ကျွန်တော်တို့ဟာ အတိတ်က အဆင်မပြေခဲ့တဲ့ ထိတွေ့မှုတွေကို ပြန်တွေးပြီး နောင်တရတတ်ကြတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေအတွက်လည်း ကြိုပြီး ပူပန်ကြောက်ရွံ့နေတတ်ကြတယ်။

တကယ်တော့ အဲဒီတုန်းက ဖြစ်ခဲ့တာတွေဟာ ထိုစဉ်က အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ရုပ်နာမ်ဖြစ်စဉ်တွေ သက်သက်ပါ။ “ငါ” က “သူ” က တမင်ဖန်တီးခဲ့တာ မဟုတ်သလို၊ ခံစားစိတ်ဖြစ်ပျက်သာ ရှိပြီး ခံစားခဲ့ရတဲ့ “ငါ” ဆိုတာလည်း တကယ် မရှိပါဘူး။ အမှန်တရားကို မသိတဲ့ မောဟကြောင့်သာ ဒုက္ခရောက်ခဲ့ရတာပါ။ “ငါ” “သူ” မရှိဘူးလို့ ရှင်းရှင်းလင်းလင်း မြင်လိုက်တာနဲ့ “ငါ” “သူ” ဆိုတဲ့ပေါ်ကနေ တည်ဆောက်ထားတဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ်တွေ အလိုလို ပြုတ်ကျသွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ဖြစ်ပြီးသား အကြောင်းအကျိုးတွေကို အရှိအတိုင်း လက်ခံပြီး လွှတ်ချလိုက်ဖို့ အချိန်တန်ပါပြီ။

လွန်သွားတဲ့ အာရုံတွေမှာ “ငါ” “သူ” ကို သွားမရှာဘဲ၊ အခု လက်ရှိအချိန်လေးမှာလဲ “ငါ” “သူ” မရှိတာကို နားလည်အောင်ကြိုးစား ဖြတ်သန်းကြည့်ပါလား။ လက်ရှိမရှိတာကို တွေ့ရင် အရင်တုန်းကလဲ မရှိခဲ့ဘူး ဆိုတာကို နားလည်လက်ခံလာနိုင်မှာပါ။


Leave a Reply

Your email address will not be published. Required fields are marked *