မြတ်စွာဘုရားဟာ လူသားပဲ ဖြစ်ပါတယ်။ လူသားဖြစ်သည့် အားလျော်စွာ မြတ်စွာဘုရား၏ သာသနာသည်လည်း အင်မတန် လက်တွေ့ကျပါသည်။
ဒါကို ဘုန်းကြီးများက အစဉ်အဆက် ဘာသာတရားတစ်ခု ဖြစ်အောင် ဉာဏ်နည်းစွာ ကြိုးစားကြပါသည်။ တကယ်တော့ မြတ်စွာဘုရား၏ သာသနာသည် ဘိက္ခု၊ ဥပါသကာ နှင့် ဥပါသိကာတို့ ဖြစ်ပါသည်။ ထိုသုံးမျိုးအတွက် အဆုံးအမ အမျိုးမျိုးမှာ မြတ်စွာဘုရား၏ သာသနာဖြစ်ပါတယ်။ မြတ်စွာဘုရား၏ သာသနာမှာ အနှစ်သာရသည် သံသရာမှ ထွက်ရာလမ်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သစ္စာလေးပါးပါ။
မြတ်စွာဘုရားကို သာသနာ အဓွန့်ရှည်စေဖို့ လျှောက်တင်တာကတော့ ရှင်သာရိပုတ္တရာပင် ဖြစ်ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော်နဲ့ တရားတော်များကို၊ ပညတ်ချက်များကို စီရင်သွားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ စကားကတော့ “ဘုရား မပညတ်တာကို မပညတ်ဖို့နဲ့၊ ပညတ်တာကို မပယ်ဖို့” ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားဟာ လူသားဘုရား ဖြစ်တာနဲ့အညီ မြတ်စွာဘုရားရဲ့ သာသနာဟာ လူသားတိုင်း လက်ခံနိုင်တဲ့ ဂုဏ်ရှိပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာမှာ ‘ဘိက္ခု’ ဆိုတာဟာ တရားအားထုတ်သူများနဲ့ အရိယာ ဖြစ်ပြီးသူ ရဟန်းများသာ ဖြစ်ပါတယ်။ ဥပါသကာနဲ့ ဥပါသိကာများကတော့ ဘိက္ခုများ လိုအပ်သည်များကို ထောက်ပံ့ကြသူများ ဖြစ်ပါတယ်။
ဘိက္ခုများထဲတွင် တရားအားထုတ်ဆဲ ဖြစ်သည့် ဘိက္ခုများသည်လည်း လောက၏ အမြင့်မြတ်ဆုံးသော သံသရာက ထွက်ရာလမ်းကို ကြိုးစားနေကြသည် ဖြစ်သည့်အတွက် ဥပါသကာနှင့် ဥပါသိကာတို့အတွက် အကျိုးကျေးဇူး အလွန်ရှိပါတယ်။ အဲဒီလိုပါပဲ၊ အရိယာသံဃာ စာရင်းဝင်သည့် ဘိက္ခုများသည်လည်း ဥပါသကာ၊ ဥပါသိကာတို့၏ အလှူဒါနအတွက် လယ်ယာမြေကောင်းများသဖွယ် ဖြစ်သောကြောင့် အလွန်အကျိုးများစေသည့် သာသနာပင် ဖြစ်ပါတယ်။ ထို့အပြင် ဥပါသကာနှင့် ဥပါသိကာများ၏ အကျိုးကျေးဇူးအတွက် ဘိက္ခုများက ကုသိုလ်ပွားများစေသည့် တရားများကို ဟောကြားပေးသည်၊ သံသရာမှ လွတ်မြောက်ကြောင်းကို ညွှန်ကြားပေးသည် ဆိုသည့် သဘောနှင့်လည်း လောကအကျိုးကို ဆောင်သော သာသနာ ဖြစ်ပါတယ်။
ဗုဒ္ဓသာသနာကို အမှန်တကယ် ကြီးပွားတိုးတက်စေလိုပါက အထက်ပါ သာသနာ၏ အနှစ်သာရများ မပျောက်ပျက်သွားစေဖို့ အရေးကြီးပါတယ်။ ဥပါသကာနှင့် ဥပါသိကာတို့မှ သာသနာအတွက် တာဝန်ကျေလျှင်၊ ဘိက္ခုများ ဖြစ်ကြသည့် ရဟန်းများကလည်း တာဝန်ကျေဖို့ လိုအပ်တဲ့အကြောင်း ပြောပါရစေ။
ကျေးဇူးတင်ပါတယ်။


Leave a Reply