ ပြောပါရစေ။


Leave a Reply

Your email address will not be published. Required fields are marked *