မိတ်ဆွေ… ယခင်ဆောင်းပါးမှာ ပုထုဇဉ်မှန်သမျှ မလွဲမသွေ ကြုံတွေ့ရမယ့်၊ အပါယ်ဘုံသို့ ဗရမ်းပတာ ကျရောက်တတ်တဲ့ “ဝိနိပါတိကဘေး” အကြောင်းကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့တော့ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဘေးကြီးဟာ ဘာကြောင့် သင့်ရသလဲ၊ ဒီဘေးကနေ လွတ်မြောက်နိုင်မယ့် လမ်းစစ်လမ်းမှန် မရှိတော့ဘူးလား ဆိုတာကို ဓမ္မအမြင်သက်သက်နဲ့ အသေးစိတ် ခွဲစိတ်ပြချင်ပါတယ်။

၁။ အတ္တမဟုတ်သော သင်္ခါရ ယန္တရားကြီး

အဓိကကတော့ အဲဒီလို ဗရမ်းပတာ အပါယ်ကို ကျရောက်ရခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်က “ပုဂ္ဂိုလ်၊ သတ္တဝါ၊ အကောင်အထည်” မဟုတ်ဘဲ၊ ကိုယ်လိုချင်သလို အမိန့်ပေး ထိန်းချုပ်လို့မရတဲ့ “ရုပ်နဲ့ နာမ် (စိတ်၊ စေတသိက်)” ဆိုတဲ့ သင်္ခါရတရားတွေ သက်သက် ဖြစ်နေလို့ပါပဲ။ သင်္ခါရတရားဆိုတာ အကြောင်းတရားတွေက ပြုပြင်ပေးလို့သာ ဖြစ်တည်နေရတဲ့ သဘောပါ။

ရုပ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားတွေရဲ့ ပြုပြင်မှုကြောင့် အဆက်မပြတ် ဖောက်ပြန်ပျက်စီးပြီး အသစ်ဖြစ်နေပါတယ်။ စိတ်ဆိုတာကလည်း မျက်စိ၊ နား၊ နှာခေါင်း အစရှိတဲ့ အာရုံဒွါရ (၆) ပါးနဲ့ အပြင်က အာရုံတွေ တိုက်ခိုက်မှုပေါ် မူတည်ပြီး ဖြစ်ပေါ်နေတာပါ။ ဒီရုပ်နဲ့နာမ်ဟာ တစ်ခုနဲ့တစ်ခု အညမည (အပြန်အလှန်) ကျေးဇူးပြုနေကြတယ်။ ဥပမာ – အရက်သောက်လိုက်ရင် (ရုပ်ရဲ့ ဖောက်ပြန်မှု)၊ မူးဝေသွားတယ် (စိတ်ရဲ့ ပြောင်းလဲမှု) ဆိုတာမျိုးပေါ့။ ခန္ဓာကိုယ်ရုပ်ကြီးဟာ အဆက်မပြတ် ဖောက်ပြန်ပျက်စီးနေသလို၊ အာရုံခြောက်ပါးနဲ့ တိုက်ခိုက်တိုင်းမှာလည်း စိတ်တွေဟာ အမျိုးမျိုး ဗရမ်းပတာ ဖြစ်နေပါတယ်။ နေ့စဉ်ဘဝမှာကိုက ကိုယ့်စိတ်ဟာ ကိုယ့်စိတ်ကြိုက် မဖြစ်ဘဲ အာရုံနောက်ကို လိုက်ပါ ပြောင်းလဲနေမှတော့၊ သေခါနီး အချိန်မှာလည်း ဗရမ်းပတာ ဖြစ်မှာ အသေအချာပါပဲ။

၂။ ကိလေသာ (၁၀) ပါးနှင့် အပါယ်တံခါးဖွင့်သူများ

ပုထုဇဉ်ဘဝမှာ အဆိုးဝါးဆုံးကတော့ ကိလေသာ ဆယ်ပါး အပြည့်အဝ ကိန်းအောင်းနေခြင်းပါပဲ။
၁။ လောဘ = လိုချင်တပ်မက်မှု။
၂။ ဒေါသ = ကြောက်ရွံ့မှု၊ အမျက်ထွက်မှု၊ မကျေနပ်မှု။
၃။ မောဟ = အမှန်ကို မသိမှု၊ တွေဝေ မိန်းမောမှု။
၄။ မာန = ထောင်လွှားခြင်း။
၅။ ဒိဋ္ဌိ = အယူမှားခြင်း (ခန္ဓာငါးပါးပေါ် ငါ၊ သူ လို့ စွဲယူထားတဲ့ သက္ကာယဒိဋ္ဌိကစလို့ ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်းအထိ အယူမှားမှုပေါင်း များစွာ)။
၆။ ဝိစိကိစ္ဆာ = သို့လော သို့လော မဝေခွဲနိုင်သော သံသယ။
၇။ ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း။
၈။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။
၉။ အဟိရိက = မကောင်းမှု လုပ်ရမှာ မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ = မကောင်းမှု လုပ်ရမှာ မကြောက်ခြင်း။

ဒီကိလေသာ ဆယ်ပါးထဲမှာ ပြဿနာအရှာဆုံးနဲ့ အပါယ်ကို တိုက်ရိုက်ပို့ဖို့ အဓိကကျတဲ့ တရားခံတွေကတော့ “ဒိဋ္ဌိ” နဲ့ “ဝိစိကိစ္ဆာ” ပါပဲ။ “ငါ၊ သူ” လို့ ထင်မှတ်နေတဲ့ အတ္တဒိဋ္ဌိနဲ့ တခြား ကိလေသာတွေ ပေါင်းစပ်သွားတဲ့ အချိန်မှာ၊ ကျွန်တော်တို့ဟာ အပါယ်ကျစေမယ့် အကုသိုလ်စိတ်တွေကို အလိုအလျောက် မွေးမြူပြီးသား ဖြစ်သွားပါတော့တယ်။

၃။ သေခါနီး ဝင်ရောက်လာတတ်သော နီဝရဏဘေး

ဒီအပြင် ပိုဆိုးတာက “နီဝရဏ” လို့ခေါ်တဲ့ ဉာဏ်မျက်စိကို ကွယ်စေတဲ့ တရားတွေဟာ ပုထုဇဉ်စိတ်မှာ အခါမလပ် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စုတိစိတ်ကျခါနီး (သေခါနီး) အချိန်မှာ ဒီတရားတွေ အလွယ်တကူ ဝင်ရောက်လာတတ်ပါတယ်။

ကာမစ္ဆန္ဒနီဝရဏ = လိုချင်တပ်မက်ခြင်း။

ဗျာပါဒနီဝရဏ = ဒေါသအမျက်ထွက်ခြင်း။

ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်း။

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ ပြုမိ၊ မပြုမိသည်များကို နောင်တတဖန် ပူပန်ခြင်း။

ဝိစိကိစ္ဆာနီဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်း။

သေခါနီးမှာ အဖြစ်အများဆုံးကတော့ ဗျာပါဒ၊ ကုက္ကုစ္စ၊ နဲ့ ဝိစိကိစ္ဆာ တို့ပါပဲ။ သမိုင်းမှာ အထင်အရှားပါပဲ။ အနှစ်နှစ်သောင်းတိတိ ဝိနည်းတွေကို လုံခြုံအောင် စောင့်ထိန်းခဲ့တဲ့ ရဟန်းကြီးနဲ့၊ အကြီးကျယ်ဆုံး အလှူကြီးကို ပေးခဲ့တဲ့ မလ္လိကာမိဖုရားကြီးတို့ကို အပါယ်ချပစ်လိုက်တာ “ကုက္ကုစ္စ” လို့ခေါ်တဲ့ နောင်တပူပန်မှု နီဝရဏပါပဲ။ သေခါနီးမှာ “ငါ ဘယ်ဘဝများ ရောက်မလဲ၊ ငါ အမှန်တွေ လုပ်ခဲ့ရဲ့လား” လို့ တွေးမိတဲ့အခါ၊ လုပ်ခဲ့သမျှ အကောင်းတွေ (ကုသိုလ်တွေ) ပေါ်မလာဘဲ၊ ကိုယ်ပြုခဲ့မိတဲ့ အကုသိုလ်အကြောင်းလေးတွေ ပေါ်လာပြီး ပူပန်လိုက်တာနဲ့ အပါယ်ကို ထိုးကျသွားတာပါပဲ။

နောက်ပြီး အတ္တဒိဋ္ဌိ ရှိနေလေတော့၊ ကြားရတဲ့ အသံ ဒါမှမဟုတ် တွေးမိတဲ့ အတွေးပေါ် မူတည်ပြီး “ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး၊ ငါ့စည်းစိမ်တွေနဲ့ ခွဲရတော့မယ်” ဆိုတဲ့ သံယောဇဉ်တွေ၊ အနာရောဂါ ပြင်းထန်လွန်းလို့ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်တာတွေ၊ ဘာမှ ဉာဏ်မဝင်နိုင်တော့ဘဲ တွေဝေမိန်းမောနေတာတွေ… ဒါတွေအားလုံးဟာ အပါယ်ကျစေတဲ့ တရားတွေချည်းပါပဲ။

၄။ ပုထုဇဉ်ဟူသည်…

တကယ်တော့ “ပုထုဇဉ်” ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့ နေရာမှာ အောက်ပါ အချက်တွေ အတိအကျ ပါဝင်ပါတယ် –

(၁) အထူးထူး အပြားပြား များကုန်သော ကိလေသာတို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ် မည်၏။

(၂) မပယ်အပ်သေးသော သက္ကာယဒိဋ္ဌိ များစွာရှိသောကြောင့် (သက္ကာယဒိဋ္ဌိစသည်ကို ဖြစ်စေတတ်သည် ဖြစ်သောကြောင့်) ပုထုဇဉ် မည်၏။

(၃) များစွာသော ဆရာတို့၏ မျက်နှာကို မော်ကြည့်တတ်၊ ဖူးမျှော်တတ်သောကြောင့် ပုထုဇဉ် မည်၏။

(၄) များစွာသော အလုံးစုံသော ဂတိ (အပါယ်ဂတိများ) တို့မှ မထမြောက်သေးသောကြောင့် ပုထုဇဉ် မည်၏။

(၅) အမျိုးမျိုးသော အဘိသင်္ခါရတရား (ပြုစီမံတတ်သော တရား) တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုထုဇဉ် မည်၏။

(၆) အမျိုးမျိုးသော ဩဃ (ရေယာဉ်) တို့သည် မျှောအပ်သောကြောင့် ပုထုဇဉ် မည်၏။

(၇) အမျိုးမျိုးသော ပူပန်စေတတ်သော တရားတို့ဖြင့် ပူပန်ကုန်သောကြောင့် ပုထုဇဉ် မည်၏။

(၈) များစွာသော အထူးထူးသော လောင်ကျွမ်းစေတတ်သော တရားတို့ဖြင့် လောင်ကျွမ်းအပ်သောကြောင့် ပုထုဇဉ် မည်၏။

(၉) များစွာသော ကာမဂုဏ်ငါးပါးတို့၌ တပ်မက်ကုန်သောကြောင့် ပုထုဇဉ် မည်၏။

(၁၀) များစွာသော နီဝရဏငါးပါးတို့ဖြင့် ပိတ်ဆို့အပ်သောကြောင့် ပုထုဇဉ် မည်၏။

(၁၁) များစွာသော ယုတ်ညံ့သော တရားကို ကျင့်သူတို့၌ အတွင်းဝင်သောကြောင့် ပုထုဇဉ် မည်၏။

(၁၂) အရိယာတို့မှ အသီးအခြား ဖြစ်သောကြောင့် ပုထုဇဉ် မည်၏။

ဒီအချက်တွေကို သေချာ တွေးကြည့်ပါ။ ပုထုဇဉ်ဘဝမှာ အပါယ်ကျစရာ ကိစ္စတွေ ဘယ်လောက်တောင် များပြားနေသလဲ။ ကိုယ် သေမယ့်အချိန်မှာ ဘာစိတ်နဲ့ သေမလဲဆိုတာ မှန်းဆကြည့်ပါ။ အားလုံးနီးပါးက အပါယ်ကိုပဲ ဦးတည်နေပါတယ်။

၅။ “သေခါနီး စိတ်ကောင်းထားမည်” ဟူသော အတ္တအယူအမှား

တချို့က “သေခါနီးကျရင် ကုသိုလ်လေး တွေးပြီး သေမယ်” ဆိုပြီး လွယ်လွယ်တွေး၊ လျှော့တွက်တတ်ကြပါတယ်။ ပြဿနာက ခန္ဓာငါးပါးဟာ “အနတ္တ” ပါ။ အနတ္တ ဆိုတာ ကိုယ်ပိုင်တာ ဘာမှမရှိ၊ သူ့သဘောသူ ဆောင်နေတာပါ။ လောကီကိစ္စတွေမှာတောင် အရေးရယ် အကြောင်းရယ် ကြုံလာရင် ဘာမှ စဉ်းစားလို့ မရတာမျိုး ကြုံဖူးကြမှာပါ။ ဥပမာ – စာမေးပွဲခန်းထဲ ရောက်မှ၊ စာတွေ အကုန်မေ့သွားပြီး ဘာရေးရမှန်း မသိတော့တာမျိုးပေါ့။

သေခါနီး အချိန်က အဲဒီထက် အဆပေါင်းများစွာ ဆိုးရွားပါတယ်။ အဲဒီအချိန်မှာ ဆိုးမလား၊ ကောင်းမလား ဆိုတာ ကိုယ် ရွေးချယ်ခွင့် မရှိတော့ပါဘူး။ သူ့သဘောသူဆောင်ပြီး အတိတ်က ကံတွေ၊ နိမိတ်တွေ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်လာတဲ့ အာရုံအပေါ်မှာ ကိုယ်က ထိန်းချုပ်လို့ မရတဲ့အတွက်၊ မကျေနပ်စိတ် (ဒေါသ) ထပ်ဖြစ်ဖို့ အလားအလာကလည်း အလွန်များနေပါတယ်။ ဒါကြောင့် ပုထုဇဉ် သေတယ်ဆိုတာ အပင်ပေါ်က သစ်ရွက်လေး ကြွေကျသလိုပါပဲ။ လေယူရာ လွင့်ပြီး မြေကြီးပေါ်ပဲ ကျဖို့၊ အပါယ်ကိုပဲ ကျဖို့ အလားအလာ အများဆုံး ဖြစ်နေပါတယ်။

၆။ အနတ္တသည် လက်လျှော့ခြင်းမဟုတ် (တခုတည်းသော ထွက်ပေါက်)

“အရာရာဟာ ငါ မဟုတ်ဘူး၊ ထိန်းချုပ်လို့ မရဘူး” လို့ ပြောလိုက်ရင်၊ “ငါ မဟုတ်လို့ ဘာမှလုပ်လို့ မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒ (Nihilism) နဲ့ လက်လျှော့ အရှုံးပေးလိုက်ဖို့ လုံးဝ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်ချင်ရင် လုပ်နိုင်တာက တစ်နည်းပဲ ရှိပါတယ်။ အဓိပတိတရားလေးပါး (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ) နဲ့ ပြည့်စုံအောင် လက်ရှိ သက်ရှိထင်ရှား ရှိနေချိန်မှာကတည်းက တပ်ဆင်ပြီး၊ “ဒိဋ္ဌိ” နဲ့ “ဝိစိကိစ္ဆာ” ကို အကြွင်းမဲ့ ပယ်သတ်နိုင်အောင် ကြိုးစားထားဖို့ပါပဲ။ အဓိပတိတရားလေးပါးနဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ဝနိုင်ပါတယ်။ ဒါတောင်မှ၊ သာမန် တရားလေးနာရုံ၊ တွေးသိရုံလေးနဲ့ နိဗ္ဗာန်ရောက်တာ မဟုတ်ပါဘူး။ တကယ့် မဂ်အခိုက်၊ ဖိုလ်အခိုက်ကို ဆိုက်ရောက်ပြီး သောတာပန် မဖြစ်သရွေ့ အပါယ်ဘေးက လုံးဝ မလွတ်နိုင်သေးပါဘူး။

နိဂုံး

အဓိက ပြောချင်တာကတော့၊ လက်ရှိ အသက်ရှင်နေစဉ်မှာကိုက စိတ်တွေဟာ အာရုံဒွါရ တိုက်ခိုက်မှု၊ ခန္ဓာကိုယ် ကျန်းမာမှုတွေအပေါ် မူတည်ပြီး ဖြစ်ချင်သလို ဖြစ်နေတာပါ။ တစ်နေ့ တစ်နေ့မှာ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ဘယ်ဟာက များသလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင်၊ အကုသိုလ်စိတ်ကပဲ အပြတ်အသတ် များနေတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိ ရှင်သန်နေချိန်မှာကို ဗရမ်းပတာ ဖြစ်ပျက်နေမှတော့၊ သေတဲ့အခါကျရင်လည်း ဗရမ်းပတာ ကျမှာ သေချာပါတယ်။

ကျွန်တော်တို့ ရေးသားနေခြင်းရဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ လူ၊ ရဟန်း အရိယာများ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ပါပဲ။ ဒါကြောင့် ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ ကြုံတုန်း၊ လွတ်လမ်းကို ရှင်းရှင်းလင်းလင်း မြင်နေရတုန်းမှာ၊ ခန္ဓာရဲ့ ဖြစ်ပျက်မှုအပေါ် အမှန်အတိုင်း ရှုမှတ်တဲ့ “ဝိပဿနာ” အားထုတ်ပြီး သောတာပန်ဖြစ်အောင် ကြိုးစားရုံမှတပါး အခြား ရွေးချယ်စရာ လမ်းကြောင်း လုံးဝ မရှိပါဘူးလို့ ပြတ်ပြတ်သားသား သတိပေး တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။


Leave a Reply

Your email address will not be published. Required fields are marked *