(ဝိပဿနာ မဂ္ဂင်ရှစ်ပါးလမ်းကြောင်း) ဒါကတော့ ပဋိစ္စသမုပါဒ်ရဲ့ မူရင်းဖြစ်ပါတယ်။ ဒီနေရာမှာ နာမရူပ လို့ခေါ်တဲ့ ရုပ်နာမ် ရှိတဲ့အတွက်ကြောင့် သဠာယတန လို့ခေါ်တဲ့ အာရုံခံ အင်္ဂါခြောက်ပါး ဖြစ်ပြီး အဲဒါကြောင့်မို့လို့ ဖဿ ဖြစ်တယ်။ ဒါကြောင့် ပဲ ဝေဒနာ နဲ့ တဏှာ၊မာန၊ ဒိဋ္ဌိမှာ (မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ အထိအတွေ့သိစိတ်၊ ကြံတွေးစိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ အမောဟ စိတ် ဆိုတာတွေကလဲ ဝေဒနာ တဏှာ ကြားထဲမှာ တပေါင်းတည်း ဖြစ်လာရတယ်လို့ ပြောထားတာပါ။) အဲဒီပေါ်ကနေပြီး ဥပါဒါန် ဖြစ်ပြီးမှ ဘဝတွေကို ဖြစ်စေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ (သင်္ခါရက္ခန္ဓာ) ဖြစ်တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ထွက်ပေါက်အနေနဲ့က ဝေဒနာ နဲ့ တဏှာ ရဲ့ကြားမှာ ဖြစ်တဲ့ (မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ အထိအတွေ့သိစိတ်၊ ကြံတွေးစိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အမောဟ စိတ်) တွေရဲ့ ဖြစ်မှုပျက်မှုကို ရှုပြီး အနိစ္စ လက္ခဏာကို မြင်နိုင်တယ်။ တကယ်တမ်းမှာ စိတ်တွေ တခုပြီးတခုဖြစ်ပျက်နေတာသာရှိတယ် ငါဆိုတဲ့ မရှိဘူးဆိုတဲ့ အနတ္တ လက္ခဏာကို မြင်နိုင်တယ်။ ပဋိစ္စသမုပါဒ် တခုလုံးမှာလဲ အကြောင်းအကျိုးတွေသာ ရှိပြီး အဲဒီမှာ ငါဆိုတာ မရှိဘူးဆိုတာကို မြင်နိုင်တယ် ဆိုပြီး ဝေဒနာ နဲ့ တဏှာ ကြားက အင်္ဂါငါးပါး နဲ့ ပြည့်စုံသော (သမ္မာဝါယာမ၊ သမ္မာသမာဓိ၊ သမ္မာသတိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ) တို့နဲ့ နိစ္စသညာ၊ အတ္တသညာ တွေကို ဖျောက်ခြင်းအားဖြင့် အတ္တဒိဋ္ဌိ ဆိုတဲ့ ကိလေသာ ကို ထပ်မဖြစ်တော့အောင်လုပ် အဲလို လုပ်တဲ့အခါမှာ အတ္တဒိဋ္ဌိကြောင့်ဖြစ်တဲ့ အတ္တဝါဒုပါဒါန်ရဲ့ ကျက်စားရာ ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ (အတ္တနဲ့ ကြံစည်အပ်သော ခန္ဓာငါးပါး) ကို အနတ္တ သို့မဟုတ် အနိစ္စ လို့ ရှုမယ်လို့ ဝိပဿနာ အားထုတ်တဲ့နေရာမှာ ပြောထားတာပါ။(ဦးမောင်မောင် အာရုံ ဥပါဒါနက္ခန္ဓာ လမ်းကြောင်း)ဒီအကြောင်းကတော့ ဦးမောင်မောင်တို့ ရဲ့ အာရုံ ဥပါဒါနက္ခန္ဓာ ဆိုတဲ့ အသုံးဖြစ်ပေါ်လာရတဲ့ အကြောင်း ဖြစ်ပါတယ်။ ဦးမောင်မောင်တို့က ကျတော့ သဠာယတန မှာ လာရောက် ထိပါးတဲ့ အာရုံ ဆိုတာကို ဘာလဲ ဆိုတာ အမှန်မမြင်လို့ ဥပါဒါန် ဖြစ်ရတယ်လို့ ယူဆပါတယ်။ အဲဒီတော့ အဲဒီ အာရုံတွေ ဖြစ်တဲ့ အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ (ပညတ်) တွေကို အမှန်မြင်မှုဖြစ်တဲ့ ပုဂ္ဂိုလ် သတ္တဝါမဟုတ်၊ အာရုံတွေသည် ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်သုဉ်းသည် သုညတ လို့ မြင်လိုက်တဲ့အခါမှာ သူ့ကြောင့်မို့ ဝေဒနာနောက်မှာ အတ္တဒိဋ္ဌိ အပါအဝင် ကိလေသာ တွေ မဖြစ်တော့ပဲ အဲဒီကနေမှ ဥပါဒါန်ပါ မဖြစ်တော့ပဲ ဖြစ်သမျှ ကံတွေဟာ ဥပါနက္ခန္ဓာပေါ်မှာ ကျက်စားတဲ့ ကံတွေမဟုတ်တော့ဘူး ဒါကြောင့် အာရုံ ဥပါဒါနက္ခန္ဓာကို သုည လို့ မြင်ရင် အလိုလို ငြိမ်းတယ် အေးတယ်၊ ကမ္မဘဝ မဖြစ်တော့တဲ့အတွက် နိဗ္ဗာန်ရောက်တယ် (နိရောဓ သစ္စာ) ကို မျက်မှောက်ပြုတယ် ဆိုတဲ့ အယူ ယူကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဦးမောင်မောင်တို့က အာရုံ ဥပါဒါက္ခန္ဓာ ဆိုတဲ့ စကားလုံးကို အလွန်သုံးပြီး အဲဒါကိုပဲ နားလည်အောင် လုပ်ခိုင်းတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဆင်း ဆိုရင် တကယ်တော့ သူတွေ ငါတွေ အရာဝတ္ထုတွေ မဟုတ်ဘူး အရောင်တွေ သက်သက်သာ ဖြစ်တယ်၊ အသံ ဆိုလဲ သတ္တဝါမဟုတ်ဘူး သတ္တဝါ သုည ဖြစ်တယ် ရုပ်သက်သက်သာ ဖြစ်တယ်၊ အနံ ဆိုလဲ သတ္တဝါလဲ မဟုတ်ဘူး ကောင်းတယ် ဆိုးတယ်လဲမဟုတ်ဘူး ရုပ်ပဲဖြစ်တယ် သတ္တဝါဆိတ်သုဉ်းတယ် သုည ဖြစ်တယ်၊ အရသာ ဆိုလဲ တကယ်တော့ ရုပ်ပဲ ဖြစ်တယ် အရသာမှာ သတ္တဝါမပါ သတ္တဝါဆိတ်သုဉ်းတယ် သုည ဖြစ်တယ်၊ အထိအတွေ့ ဆိုလဲ အထိအတွေ့ ရုပ်ရုပ်ချင်းထိတွေ့မှုသာ ဖြစ်တယ် သတ္တဝါဆိတ်သုဉ်းတယ် သုည ဖြစ်တယ်။ ကြံတွေးနေတာတွေကလဲ အပြင်မှာ ရှိတဲ့ သူ အရာဝတ္ထု တွေကို ကြံတွေးနိုင်တာမဟုတ်ဘူး မနောဒွါရမှာ လာတိုက်တာကိုပဲ ကြံတွေးမိတာ အဲဒါတွေက အရိပ်သာ ဖြစ်တယ်။ သတ္တဝါဆိတ်သုဉ်းတယ် သုည ဖြစ်တယ်။ ဆိုပြီး ဒီလို နားလည်ထားလိုက်ရင် လောဘ၊ ဒေါသ၊ မောဟ နဲ့ သိမ်းပိုက်စရာ မရှိတော့တဲ့အတွက် ကိလေသာ မဖြစ် ကိလေသာ အစဉ်သုည ဖြစ်တယ်၊ ဒါကြောင့် ဥပါဒါန် မဖြစ် ဥပါဒါန် သုည ဖြစ်တယ် ဒါကြောင့် ဥပါဒါနက္ခန္ဓာတွေ ပျောက်သွားတယ်။ ဥပါဒါနက္ခန္ဓာတွေ ပျောက်သွားရင် ရဟန္တာလို့ ဖြစ်သွားတယ် ရှုမှတ်စရာ မလိုတော့ဘူး လမ်းဆုံးတယ်လို့ သတ်မှတ်ကြတာပါ။ ဒီနှစ်ခုကို နှိုင်းယှဉ် ပြီး နားလည်အောင် ရှင်းပြတာပါ။



Leave a Reply