လောကမှာ လူတွေ အကြောက်ရဆုံး အရာက ဘာလဲလို့ မေးရင် ဆင်းရဲမှာ၊ ရောဂါဖြစ်မှာ၊ သေဆုံးရမှာတွေကို ပြကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ့် ပရမတ်အမြင်နဲ့ ဉာဏ်မျက်လုံး ဖွင့်ကြည့်လိုက်ရင်၊ အဲဒီ လောကီဘေးအန္တရာယ်တွေဆိုတာ ဘာမှ မဟုတ်ပါဘူး။ ပုထုဇဉ်မှန်သမျှ မလွဲမသွေ ရင်ဆိုင်ရမယ့်၊ အကြီးမားဆုံးနဲ့ အကြောက်ရဆုံးသော ဘေးကြီးတစ်ခု ရှိပါတယ်။ အဲဒါကတော့ သေဆုံးတဲ့အခါမှာ အပါယ်ဘုံကို ဗရမ်းပတာ ကျရောက်သွားတတ်တဲ့ “ဝိနိပါတိကဘေး” ကြီးပါပဲ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် သာသနာ့ရောင်ဝါ အထွန်းတောက်ဆုံး အချိန်မှာတောင်မှ၊ ဘုရားရှင်က မြေကြီးကို လက်ညှိုးနဲ့ ကော်ယူပြပြီး “သေပြီးရင် သုဂတိ (လူ၊ နတ်) ကို ရောက်တဲ့သူဟာ ဒီလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲ ရှိတယ်။ အပါယ် (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်) ကို ကျသွားတဲ့သူတွေကတော့ ဟောဒီ မဟာပထဝီ မြေကြီးလောက်ကို များပြားတယ်” လို့ အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်။
ဒီအချိုးအစားကို တွေးကြည့်ရင် အပါယ်ကျသွားကြတဲ့ ပုထုဇဉ်တွေ ဘယ်လောက်တောင် များပြားလိုက်သလဲ ဆိုတာ ထိတ်လန့်ဖွယ်ရာ မှန်းဆကြည့်နိုင်ပါတယ်။ မိသားစုတွေထဲမှာ ဘယ်လောက်ပဲ သားသမီးကို ချစ်ပါတယ်ပြောပြော၊ မိဘကို ချစ်ပါတယ်ပြောပြော၊ ကိုယ်ချစ်တဲ့သူတွေကို ပုထုဇဉ်ဘဝကနေ လွတ်အောင် (အရိယာဖြစ်အောင်) မလုပ်ပေးနိုင်ရင်၊ အချိန်တန် သေမင်းလာခေါ်တဲ့အခါ ဒီ ဝိနိပါတိက ဘေးကြီးကနေ ဘယ်သူမှ ပြေးမလွတ်နိုင်ပါဘူး။
လေယူရာ လွင့်ရမည့် သစ်ရွက်ခြောက်များ
ဝိနိပါတိကဘေးရဲ့ သဘောတရားကို အလွယ်တကူ မြင်ယောင်ကြည့်ရအောင်။ အပင်ပေါ်ကနေ ပြတ်ကျသွားတဲ့ သစ်ရွက်ခြောက်လေး တစ်ရွက်ကို မြင်ယောင်ကြည့်ပါ။ အဲဒီသစ်ရွက်လေးဟာ မြေကြီးပေါ်ကို ဘယ်နေရာ၊ ဘယ်ပုံစံ ကျမလဲဆိုတာ သူကိုယ်တိုင် လုံးဝ ရွေးချယ်ခွင့် မရှိပါဘူး။ တောင်လေလာရင် မြောက်ဘက်ကို လွင့်စင်သွားမယ်၊ အရှေ့လေလာရင် အနောက်ဘက်ကို လွင့်စင်သွားမယ်။ လေတိုက်ရာ၊ လေပွေဝှေ့ရာကို ဗရမ်းပတာ လွင့်စင်ပြီး ကျချင်တဲ့ နေရာ ကျသွားတာပါပဲ။
ပုထုဇဉ်တွေ သေခါနီး အချိန်မှာလည်း ဒီသစ်ရွက်ခြောက်လေးနဲ့ အတိအကျ တူပါတယ်။ ကိုယ့်စိတ်ကို ကိုယ် လုံးဝ (လုံးဝ) ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ သေခါနီး ကပ်ငြိလာမယ့် အာရုံ (ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်) တစ်ခုခုက လေပွေလို ဝင်တိုက်လိုက်တာနဲ့၊ အဲဒီ အာရုံနောက်ကို စိတ်က ဗရမ်းပတာ ပါသွားပြီး အပါယ်လေးဘုံထဲက တစ်နေရာရာကို ထိုးကျသွားတော့တာပါပဲ။ ဒီဘေးကနေ လွတ်ဖို့ဆိုတာ အခြား ဘာနည်းလမ်းမှ မရှိပါဘူး။ အနိမ့်ဆုံး “သောတာပန်” ဖြစ်အောင် အားထုတ်ထားမှသာလျှင် လွတ်ကင်းနိုင်တာပါ။
ဒါန၊ သီလ နှင့် ရဟန်းတို့၏ အကန့်အသတ်
ဒီနေရာမှာ မေးစရာ ရှိလာပါတယ်။ “ငါတို့က အလှူရေစက် လက်နဲ့မကွာ လှူနေတာပဲ၊ ငါတို့က သီလတွေ လုံခြုံအောင် ထိန်းထားတာပဲ၊ ဒါဆိုရင်ရော အပါယ်မကျတော့ဘူး မဟုတ်လား” လို့ မေးချင်ကြပါလိမ့်မယ်။ ရဟန်းသံဃာတော်တွေ ဆိုရင်ရော “ငါက စာပေကျမ်းဂန်တွေ မိုးပျံနေအောင် တတ်တာပဲ၊ ဝိနည်းတွေကို တစ်သက်လုံး မကျိုးမပေါက်အောင် ထိန်းထားတာပဲ၊ ငါ အပါယ်မကျနိုင်ဘူး” လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။
ဓမ္မအမှန်တရားက အလွန် ပြတ်သားပါတယ်။ ပုထုဇဉ် ရဟန်းဖြစ်နေသရွေ့၊ ပုထုဇဉ် လူဝတ်ကြောင် ဖြစ်နေသရွေ့ ဒီဘေးကို ရင်ဆိုင်ရမှာပါပဲ။ ပုထုဇဉ်ဘဝနဲ့ဆိုရင် ဗရမ်းပတာ ကျမှာပါပဲ။
သမိုင်းမှာ သက်သေတွေ အခိုင်အမာ ရှိပါတယ်။
ဘုရားတစ်ဆူမှာ တစ်ကြိမ်သာ ပြုလုပ်ခွင့်ရတဲ့ အကြီးကျယ်ဆုံးသော “အသဒိသဒါန” အလှူကြီးကို ပေးလှူခဲ့တဲ့ မလ္လိကာမိဖုရားကြီးဟာ သေခါနီးမှာ ခွေးနဲ့မှားယွင်းခဲ့တဲ့ အကုသိုလ်လေးကို သွားသတိရလိုက်မိတဲ့အတွက် (လေပွေဝှေ့သွားတဲ့အတွက်) အဝီစိငရဲကို ခုနစ်ရက်တိတိ ကျသွားခဲ့ရပါတယ်။
အနှစ်နှစ်သောင်းတိတိ ဝိနည်းတွေကို စင်ကြယ်အောင် စောင့်ထိန်းခဲ့တဲ့ ရဟန်းတစ်ပါးဟာ၊ လှေစီးရင်း ပိန်းရွက်လေး တစ်ရွက်ကို ပြတ်သွားအောင် ဆွဲမိခဲ့တဲ့ အပြစ်လေးကို သေခါနီးမှာ သွားပြီး ကုက္ကုစ္စ (နောင်တပူပန်မှု) ဖြစ်လိုက်တဲ့အတွက် ဧရကပတ္တ ဆိုတဲ့ နဂါး (တိရစ္ဆာန်) ဘဝကို ရောက်သွားခဲ့ရပါတယ်။
ရဟန်းတရားတွေ အားထုတ်ပါလျက်နဲ့ မိမိရဲ့ သင်္ကန်းသစ်လေးအပေါ် သံယောဇဉ် တွယ်သွားတဲ့အတွက် သေတော့ သန်း သွားဖြစ်ခဲ့ရတဲ့ တိဿရဟန်းရဲ့ သာဓကတွေဟာ သမိုင်းမှာ အထင်အရှားပါပဲ။
ဒါတွေဟာ အင်မတန် ထိတ်လန့်စရာ ကောင်းတဲ့ သင်ခန်းစာတွေပါ။ အဆိုးနဲ့ အကောင်း ရှိရင်၊ ကျွန်တော်တို့က အဆိုးကို ပိုပြီး သတိထားရပါမယ်။ ဒီသာဓကတွေက ဒါနနဲ့ သီလသက်သက်ဟာ အပါယ်တံခါးကို မပိတ်နိုင်ဘူး ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
“သေခါနီး စိတ်ကောင်းထားမည်” ဟူသော အတ္တ၏ လှည့်စားမှု
ယနေ့ခေတ်မှာ လူတွေက “ငါ ဘာမှ မကြောက်ဘူး၊ သေခါနီးကျရင် ငါ့စိတ်ကို ဘုရားအာရုံပေါ်မှာ ရောက်အောင် ကောင်းကောင်းလေး ထားလိုက်မှာပေါ့” လို့ အလွယ်တကူ ပြောတတ်ကြပါတယ်။ ဒါဟာ “အနတ္တ” သဘောကို လုံးဝ နားမလည်ဘဲ၊ “ငါ ထိန်းချုပ်လို့ ရတယ်” ဆိုတဲ့ “အတ္တ” အယူကို စွဲလမ်းထားလို့ ပြောထွက်တဲ့ စကားပါ။
ခန္ဓာကိုယ်ကြီးက သေခါနီး သေဒဏ် (မရဏဝေဒနာ) တွေ ပြင်းပြင်းထန်ထန် နှိပ်စက်လာတဲ့ အချိန်မှာ၊ ခင်ဗျားရဲ့ စိတ်ကို “ငြိမ်ငြိမ်နေ၊ ဘုရားကို အာရုံပြု” လို့ အမိန့်ပေး ထိန်းချုပ်လို့ လုံးဝ မရတော့ပါဘူး။ စိတ်ဆိုတာ သူ့အကြောင်းနဲ့သူ တိုက်ဆိုင်ရင် ဖြစ်ပေါ်လာတဲ့ အနတ္တ သဘောတရားသက်သက်ပါ။
ဒါပေမဲ့ ဒီနေရာမှာ အလွန် သတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ “အရာရာဟာ ငါ မဟုတ်ဘူး၊ ငါ ထိန်းချုပ်လို့ မရဘူး” ဆိုပြီး “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒ (Nihilism) နဲ့ လက်လျှော့ အရှုံးပေးလိုက်ဖို့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ငါ မဟုတ်တာ မှန်ပေမယ့်၊ မိမိလိုတာ ပြည့်ဝဖို့အတွက် “အဓိပတိတရား လေးပါး” (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ) နဲ့ ပြည့်စုံအောင် လက်ရှိ သက်ရှိထင်ရှား ရှိနေချိန်၊ ကျန်းမာနေချိန်မှာကတည်းက ကြိုးစားအားထုတ်ထားရပါမယ်။ အဓိပတိတရားလေးပါးနဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ အဲဒီလို မကြိုးစားဘဲ သေခါနီးမှ စိတ်ကောင်းထားမယ်ဆိုတာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ပါတယ်။
တက်ကျမ်းဟောသော ရဟန်းများနှင့် ပျောက်ဆုံးနေသော အမှန်တရား
အဆိုးဆုံးကတော့ ယနေ့ခေတ် ကျွန်တော်တို့ဆီက ရဟန်းအချို့ရဲ့ ဟောပြောမှုတွေပါပဲ။ သေခါနီး စိတ်ကလေးကောင်းလို့ နတ်ပြည်ရောက်သွားတယ် ဆိုတဲ့ ဇာတ်လမ်းလေးတွေ၊ ဘာအလှူတွေ လှူလိုက်ရင်ဖြင့် အပါယ်ပိတ်တယ် ဆိုတဲ့ စကားတွေနဲ့ ဘုရားဟောထားတဲ့ “ဝိနိပါတိကဘေး” ကြီးကို ပျက်ရယ်ပြုနေကြပါတယ်။
သူတို့ ဟောလိုက်ရင် တစ်နိုင်ငံလုံးပဲ ဗုဒ္ဓဘာသာ ဖြစ်ရုံနဲ့ ဘယ်တော့မှ အပါယ်မကျတော့မယ့် ပုံစံမျိုးတွေ ဟောကြတယ်။ ပါရမီတွေ အဆင့်ဆင့် ဖြည့်ကျင့်လာတဲ့ ဘုရားအလောင်းတော်တောင်မှ ငရဲကနေ မလွတ်ကင်းခဲ့တာကို၊ ဘာအထုံပါရမီမှ မရှိတဲ့ အန္ဓပုထုဇဉ်တွေကို အဖြစ်မှန်အတိုင်း၊ အရှိအတိုင်း မဟောတော့ဘဲ “ဘာလှူလိုက်ရင်တော့ နတ်ပြည် ကျိန်းသေတယ်၊ ဘာလုပ်လိုက်ရင်တော့ နောက်ဘုရား ဖူးရမှာပဲ” ဆိုပြီး မြှောက်ပင့် ဟောနေကြတာဟာ အင်မတန် ရင်လေးစရာ ကောင်းပါတယ်။
ဘာကြောင့် ဒီလို ဟောနေကြသလဲ။ ရှင်းပါတယ်။ သူတို့ကိုယ်တိုင်ကိုက ယုံချင်ရာကို ပစ်ယုံထားကြလို့ပါပဲ။ သံသရာက လွတ်မြောက်ရေးဆိုတာကို စဉ်းလည်း မစဉ်းစား၊ စဉ်းလည်း မစဉ်းစားချင်ကြလို့ပါ။ သူတို့ မျှော်လင့်နေတာက “နောင်ဘဝ ကောင်းစားရေး” ဆိုတဲ့ လောကီချမ်းသာလောက်ကိုသာ ဖြစ်နေလို့ပါ။ စာတတ်လာတော့၊ “သေခါနီး ငါ စိတ်ကောင်းလေး ထားလိုက်မှာပေါ့” ဆိုပြီး အနတ္တကို အတ္တအယူ စွဲထားကြတယ်။ အဲဒီအခါ ငရဲကိုတောင် မကြောက်တော့ဘဲ ပလ္လင်ပေါ်တက်ပြီး သန်ရာသန်ရာ ပြောချင်ရာတွေ ပြောတော့တာပါပဲ။
ကျွန်တော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်က နာမည်ကြီးဖို့၊ လူကြိုက်များဖို့ မဟုတ်ပါဘူး။ လောကမှာ လူ၊ ရဟန်း “အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး” ဆိုတဲ့ ရည်မှန်းချက် တစ်ခုတည်းအတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမုန်းခံပြီး တည့်တည့် ပြောရခြင်း ဖြစ်ပါတယ်။ ရဟန်းသံဃာတွေကြားမှာတောင် ဝိနိပါတိကဘေး အကြောင်းကို ဟောသူ ရှားလွန်းပြီး၊ တက်ကျမ်းဟောတဲ့ ရဟန်းတွေသာ များလွန်းနေတဲ့ ခေတ်ကြီး ဖြစ်နေလို့ပါပဲ။
အိမ်အစစ်သည် အပါယ်လေးပါးသာတည်း
ကျွန်တော်တို့ တစ်တွေ မှတ်ထားရမှာက… လောကကြီးမှာ လူလာဖြစ်တယ်ဆိုတာ “ခဏလာလည်တဲ့ သဘော” သက်သက်ပါပဲ။ ကျွန်တော်တို့ ပုထုဇဉ်တွေရဲ့ တကယ့် အိမ်ရာ အစစ်ကတော့ “အပါယ်လေးပါး” ပါ။ အချိန်တန်ရင် အိမ်ပြန်ကြရမယ့်သူတွေက အများစုပါ။
ထီပေါက်သလောက် အကြောင်းတိုက်ဆိုင်မှသာ လွတ်မယ့် သုဂတိ (လူ့ဘဝ၊ နတ်ဘဝ) ကို မျှော်လင့်နေရတာဟာ အဓိပ္ပာယ် လုံးလုံး မရှိတဲ့ ကိစ္စပါ။ လေပွေလေး ဝှေ့လိုက်လို့၊ ကံလေး ထောက်မလိုက်လို့ ထီပေါက်ပြီး အမြင့်ကို တက်သွားတဲ့ သဘော ဖြစ်ခဲ့ရင်တောင်မှ၊ ရောက်ရာဘဝမှာ မဂ်ဖိုလ်မရဘဲ ပုထုဇဉ်ဘဝနဲ့ပဲ ထပ်သေရဦးမယ်ဆိုရင်၊ အဲဒီ ဝိနိပါတိကဘေးနဲ့ပဲ အပါယ်ကို ပြန်ကျဦးမှာ သေချာပါတယ်။
နိဂုံးချုပ် – ထွက်ပေါက်နှင့် မဂ်အခိုက်၊ ဖိုလ်အခိုက်
နောက်ဆုံးအနေနဲ့ သတိပေးချင်တာက လက်သည်းခွံပေါ်က မြေမှုန်ဘဝလို ထီပေါက်တဲ့ ဘဝလောက်ကို မမျှော်လင့်ကြပါနဲ့။ ထီပေါက်ရင်တောင် သေတိုင်းကြုံရမယ့် ဝိနိပါတိက ဘေးဆိုတာကို အမြဲ သတိရပါ။ ကိုယ်ဟာ ငရဲက လာခဲ့တယ် ဆိုတာကိုလည်း မမေ့ကြပါနဲ့။ သားရေး သမီးရေး၊ လောကရေးတွေလောက်နဲ့ အချိန်တွေကုန်ပြီး မောဟနဲ့နေ၊ မောဟနဲ့သေပြီး အချိန်တန်ရင် အပါယ်လေးဘုံဆိုတဲ့ အိမ်ကို ပြန်ကြရမှာကို လုံးဝ မမေ့ပါနဲ့။
ဒီဘေးကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော လမ်းက သောတာပန် အနည်းဆုံး ဖြစ်အောင် အားထုတ်ဖို့ပါပဲ။ နိဗ္ဗာန်ဆိုတာ စာဖတ်ပြီး တွေးသိရုံလေး၊ သာမန်အချိန်မှာ အမှန်မြင်ရုံလေးနဲ့ ရောက်သွားတာမျိုး မဟုတ်ပါဘူး။ ခန္ဓာရဲ့ ဖြစ်ပျက်မှုတွေကို ဉာဏ်နဲ့ စောင့်ကြည့်ရင်း၊ ရုပ်နာမ်ချုပ်ငြိမ်းသွားတဲ့ “မဂ်အခိုက်၊ ဖိုလ်အခိုက်” မှာမှသာလျှင် အစစ်အမှန် ရနိုင်တာ ဖြစ်ပါတယ်။
ဆရာတော်တွေက ဒါမျိုးတွေ မဟောဘူး ဆိုရင်လည်း၊ ဒီလို တရားမျိုး၊ အရှိကို အရှိအတိုင်း ဟောတဲ့ အရိယာ ဆရာကောင်းဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုပဲ နာယူကြပါ။ ခင်ဗျားတို့ကို အပေါ်ယံ နှစ်သိမ့်ပေးမယ့်သူ ကို မရှာပါနဲ့၊ အမှန်တရားကို မျက်နှာပြောင်တိုက် ပြောမယ့်သူ (Truth Teller) ကိုသာ ရှာဖွေကြပါလို့ လေးနက်စွာ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။


Leave a Reply