စနေနေ့ မနက် ၁၀ နာရီခွဲဆိုတာ အိမ်ရှင်မတွေအတွက်တော့ အလုပ်အရှုပ်ဆုံး အချိန်တစ်ခုပါပဲ။ ဟင်းအိုးတစ်တည်တည်၊ အဝတ်လျှော်စက် တစ်လည်လည်နဲ့ အိမ်မှုကိစ္စတွေ၊ မိသားစုကိစ္စတွေကြားမှာ နပန်းပန်းနေရတဲ့ အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ “တရားအားထုတ်ပါလား” လို့ သွားတိုက်တွန်းရင် “အမလေး… အချိန်မရှိပါဘူး” လို့ပဲ ဖြေကြမှာ သေချာပါတယ်။
တကယ်တော့ ဝိပဿနာဆိုတာ တိတ်ဆိတ်တဲ့ အခန်းထဲမှာ၊ ဘုရားစင်ရှေ့မှာ သပ်သပ်ရပ်ရပ်ထိုင်ပြီး မျက်လုံးမှိတ်ထားမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘာသာရေး ထုံးတမ်းစဉ်လာတွေ၊ ပုံစံခွက် (Dogma) တွေကို ခဏဘေးဖယ်ထားလိုက်ပါ။ ဝိပဿနာဆိုတာ မိမိရဲ့ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်ပေါ်နေတဲ့ သဘောသဘာဝတွေကို အရှိကိုအရှိအတိုင်း ဉာဏ်နဲ့ စောင့်ကြည့်တာ ဖြစ်တဲ့အတွက်၊ သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကိုင်ရင်းနဲ့ လက်တွေ့ အားထုတ်လို့ရတဲ့ အရာပါ။
၁။ ဖြစ်ပြီး ပျက်နေသော စိတ်များကို ကြည့်ခြင်း (အနိစ္စ)
ဟင်းချက်နေတယ်၊ ကြက်သွန်လှီးနေတယ်၊ တံမြက်စည်း လှဲနေတယ် ဆိုပါစို့။ “ငါ လုပ်နေတယ်” ဆိုတဲ့ အတွေးကို ခဏဖယ်ပြီး၊ လှုပ်ရှားနေတဲ့ ရုပ်သဘာဝနဲ့ အဲဒါကို သိနေတဲ့ နာမ် (စိတ်) သဘာဝလေးကို သတိကပ်ကြည့်ပါ။
မီးဖိုနားမှာ ပူလာတဲ့အခါ “ပူတယ်လို့ သိတဲ့ စိတ်ကလေး” ပေါ်လာမယ်။ ပြီးရင် အဲဒီစိတ်ကလေး ချက်ချင်း ပျက်သွားမယ်။ “ပင်ပန်းလိုက်တာ” လို့ တွေးမိရင်လည်း အဲဒီ “ပင်ပန်းတယ်လို့ တွေးလိုက်တဲ့ စိတ်ကလေး” ပေါ်လာပြီး ပြန်ပျက်သွားတာပါပဲ။ စိတ်ဆိုတာ “ငါ့စိတ်” ဆိုပြီး တစ်ခုတည်း အမြဲတမ်း တည်မြဲနေတာ မဟုတ်ဘဲ၊ အာရုံတစ်ခုကို သိလိုက်၊ ပျက်သွားလိုက်နဲ့ တရစပ် ပြောင်းလဲနေတဲ့ “အနိစ္စ” သဘောတရား သက်သက်သာ ဖြစ်တယ်ဆိုတာကို အလုပ်လုပ်ရင်းနဲ့ လေ့လာကြည့်ပါ။
၂။ ဖြစ်တည်မှု “ကိုယ်” မရှိခြင်း (အနတ္တ)
အဲဒီလို ဖြစ်ပြီးပျက်နေတဲ့ စိတ်တစ်ခုချင်းစီကို သေချာစောင့်ကြည့်လိုက်ရင်၊ အဲဒီအထဲမှာ “ငါ” သို့မဟုတ် “ကိုယ်” ဆိုတဲ့ ခိုင်မာတဲ့ ဖြစ်တည်မှု (Entity) လုံးဝ မပါဝင်ဘူး ဆိုတာကို တွေ့ရပါလိမ့်မယ်။
ပင်ပန်းတဲ့ စိတ်ကလေး ပေါ်လာရင်လည်း ဒါဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ သဘောတရားလေး သက်သက်ပါပဲ။ “ငါ ပင်ပန်းနေတယ်၊ ငါ့ကို ဘယ်သူမှ ဝိုင်းမကူဘူး” လို့ တွေးပြီး ပူလောင်နေစရာ ဘာအနှစ်သာရမှ မရှိပါဘူး။ စိတ်တစ်ခုချင်းစီဟာ ကိုယ်ပိုင်စိုးလို့မရဘဲ၊ ဖြစ်ပြီးရင် ပျက်သွားတဲ့ “အနတ္တ” သဘောတွေချည်းပါပဲ။ ဒီလို သဘောတရားကို သိမြင်သွားရင် ဘယ်အရာကိုမှ “ငါ၊ ငါ့ဟာ” လို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားတော့တဲ့အတွက် စိတ်ရဲ့ ပူလောင်မွန်းကျပ်မှုတွေ အလိုလို လျော့ကျသွားပါလိမ့်မယ်။
နိဂုံး
ဒါကြောင့် ဒီကနေ့ စနေနေ့ မနက်ခင်းမှာ တံမြက်စည်း လှဲရင်း၊ ဟင်းမွှေရင်း၊ ပန်းကန်ဆေးရင်းနဲ့ပဲ ကိုယ့်စိတ်မှာ ပေါ်လာသမျှကို “ဪ… ဖြစ်ပြီး ပျက်သွားတာပဲ၊ ဒီထဲမှာ ငါဆိုတာ မပါပါလား” လို့ ပေါ့ပေါ့ပါးပါးလေး သတိကပ်ပြီး စောင့်ကြည့်လိုက်ပါ။ တကူးတက အချိန်ပေးစရာ မလိုပါဘူး။ လုပ်ရင်း ကိုင်ရင်းနဲ့ပဲ အနိစ္စနဲ့ အနတ္တ သဘောကို မြင်အောင် ကြည့်လို့ ရပါတယ်။
ကျနော်ရေးတဲ့ စာတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အိမ်ရှင်မတွေ အနေနဲ့လည်း အိမ်မှုကိစ္စတွေကြားထဲကနေပဲ လက်တွေ့ ဝိပဿနာကို အားထုတ်ရင်း ငြိမ်းချမ်းမှုကို ရယူနိုင်ကြပါစေလို့ ဆန္ဒပြု တိုက်တွန်းလိုက်ပါတယ်။


Leave a Reply