သစ္စာလေးပါး ဆိုတာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပါ။ ဒီအထိက နားလည်ဖို့ မခက်ပါဘူး။ ဒါပေမယ့် တကယ် နားလည်ဖို့ ဆိုရင်တော့ သင်္ခါရ ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဝိသင်္ခါရ၊ အသင်္ခတဆိုတာ နားလည်ဖို့လိုပါတယ်။ ကိလေသာ ဆိုတာ နားလည်ဖို့ လိုပါတယ်။ အမှန်သိမြင်မှု၊ အမှန်ကြံစည်မှု စတဲ့ တရားတွေကို သိဖို့လိုပါတယ်။ ဒီတရားတွေ ဖြစ်ကြောင်းကို သိဖို့လိုပါတယ်။ အဲဒီတော့ အဲဒါတွေ တခုချင်းစီ ကြည့်လိုက်ကြရအောင်ပါ။

ပထမဆုံး သင်္ခါရ ဆိုတာကနေ စပြီးပြောပါ့မယ်။ ဒီသင်္ခါရ ဆိုတဲ့ တရားအကြောင်းကို မိတ်ဆွေတို့လဲ တော်တော် လေးကို ဖတ်ခဲ့ကြပြီးပါပြီ။ ရှေ့က အဖြေမှာလဲ သင်္ခါရအကြောင်းရေးခဲ့ပါတယ်။ ဘာကြောင့် သင်္ခါရကို ဒီလောက် ပြောရသလဲ ဆိုတော့ လောက ရယ် လောက အလွန်ရယ်မှာ တရားနှစ်မျိုးပဲ ရှိပါတယ်။ အဲဒါကတော့ သင်္ခါရတရား (ရုပ်၊နာမ်) နဲ့ ဝိသင်္ခါရတရား (နိဗ္ဗာန်) တို့ပဲ ရှိတာမို့ပါပဲ။ အဲဒီတော့ နိဗ္ဗာန်ကို နားမလည်သေးတဲ့ အချိန်မှာ လက်ရှိ ရှိနေတဲ့ ရုပ်နာမ် သင်္ခါရတရားဖြစ်ကြောင်းကို သေသေချာချာ သိဖို့ လိုပါတယ်။ သင်္ခါရ ဆိုတာ ကတော့ အကြောင်းပြုပြင်လို့ ဖြစ်တဲ့တရားကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ ဥပမာ စိန် ဆိုတာမျိုးဆိုရင် အပူ ဖိအားတွေက ပြုပြင်လို့ ဖြစ်တာမို့ စိန်သည်လည်း သင်္ခါရတရားပါပဲ။ အဲလိုပါပဲ လိုချင်မှု ဆိုတဲ့စိတ် ဟာလဲ အာရုံ ဒွါရတိုက်ခြင်းကြောင့် ဖြစ်တာမို့ သူလဲ သင်္ခါရတရားပါ။ အဲဒီတော့ ရုပ်နာမ် ဖြစ်ပျက်သာ ရှိတာမို့ ဖြစ်ပျက် နေသမျှဟာ သင်္ခါရတရား တစ်ခု ဖြစ်ပြီး ပျက်တယ်၊ နောက်သင်္ခါရတရား တစ်ခုကို ဖြစ်စေခဲ့တယ်။ အဲလို ဆက်ပြီး အစဉ်မပြတ်ဖြစ်နေတာပါ။ အဲဒီ သင်္ခါရတရား တစ်ခုစီဟာ အတ္တမဟုတ်ပါဘူး။ တရားတွေသာ ဖြစ်တဲ့ အတွက် သက်ရှိဆိုတာလဲ မရှိပါဘူး။ သက်ရှိဆိုတာဟာ ရုပ်နာမ်တွေ အပြန်အလှန်အကျိုးပြုနေတာပါပဲ။ ရုပ်နာမ်တွေဟာ တရားတွေ (သင်္ခါရတရားတွေ) မို့ သင်္ခါရတရားတွေ ဖြစ်ပြီးပျက်နေတာကလွဲပြီး ဘာမှ မရှိပါဘူး။ ဒါကိုပဲ နားမလည်တဲ့အခါကျတော့ (သိမှုဆိုတဲ့ သင်္ခါရတရားသည် တရားနာမှုမရှိပဲ မဖြစ်သော ကြောင့်) သံသရာက လွတ်လမ်းမရှိပဲ လည်နေတာပါ။ ဒီလို လည်တဲ့အခါမှာ စုတိလိုက် ပဋိသန္ဓေလိုက်နဲ့ ဖြစ်နေတာပါပဲ။ အဲဒီတော့ ဇာတိ ဒုက္ခဆိုတဲ့ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ဇရာ ဒုက္ခ ခေါ်တဲ့ အိုခြင်းဆင်းရဲ၊ မရဏ ခေါ်တဲ့ သေခြင်းဆင်းရဲ၊ ဒီထဲမှာမှ မောဟ ဆိုတဲ့ တရားက ချယ်လှယ်ထားတဲ့အခါမှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် သင်္ခါရတရားထဲမှာပဲ ငါသူ ဆိုတဲ့ သတ္တဝါဆိုတဲ့ သက်ရှိဆိုတဲ့ အတ္တဆိုတဲ့ အထင်မှားက လွှမ်းမိုးထားတာပါပဲ။ အဲဒီအထင်ရဲ့ နောက်မှာ ပြင်းထန်တဲ့ လောဘ ဒေါသ မောဟတွေ နဲ့ အပါယ်ကို အဖန်ဖန်ကျစေတော့တာပါပဲ။ ဆိုလိုတာက မတူညီတဲ့ သတ္တဝါတွေ ဆိုတဲ့ လွဲမှားတဲ့ အတ္တ အထင်ပေါ်မူတည်ပြီး အယူမှားပေါ်မှာ မှားယွင်းစွာ စွဲလမ်းပြီး မှားယွင်းတဲ့ကြောက်ရွံ့မှုတွေ မှားယွင်းတဲ့ ကျင့်ကြံမှုတွေနဲ့ သံသရာက မလွတ်နိုင်ပါဘူး။ သံသရာ လည်နေတယ်ဆိုတာဟာ တကယ်တော့ မဆုံးနိုင်တဲ့ သင်္ခါရတရားတွေ တခုပြီး တခု ဖြစ်နေခြင်းပါပဲ။

အဲဒီတော့ သင်္ခါရ ဆိုတဲ့ သဘောက အကြောင်းပြုပြင်လို့ ဖြစ်တဲ့တရားကို ခေါ်တာပါ။ အဲဒီ သင်္ခါရတရားတိုင်း ဟာ ပျက်တတ်ပါတယ်။ အဲဒါကြောင့်လဲ သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ပြောထားတာပါ။ သင်္ခါရတိုင်းဟာ ပျက်တတ်ပါတယ်။ အဲဒီတော့ ပျက်တဲ့တရား ရှိသလို မပျက်တဲ့ တရားကလဲ ရှိနေပါတယ်။ အဲဒါကတော့ ဝိသင်္ခါရလို့ခေါ်တဲ့ ဘာကမှ ပြုပြင်ထားတာမှ မဟုတ်တဲ့ နဂိုတည်းကရှိတဲ့ နိဗ္ဗာန်ဆိုတဲ့ တရားပါပဲ။ တကယ်တော့ အနတ္တဆိုတဲ့ သဘောဟာ သက်ရှိမဟုတ် စက်ပစ္စည်းတခုကဲ့သို့ လုပ်ဆောင်မှု တစ်ခုကို လုပ်တဲ့သဘောသာ ရှိတယ်လို့ ဆိုလိုတာပါ။ ဆိုလိုတာက လိုချင်မှုသည် လိုချင်မှုပါပဲ။ လိုချင်မှုဟာ သူလဲမဟုတ် ငါလဲမဟုတ်၊ သူ့လိုချင်မှု ငါ့လိုချင်မှုလဲ မဟုတ်၊ လိုချင်မှုဆိုတဲ့ တရားလေး တစ်ခုသက်သက်သာ ဖြစ်ပါတယ်။ လိုချင်မှု ဖြစ်တဲ့အခါမှာ အပြင်းအထန်လိုချင်မှုကို ဖြစ်စေပါတယ်။ အဲဒီ အပြင်းအထန်လိုချင်မှုကလဲ အပြင်းအထန် လိုချင်တဲ့ သဘောလေးတစ်ခုပါပဲ။ ဘယ်သူဘယ်ဝါက အပြင်းအထန်လိုချင်တယ်လို့ မရှိပါဘူး။ ဆိုလိုတာက သက်ရှိဆိုတာမျိုးရှိနေတာမဟုတ်ပဲ ရုပ်နာမ်တွေ အကြောင်းအကျိုးအတိုင်း (ကံတရားအပါအဝင်) လှုပ်ရှားနေခြင်းကို သက်ရှိလို့ ခေါ်ဝေါ်နေကြတာပါ။ တကယ်တော့ သက်ရှိဆိုတဲ့ သဘောက လုံးဝမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သင်္ခါရတရားတခုခြင်းစီတိုင်းဟာ အတ္တမဟုတ် (သက်ရှိမဟုတ်) အနတ္တ မို့ပါပဲ။ အဲဒီတော့ ဒီနေရာမှာ ကျနော်တို့က အသံကြားတယ်၊ အာရုံစူးစမ်းစိတ် ဖြစ်တယ်၊ အာရုံ သိစိတ်ဖြစ်တယ်၊ ငါ သူဆိုတဲ့ အတ္တအယူ ဖြစ်တယ် ဆိုပြီး တရားတွေဟာ တခုပြီးတခု ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်နဲ့ သွားနေတာပါ။ အဲဒီတရားတွေပေါ်မှာ အနတ္တ ဖြစ်ကြောင်းသိတဲ့အခါမှာတော့ တရားတွေဟာ အဆုံးသတ်သွားပြီး နိဗ္ဗာန်ကို မျက်မှောက်သွားပြုနေတာပါ။ အဲဒါကတော့ နိဗ္ဗာန်ဆိုတဲ့ တရားဟာ သင်္ခါရတရားမဟုတ် ဝိသင်္ခါရဖြစ် တဲ့အတွက် သူကနေပြီး ဘာကိုမှ သိစိတ်ဆိုတာမျိုး မဖြစ်စေပါဘူး။ ရုပ်နာမ်သဘောကနေ လုံးဝကွဲထွက် သွားတဲ့ တရားဖြစ်တာမို့ သူ့မှာ ရုပ်လို့အကောင်အထည်လဲ မရှိတဲ့အပြင်၊ နာမ်လိုမျိုး ခံစားမှု၊ မှတ်သားမှု၊ သိမှု၊ စေ့ဆော်မှု ဆိုတာတွေလဲ မရှိပါဘူး။ သူဟာ သီးသန့်ဆန်တဲ့ တရားတမျိုး ဖြစ်ပါတယ်။ ဖိုလ်ကနေ ပြန်ဆင်းလာမှ သာ နိဗ္ဗာန်ကို ပြန်ဆင်ခြင် သုံးသပ်တဲ့ သဘောနဲ့သိရတာပါ။ အဲဒီတော့ နိဗ္ဗာန်က ဘာကမှ ပြုပြင်လို့ ဖြစ်တဲ့ တရား မဟုတ်သလို ပျက်လဲ မပျက်ပါဘူး။ နိဗ္ဗာန်ဆိုတာသည် တခုတည်းသော ငြိမ်းချမ်းရာပါ။ အချိန်ဆိုတာကလဲ အတ္တနဲ့ တည်ဆောက်ထားလို့သာ ရှိတာ ဖြစ်တဲ့အတွက် အချိန်ဆိုတာကလဲ တကယ် မရှိပါဘူး။

အဲဒီတော့ အခုပြောခဲ့တာက သင်္ခါရ၊ ဝိသင်္ခါရ ဆိုတဲ့ အကြောင်းနှစ်ခု ရှိပါပြီ။ အဲဒီတော့ ကိလေသာ ဆိုတာကို နည်းနည်း ကြည့်ကြရအောင်ပါ။ ကိလေသာ ဆိုတာ ဆယ်မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ၁.၁ လောဘ ၁.၂ ဒေါသ ၁.၃ မောဟ ၁.၄ မာန ၁.၅ ဒိဋ္ဌိ ၁.၆ ဝိစိကိစ္ဆာ ၁.၇ ထိနမိဒ္ဓ ၁.၈ ဥဒ္ဓစ္စ ၁.၉ အဟိရိက ၁.၁၀ အနောတ္တပ္ပ တို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိလေသာ တရား တွေထဲမှာ ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာဆိုတာကလွဲရင် ကျန်တဲ့ ကိလေသာ တရားတွေဟာ မကောင်းမှန်း မှန်းဆ သိနိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ၊ အဟိရိက ၊ အနောတ္တပ္ပ ဆိုတာတွေဟာ မကောင်းမှန်း မြင်သာပါတယ်။ အဲဒီတော့ တခါတလေမှာ တရားအားထုတ်သူတွေ ဟာ လောဘ၊ ဒေါသ၊ မောဟတွေ နည်းအောင် ကြိုးစားရမယ် ဆိုတာမျိုး စဉ်းစားမိကြမှာပါ။ ဒါပေမယ့် တကယ် တမ်း ပထမ မဂ်မှာ ပါယ်ရမယ့် ကိလေသာက ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာပါ။ အဲဒီ ကိလေသာနှစ်မျိုးကျတော့ ဘာလဲ ဆိုတာလဲ သေသေချာချာ မသိတတ်ကြသလို အရေးကြီးပုံကိုလဲ နားမလည်ကြပါဘူး။ အမြင်မှားတာလေးပဲ ဘာမှ အပြစ်မကြီးဘူး ထင်ပေမယ့် မိတ်ဆွေတို့ မြင်နေတဲ့ သတ္တလောက ဆိုတာဟာ အဲဒီ အမြင်မှားကြီး ပေါ်ကနေ တည်ဆောက်ထားတာပါ။ မိဘတွေ သားသမီးတွေ ဇနီး မယား လင် ယောက်ျားဆိုတာတွေ အားလုံး ဟာ ဒီ ဒိဋ္ဌိကြောင့် ပြင်းထန်စွာ စွဲလမ်းပြီး ပြင်းထန်စွာ ဒုက္ခရောက်နေကြတာပါ။ အဲဒီတော့ ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာ အကြောင်း နည်းနည်း ပြောပါမယ့်။ ဒိဋ္ဌိဆိုတာက မှားယွင်းစွာ ကြံစည်တဲ့ အတ္တအယူကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီအယူ စင်ကြယ်သွားတဲ့အခါမှာ ရုပ်နာမ်ပေါ်မှာ တွေဝေမှု သို့လော သို့လော ဆိုတဲ့ ဝီစိကိစ္ဆာကလဲ ပျောက်သွားမှာပါ။ ဆိုလိုတာက အနတ္တတရားတွေရဲ့ ဖြစ်စဉ်ထဲမှာ အနတ္တတရားလို့ သိခြင်းဆိုတဲ့ ဖြစ်စဉ် မဖြစ်သ၍ ဘယ်သောအခါမှ ဇာတ်လမ်း မဆုံးပါဘူး။ ဖြစ််လိုက်ပျက်လိုက် မွေးလိုက် သေလိုက် ကွဲလိုက် ဖြစ်နေ မှာပါပဲ။ ဒီတော့ အတ္တဆိုတဲ့ အမြင်ရှိနေလေတော့ ရုပ်နာမ် ရုပ်နာမ် တွေကြားထဲမှာ ချစ်တယ် ခင်တယ် ဆိုတာတွေဟာ အပေါ်က ကိလေသာ ၁၀ ပါးကို မူတည်ပြီး ဆင့်ပွားလာတာတွေ ဖြစ်ပါတယ်။ ကျနော်တို့က မိဘ သားသမီးချစ် နဲ့ ဇနီးမယား လင်မယား အချစ်ဆိုရင် မိဘ အချစ်က ပိုမွန်မြတ်သယောင် ပြောပေမယ့် တကယ်တော့ မကွာခြားတဲ့ ကိလေသာ တွေချည်းပါပဲ။ မိဘတွေ သားသမီးတွေ နဲ့ပါတ်သက်ရင် မေထုန် ဆန္ဒမဖြစ်တာသာ ရှိတာပါ။ ကျန်တာကတော့ တရားအနေနဲ့ ကြည့်ရင် လောဘတွေ ဒေါသတွေ မောဟတွေ ပါပဲ။ ပြီးတော့ ဒိဋ္ဌိက ဦးဆောင်တဲ့တရားတွေ ဖြစ်တဲ့ အားလျှော်စွာ အပါယ်ကိုလဲ ရောက်စေတဲ့ တရားတွေပါပဲ။ ကိလေသာတွေနဲ့ ပါတ်သက်ပြီး သိဖို့ လိုတာက ကိလေသာတွေသည် တရားတခုသာ ဖြစ်ပြီး၊ အကြောင်းကြောင့် ပေါ်လာပြီး ပျက်သွားတတ်တဲ့ တရားဖြစ်ပါတယ်။ သို့သော် အမှန်သိမြင်ခြင်းစသည့် မဂ္ဂသစ္စာနဲ့ မပါယ်သတ် ရသေးသ၍ ကိလေသာတွေဟာ ထပ်၍ ထပ်၍ ဖြစ်စရာ အကြောင်းများ ရှိနေပြီး အမြဲမပြတ် ဖြစ်ပျက်နေမည် သာဖြစ်ပါသည်။ မဂ်ကျတဲ့ အခါမှသာ ပထမ မဂ်မှာ ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာ၊ ဒုတိယ မဂ်မှာ ပါး၊ တတိယ မဂ်မှာ ကာမပါယ် ဒေါသပါယ်၊ စတုတ္ထမဂ်မှာ အကုန်ပါယ် စသဖြင့် သွားတာပါပဲ။ ဒီတော့ ရှေ့ထားရမယ့် ကိလေသာကို သိဖို့လိုပါတယ်။

အဲဒီတော့ ဒီလောက်ဆိုရင်ဖြင့် ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာ အကြောင်း ရှင်းပြလို့ရပါပြီ။ ဒုက္ခသစ္စာ ဆိုတာကတော့ သင်္ခါရတရားတွေ အဆက်မပြတ်ဖြစ်နေတာကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ အဆက်မပြတ် နှိပ်စက်နေတဲ့ တရားတွေရဲ့ ဖြစ်ပျက်နေမှုကို မသိတဲ့ မောဟ တရားနဲ့ ဖုံးလွှမ်း ထားတဲ့အခါမှာတော့ ငါပဲ သူပဲ ဆိုတဲ့ အမြင်တွေနဲ့ ကာမဂုဏ်ပေါ်မှာပဲ မွေ့လျှော်နေပါတော့တယ်။ အဲဒီကြောင့်လဲ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ၊ ချစ်တဲ့သူနဲ့ ကွဲခြင်း၊ မချစ်သူနဲ့အတူနေခြင်းဆိုတဲ့ ဒုက္ခ။ သင်္ခါရတရား တွေ အဆက်မပြတ်ဖြစ်နေခြင်း ဒုက္ခ၊ သင်္ခါရတရား တခုခြင်းစီရဲ့ နှစ်သက်စရာ မရှိပုံ အသုံးမကျတဲပုံ ဒုက္ခ စတဲ့ ဒုက္ခတွေ သက်သက်သာ၊ ဒုက္ခမှတပါး တခြားမရှိ ဒုက္ခအမှန်တရား ဒုက္ခသစ္စာ ဆိုတာ အဲဒါပါပဲ။ အတ္တအမြင်ကို ဖယ်ပြီး ပရမတ္တတရား ဖြစ်တဲ့ ရုပ်နာမ်တွေကို အနတ္တအမြင်နဲ့ ကြည့်လိုက်ရင် ဘာမှမထူး အသုံးမကျတဲ့ သင်္ခါရ တရားဖြစ်ပျက်နေမှုသာ ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ အဲဒီတော့ လောကဆိုတာဟာ ဒုက္ခသစ္စာ ကြီးပါလို့ ပြောလို့ရပါတယ်။ ဒုက္ခသစ္စာကို သဘောပေါက်ရင်တော့ ဒုက္ခအမှန်ဖြစ်ကြောင်း အမှန်တရားသည် သမုဒယသစ္စာ လို့ခေါ်တဲ့ တဏှာဆိုတဲ့ တရားကြောင့်ပါ ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ တဏှာ ဆိုတာသည် ကိလေသာ တရား တမျိုးဖြစ်တဲ့ လောဘပဲ ဖြစ်ပြီးတော့ ကာမနဲ့ ပါတ်သက်တာ လိုချင်မှု ကာမတဏှာ၊ ဘဝနဲ့ ပါတ်သက်တာ လိုချင်မှု ဘဝဝဏှာ၊ ဘဝမရှိတာကို လိုချင်မှု ဝိဘဝ တဏှာ ဆိုပြီး သုံးမျိုး ရှိပါတယ်။ အဲဒီတော့ အဲဒီတဏှာက ဘာကို အကျိုးပေးလဲ ဆိုတော့ ကမ္မဘဝ ဖြစ်စေတဲ့အထိ အကျိုးပေး ပါတယ်။ ကမ္မဘဝ ဖြစ်မှတော့ နောက်ဘဝ ဇာတိ ဆိုတာ ဖြစ်တော့တာပါပဲ။ အဲဒီတော့ ဒုက္ခကို မပြတ်အောင် ဘဝပြောင်းခံရအောင် လုပ်ပေးနေတာကတော့ သမုဒယ သစ္စာ တဏှာ ပဲ ဖြစ်ပါတော့တယ်။ ဒါပေမယ့် တဏှာကို အရင်စပြီး ပါယ်သတ်ဖို့ မကြိုးစားရပဲ ဒိဋ္ဌိနဲ့ ပါတ်သက်ပြီး ပါယ်သတ်နိုင်ဖို့သာ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပထမ မဂ်အတွက် ဒါကို သိဖို့ အင်မတန်ပဲ အရေးကြီးပါတယ်။

အဲဒီတော့ ကျနော်တို့ ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာကိုတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ရှေ့ကဆက်ရ မယ့် အကြောင်းကတော့ မဂ္ဂသစ္စာပါပဲ။ နိရောဓ သစ္စာကတော့ နိဗ္ဗာန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ အပေါ်မှာ နိဗ္ဗာန်အကြောင်း အတော်လေး ရှင်းလင်းထားပြီ ဖြစ်တာမို့ နိရောဓသစ္စာကိုတော့ ရှင်းပါလိမ့်မယ်။ အဲဒီတော့ ပြောခဲ့တဲ့အတိုင်း ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာလည်နေတာ ဖြစ်တဲ့အတွက် လွတ်လမ်း ဆိုတာ မမြင်နိုင်ပါဘူး။ အဲဒီတော့ လွတ်လမ်းကို မြင်နိုင်တာကတော့ ဘုရားပွင့်တဲ့အချိန်မှ မြင်နိုင်တာပါ။ ဘုရားပွင့်တဲ့အချိန်ကျမှသာ မဂ္ဂသစ္စာ ဆိုတာဟာ ပေါ်လာတာပဲ ဖြစ်ပါတယ်။ မဂ္ဂသစ္စာဆိုတာကတော့ မဂ္ဂင်ရှစ်ပါးကို ဆိုလိုတာ ဖြစ်ပြီး အရိယာများမှာ ပြည့်စုံတဲ့ တရားရှစ်မျိုး ဖြစ်ပါတယ်။ အဲဒါတွေကတော့ အမှန်သိမြင်ခြင်း၊ အမှန်ကြံစည်ခြင်း၊ အမှန်အားထုတ်ခြင်း၊ အမှန်သတိရှိခြင်း၊ အမှန်တည်ကြည်ခြင်း၊ အမှန်အတိုင်း လုပ်ကိုင်စားသောက်ခြင်း၊ အမှန်အတိုင်းပြောဆိုခြင်း၊ အမှန်အတိုင်းပြုမူခြင်း တို့ပဲ ဖြစ်ပါတယ်။ အဲဒီထဲကမှ အမှန်အတိုင်း လုပ်ကိုင်စားသောက်ခြင်း၊ အမှန်အတိုင်းပြောဆိုခြင်း၊ အမှန်အတိုင်းပြုမူခြင်းတွေကတော့ အရိယာ များမှ ပြည့်စုံတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ အရိယာတွေက အပါယ်မကျနိုင်တော့တာပါ။

အဲဒီတော့ ခန္ဓာငါးပါးသည် အနတ္တမို့ စက်ပစ္စည်းတခုလို အစိတ်အပိုင်းတခုနဲ့ တခု အကြောင်းအကျိုးတွေနဲ့ အလုပ်လုပ်နေတာပါပဲ။ အဲဒီတော့ ဒီခန္ဓာငါးပါးမှာ အရိယာ တရားနာခြင်းဆိုတဲ့ ကိစ္စမဖြစ်ရင် အမှန်သိခြင်းဆိုတဲ့ တရားကနေစပြီး မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် မဂ္ဂသစ္စာကတော့ လွတ်ရာ လမ်းအမှန်၊ လွတ်ကြောင်း အမှန် ဖြစ်တယ်လို့ပဲ ပြောရမှာပါပဲ။ ဒါဆိုရင်တော့ ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓ သစ္စာ ဆိုတဲ့ သစ္စာလေးပါးအကြောင်း ရှင်းပြပြီးပါပြီ။ နားလည်မလည် ပြောခဲ့ပေးပါ။ သိရတာပေါ့။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *