ကိုယ့်ဆရာတို့ စိတ်ထဲမှာ လောကကြီးက ပြသနာတွေ တက်နေတယ်လို့ ထင်တယ် မဟုတ်လား။ တကယ်က လောကကြီး ပြသနာတက်နေတာမဟုတ်ဘူး။ ကိုယ့်ဆရာတို့ ပြသနာတက်နေကြတာ။ စိတ္ထေန နိယျတေ လောကောတဲ့ လောကကြီး ကို စိတ်က ဆောင်ထားတာ။
တကယ်တော့ လောကကြီးဆိုတာ ခင်ဗျား ဆိုတဲ့ ခန္ဓာငါးပါးမှာ ဖြစ်တဲ့ စိတ်ကလေး တချက်ပဲ။ အဲဒါတွေက အစွဲအလမ်းတွေ အားကြီးတော့၊ ကာမဂုဏ်အာရုံပေါ် ခွေးအမဲရိုးကိုက်သလို မခွဲနိုင်မခွာရက် ဖြစ်နေလို့၊ ကာမဝိတက်တွေကို ထိမ်းမရတာပါ။ ဗျာပါဒ ဝိတက်တွေ ဆက်ခါ ဆက်ခါ ဖြစ်ပြီး ပင်ပန်း ဆင်းရဲမှုတွေ ဖြစ်နေတာပါ။
အဓိက ပြသနာက လောကမှာ သတ္တဝါ ရှိတယ် ထင်လေတော့၊ လောကီ ကိစ္စတွေမှာ ဘယ်သူကတော့ ဆိုးတယ် ကောင်းတယ် စသဖြင့် စသဖြင့် မဆုံးနိုင်အောင် ဖြစ်နေကြတာပါ။ ချဲ့ရင် ချဲ့သလောက် ကျယ်ပါတယ်။
အဲဒါကြောင့်လဲ သတ္တဝါ မရှိဆိုတာကို ရှင်းလင်းပြီး သိသွားတဲ့အခါမှာ ခန္ဓာမှာကို ထူးခြားလာပါလိမ့်မယ်။ နောက်ဆုံး ဒိဋ္ဌိ ကိလေသာ လုံးဝ ကုန်သွားတော့မှပဲ ရှိသမျှသော ကိစ္စတွေထဲက အတ္တနဲ့ စပ်လျဉ်းတဲ့ ဘယ်သူ ဘယ်ဝါ ဆိုတဲ့ အပေါ်မှာ မှီပြီးဖြစ်တဲ့ လောဘ ဒေါသ မောဟ တွေ (အတ္တကို) ကြံစည်မှုတွေ အားလုံး ကုန်သွားမှာပါ။
ရှိသမျှ ပြသနာ အားလုံး အပူအပန်အားလုံးရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက် ကုန်သွားတယ် တောင် ပြောချင်ပါသေးတယ်။ ရှိရှိသမျှသော အတွေးတွေဟာ ဒါနဲ့ ဆက်စပ်နေတာပါ။
ဒီလိုကုန်သွားပေမယ့် ကာမတဏှာ၊ ဘဝတဏှာ ဆိုတာ ကျန်ပါသေးတယ်။ တဏှာကို သတ်ကို မသတ်ထားဘူးလေ။ အဲဒီတော့ သူက ခပ်ထောင်ထောင်ပဲ။၊ ဒါပေမယ့် တဏှာက ကိုယ့်တဏှာ့ မဟုတ်၊ ကိုယ်တဏှာကြီးတာမဟုတ်၊ တဏှာဆိုတဲ့ တရားအကြောင်းရှိလို့ အကျိုးဖြစ်တာ ဆိုပြီး တဏှာနဲ့ နားလည်မှု ရသွားပါတယ်။ ကာမဂုဏ်နဲ့ ပါတ်သက်တဲ့ ခံစားမှုမှာ တွယ်တာတာတွေ သူပျက်စီးမှာ စိုးရိမ်ရတာတွေ၊ သူမှ သူပဲ တခြားတယောက် အစားထိုးလို့မရ စတာတွေ မရှိတော့ ကာမဂုဏ်ခံစားပေမယ့် အပူမလောင်တော့ပါဘူး။ စိတ်လက် ပေါ့ပါးစွာ ခံစားနိုင်ပါတယ်။ ခန္ဓာက ပြင်းထန်တဲ့ အပါယ်ကျစေတဲ့ အပြစ်တွေကို လုပ်လို့ကို မရတော့ပါဘူး။ လုပ်မိလဲ ဖြစ်မိလဲ ဉာဏ်က အမြဲ အေးချမ်းအောင်၊ အပြစ်စင်အောင် လုပ်သွားပါတယ်။ အပြစ်တွေ အကုန်ချေလိုက်တာမို့ ဘာမှ ပူစရာမရှိတော့တာပါ။
ပထမ မဂ်ကျပြီးသွားရင် ပဌာန်းမှာပါတဲ့ မဂ္ဂပစ္စယော ဆိုတာ အသက်ဝင်လာပါပြီ။ ကိုယ့်ဆရာတို့ ကျွမ်းထိုင်ထိုးနေလဲ သိပ်မဝေးတော့တဲ့ အများဆုံး ခုနှစ်ဘဝ အတွင်း တနေ့ ရဟန္တာဖြစ်မှာပါ။ ဆိုတော့ ရဟန္တာလောင်းများ ကြိုးစားတော်မူကြပါ။ မျှော်နေပါ့မယ်။


Leave a Reply