မိတ်ဆွေ… ဝိပဿနာ အားထုတ်ကြတဲ့အခါ တချို့က “ဖြစ်ပျက်” ရှုတဲ့နေရာမှာ သောင်တင်နေတတ်ကြတယ်။ ဘာလို့ ရှုနေမှန်းမသိ၊ ဖြစ်ပျက်မြင်ရုံကနေ ရှေ့မတက်နိုင် ဖြစ်တတ်ကြတယ်။ တချို့ကျပြန်တော့လည်း ပါးစပ်က “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ ရွတ်နေပေမယ့် ဘာဆက်လုပ်ရမှန်း မသိဘဲ လမ်းပျောက်နေတတ်ကြပါတယ်။ ဒါကြောင့် ဒီညနေခင်းမှာ ဝိပဿနာရဲ့ သဘောတရားကို လိုတိုရှင်း ဆွေးနွေးချင်ပါတယ်။

ဝိပဿနာဆိုတာ “အထူးရှုမြင်ခြင်း” ပါ။ ဘာကို ရှုရမှာလဲဆိုတော့ ကိုယ့်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ “ရုပ်နဲ့ နာမ်” ကို ရှုရမှာပါ။

၁။ ရုပ်၊ နာမ် ကွဲပြီလား အရင်စစ်ပါ

ဝိပဿနာရဲ့ အရေးအကြီးဆုံး အခြေခံက ရုပ်နဲ့ နာမ်ကို ကွဲကွဲပြားပြား သိဖို့ပါပဲ။ ဒီနေရာမှာ စာအုပ်ထဲက စာသားတွေကို အလွတ်ကျက်ပြီး စိတ်ကူးယဉ်မနေပါနဲ့။ ရုပ်ဆိုတာ မြင်ရတဲ့၊ ထိပါးလို့ရတဲ့ သဘောတရားတွေ ရှိနေပါတယ်။ အဓိက ရည်ရွယ်ချက်က အဲဒီ ရုပ်နာမ်တွေအပေါ်မှာ “ယောကျ်ား၊ မိန်းမ၊ ငါ၊ သူတစ်ပါး” ဆိုတဲ့ ပညတ်အမြင်ကို ဖျောက်ပြီး၊ သက်သက်သော ရုပ်နာမ်တွေ အပြန်အလှန် ဖြစ်ပျက်နေမှုသက်သက် (အညမည) လို့ မြင်ဖို့ပါပဲ။ အဲဒီလို မြင်ရင် “ငါ” လို့ ထင်ထားတာကြီး ပျောက်သွားပြီး၊ “ရုပ်နာမ်ကွဲသိတဲ့ဉာဏ်” (နာမရူပပရိစ္ဆေဒဉာဏ်) ကို ရပါပြီ။

၂။ “ငါ” သေသွားတဲ့နေရာ (ဒိဋ္ဌိဝိသုဒ္ဓိ)

ဒီဉာဏ်ဟာ ဝိပဿနာလမ်းရဲ့ အစလည်းဖြစ်၊ အဆုံးလည်း ဖြစ်ပါတယ်။ “ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လိပ်ပြာ၊ အသက်” ဆိုတဲ့ အမြင်မှားကြီး (အတ္တဒိဋ္ဌိ) အကြွင်းမဲ့ ပျောက်ကွယ်သွားဖို့ပါပဲ။ အရာအားလုံးဟာ ဘယ်သူကမှ ပြုပြင်ဖန်တီးနေတာ မဟုတ်ဘဲ၊ သူ့အကြောင်းနဲ့သူ ဖြစ်ပေါ်လာတဲ့ “အကျိုးတရားများ” သာ ဖြစ်တယ်လို့ ထိုးထွင်းသိမြင်တဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်) ကို တက်လှမ်းရပါမယ်။

၃။ အနိစ္စ နှင့် အနတ္တကို ဉာဏ်ဖြင့် ရှင်းလင်းခြင်း

“အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတာ ပါးစပ်က သိရုံနဲ့ မရပါဘူး။ ဉာဏ်ထဲမှာ အထူးထင်ဟပ်လာဖို့ လိုပါတယ်။ သောတာပန်ဖြစ်မယ့် သူတွေမှာ “အနိစ္စ (မမြဲခြင်း)” ကနေ စမြင်တဲ့သူနဲ့ “အနတ္တ (အစိုးမရခြင်း)” ကနေ စမြင်တဲ့သူ ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒါပေမဲ့ ဘယ်ကနေပဲ စစ၊ အပြည့်အစုံ နားလည်ဖို့ လိုတာက-

သဗ္ဗေ သင်္ခါရာ အနိစ္စာ / ဒုက္ခာ: အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုးတရား (သင်္ခါရ) မှန်သမျှဟာ မမြဲဘူး၊ ဆင်းရဲတယ်။ (နိစ္စသညာကို ပယ်ခြင်း)

သဗ္ဗေ ဓမ္မာ အနတ္တာ: သင်္ခါရတရား (ရုပ်နာမ်) တွေရော၊ ဝိသင်္ခါရတရား (နိဗ္ဗာန်) ပါ တရားအားလုံးဟာ “ငါ” မဟုတ်၊ “သူ” မဟုတ် (အတ္တ မဟုတ်) ဆိုတာကို အပြတ်အသတ် သိရပါမယ်။

၄။ စိတ်ကိုရှုသူများအတွက် အထူးသတိပြုစရာ (စိတ္တာနုပဿနာ)
ကိုယ်အားထုတ်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ စသဖြင့် ကွဲပြားပါတယ်။ ကျနော်ကတော့ “စိတ္တာနုပဿနာ (စိတ်ကို ရှုခြင်း)” ကိုပဲ အဓိက ပြောပါမယ်။
စိတ်ကို သတိထားပြီး ဖြစ်ပျက်နေတာကို စောင့်ကြည့်တဲ့အခါ၊ ပျက်ပြီး အစားထိုးနေတာကို မြင်လာပါမယ်။ ဒီနေရာမှာ အန္တရာယ်အကြီးဆုံး ထောင်ချောက်က “ရှုနေတဲ့ဉာဏ် (သိနေတဲ့စိတ်) မှာ ‘ငါ’ သွားကပ်တာ” ပါပဲ။

အနိစ္စကို ရှုသူဆိုရင် – အဲဒီ ရှုနေ၊ သိနေတဲ့ ဉာဏ်လေးကိုယ်တိုင်ကလည်း “အနိစ္စ” ပဲ လို့ ဆက်မြင်အောင် ရှုပါ။

အနတ္တကို ရှုသူဆိုရင် – သိခြင်း၊ ဆုံးဖြတ်ခြင်း၊ ရှုမှတ်ခြင်း ဆိုတဲ့ စိတ်တွေကလည်း အကြောင်းတရားကြောင့် ဖြစ်လာတဲ့ “သင်္ခါရတရား” သက်သက်တွေပဲ လို့ ဆက်မြင်အောင် ရှုပါ။
ဖြစ်ပျက်ကို ဘယ်လောက်ထိ ရှုရမလဲဆိုရင် “ငါ သိတယ်၊ ငါ ရှုတယ်” ဆိုတဲ့ အမြင် လုံးဝပြုတ်ကျသွားတဲ့အထိ ရှုရမှာပါ။

၅။ လွတ်မြောက်အောင် လုပ်သူဆိုတာ မရှိပါ
ဒီလိုနဲ့ ရင်ထဲအသည်းထဲကနေ ဟုတ်တိုင်းမှန်စွာ သိလာတဲ့အခါ သင်္ခါရတရားတွေအပေါ် လျစ်လျူရှုနိုင်တဲ့ဉာဏ် (သင်္ခါရုပေက္ခာဉာဏ်) ကို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဆရာတောင် မလိုတော့ပါဘူး။

အနှစ်ချုပ်ရရင်… သာသနာနဲ့ ကြုံလို့ တရားအားထုတ်ခွင့် ရတာဟာ အာရမ္မဏပစ္စည်းပါ။ အဲဒီကနေ သမ္မာဒိဋ္ဌိ စတဲ့ မဂ္ဂင်ငါးပါး ဖြစ်လာတာဟာ မဂ္ဂပစ္စယောပါ။ ဒီမဂ္ဂင်တွေ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါ (အာသေဝနပစ္စည်း)၊ အမှန်ကို မြင်ပြီး လွတ်မြောက်သွားတာပါပဲ။
သေသေချာချာ မှတ်ထားပါ။ “လွတ်မြောက်အောင် လုပ်နေတဲ့သူ” လည်း မရှိသလို၊ “လွတ်မြောက်သွားတဲ့ သတ္တဝါ” ဆိုတာလည်း မရှိပါဘူး။ အကြောင်းအကျိုးတွေရဲ့ သဘာဝအတိုင်း ငြိမ်းအေးသွားခြင်း သက်သက်သာ ဖြစ်ပါတယ်။

ယခု စနေနေ့ ညနေခင်းမှစ၍ ဖြစ်ပျက်ရှုရင်း လမ်းပျောက်မနေတော့ဘဲ၊ ရှုဉာဏ်ပေါ်က “ငါ” ကိုပါ ဖြုတ်ချနိုင်ကြပါစေ။

အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။

ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *