သင်္ခါရတရား ဆိုတဲ့ စကားကတော့ လက္ခဏာရေး သုံးပါးကို ဆင်ခြင်တဲ့ အခါမှာ အရေးအကြီးဆုံး သိဖို့ လိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ သင်္ခါရတရား ဆိုတာဟာ အကြောင်းကြောင့် ဖြစ်သော အကျိုးအားလုံးကို သင်္ခါရ တရားလို့ ခေါ်ပါတယ်။ အကြောင်းသည်လည်း တရား ဖြစ်သလို အကျိုးသည်လည်း တရားပါပဲ။ အဲဒါကြောင့် အကြောင်းကြောင့် အကျိုး ဖြစ်သမျှကို သင်္ခါရ တရားလို့ ခေါ်ပါတယ်။

လောက ဆိုတာကို ပြောတဲ့အခါမှာ သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက လို့ ပြောထားတာ ကြားဖူး ပါလိမ့်မယ်။ သတ္တလောက ဆိုတာကတော့ ကံကြောင့် ဖြစ်တဲ့ ရုပ်နာမ်တွေ၊ ကံတွေ ထပ်ဖြစ်စေနိုင်တဲ့ ရုပ်နာမ်တရားတွေကို ပေါ်လွင်စေချင်လို့၊ ဩကာသ လောက ဆိုတဲ့ ရေမြေတောတောင် တွေနဲ့ ကွဲလွဲချက်ကို မြင်စေချင်လို့ သတ္တလောကဆိုတဲ့ အမည်ကို သုံးတာပါ။ တကယ်တော့ သတ္တဝါဆိုတာ မရှိပါဘူး။ ကံစီမံ တဲ့ ရုပ် နဲ့ အာရုံ ဒွါရတိုက်ပြီးဖြစ်တဲ့ နာမ် တွေသာ ဖြစ်ပါတယ်။ ဩကာသ လောက ဆိုတာကတော့ သက်မဲ့တွေ အားလုံးကို ရည်ညွှန်းတာပါ။ ဩကာသလောကကို ပြုပြင် စီရင်တဲ့ အရာကတော့ ဥတုပဲ ဖြစ်ပါတယ်။ အဲဒီတော့ သတ္တလောက ရဲ့ အကြောင်းက ကံ စိတ် ဥတု အဟာရ နဲ့ အာရုံ ဒွါရ တိုက်မှုကြောင့် ဖြစ်တာမို့ သတ္တဝါ ဆိုတဲ့ ရုပ်နာမ်တွေကို သင်္ခါရ တရား လို့ ခေါ်နိုင်ပါတယ်။ အဲလိုပါပဲ ဥတုရဲ့ ပြုပြင်မှုကြောင့် ဖြစ်တဲ့ ဩကာသ လောကသည်လည်း အကြောင်းကြောင့် ဖြစ်သော အကျိုးတရားမို့ သင်္ခါရတရားများသာ ဖြစ်ပါတယ်။ အဲဒီတော့ သတ္တလောက နဲ့ ဩကာသလောက ဆိုတာကို စုပေါင်းပြီး အကြောင်းကြောင့် အကျိုးဖြစ်သော တရားများ ဆိုတဲ့ အဓိပ္ပါယ်နဲ့ သင်္ခါရလောက လို့ ခြုံပြီး ပြောလိုက်တာပါ။

အဲဒီတော့ နိဗ္ဗာန်မှလွဲ၍ အရာအားလုံးဟာ သင်္ခါရတရားများသာ ဖြစ်ပါတယ်။ သင်္ခါရဆိုတဲ့ စကားလုံးကို သုံးတဲ့ တခြား နေရာတွေကတော့ ပဋိစ္စသမုပါဒ်မှာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ လို့ ပြောထားတာ ရှိပါတယ်။ အဝိဇ္ဇာ ဆိုတာကတော့ သစ္စာလေးပါးကို မသိခြင်းပါ။ သစ္စာလေးပါးမှာ အဓိကဖြစ်တဲ့ နိရောဓ သစ္စာ နဲ့ မဂ္ဂသစ္စာ ကို သိမြင်ခြင်း ဆိုတာဟာ ပထမ မဂ်ကျပြီးမှပဲ စပြီး ဖြစ်တာပါ။ လေးမဂ် လေးဖိုလ် ရောက်မှ သာလျှင် ကျန်တဲ့ မဂ္ဂသစ္စာ သုံးပါး သိပြီး၊ အဝိဇ္ဇာက ကုန်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီရောမှာ ပြောချင်တာက ရဟန္တာ မဖြစ်သ၍ ကုသိုလ်၊ အကုသိုလ်၊ ဈာန် ဆိုတဲ့ (ပုညာဘိ သင်္ခါရ၊ အပုညာဘိ သင်္ခါရ၊ အာနဉ္ဇာဘိ သင်္ခါရ တို့ ဖြစ်ပြီး နောက်ထပ် ဘဝ ထပ်ရစေမှာ ဖြစ်ပါတယ်။ ဒီနေရာ မှာလဲ ကုသိုလ်၊ အကုသိုလ်၊ ဈာန် ဆိုတာတွေက အဝိဇ္ဇာကြောင့် ဖြစ်တာမို့ အကြောင်းတရားကြောင့် ဖြစ်တဲ့ အကျိုးတရား သင်္ခါရတရား ဆိုတဲ့ အထဲမှာပဲ သွားပါတယ်။

နောက်ထပ် သုံးတဲ့နေရာကတော့ သင်္ခါရက္ခန္ဓာ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့ကတော့ ကာယကံ၊ ဝစီကံ၊ မနောကံ ဖြစ်စေတဲ့ စေတနာ ဆိုတဲ့ စေ့ဆော်မှု သဘောအစုပဲ ဖြစ်ပါတယ်။ ဒီ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာကလဲ ဥပါဒါန်ကြောင့် ဖြစ်တာမို့ ဒါဟာလဲ သင်္ခါရတရားပါပဲ.

အဲဒီတော့ လောကမှာ ရှိရှိသမျှသော တရားတို့ဟာ သင်္ခါရ တရားများ ဖြစ်ကြပါတယ်။ အကုန်လုံးဟာ သင်္ခါရ တရားဆိုတဲ့ အထဲက မလွတ်တဲ့အတွက် ရှုဉာဏ်ရဲ့ အနတ္တ အဖြစ်ကို မြင်တဲ့အခါမှာ အားလုံးဟာ သင်္ခါရ တရားတွေ ချည်းသာ ဆိုတာကို သိပြီး သင်္ခါရတရားတွေကို တူတူပဲ မို့ ဥပေက္ခာသဘောမျိုး ထားပြီး ရှုမှတ်မှု အလိုအလျှောက် ဖြစ်နေတာကို သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်တာပါပဲ။ သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီဆိုရင်တော့ ကျန်တာက ဓမ္မတာဝန်ပါပဲ။

သဗ္ဗေ သင်္ခါရာ အနိစ္စာ နဲ့ သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဆိုတာကတော့ အခုပြောခဲ့တဲ့ သင်္ခါရ တရား တစ်ခုခြင်းစီဟာ အမြဲ ပျက်နေတဲ့အတွက် မမြဲတဲ့အတွက် အနိစ္စလို့ ပြောခြင်း ဖြစ်ပြီး။ အဆိုပါ သင်္ခါရတရား တစ်ခုစီသည် စက်ဆုပ်စရာ အသုံးမကျတာ ဆိုတဲ့ ဒုက္ခ ဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ သဗ္ဗေ ဓမ္မာ အနတ္တာ ဆိုတာကတော့ သင်္ခါရတရားရော ဝိသင်္ခါရ တရားဖြစ်တဲ့ နိဗ္ဗာန်ရောဟာ အတ္တမဟုတ် သတ္တဝါ မဟုတ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို သင်္ခါရတရားအကြောင်း နားလည်ပြီလို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *