လောကကြီးမှာ လူသားတစ်ယောက် ဖြစ်လာပြီဆိုရင် ဖန်ဆင်းရှင် သို့မဟုတ် တန်ခိုးရှင်တွေကို ယုံကြည်ကိုးကွယ်ခြင်း မရှိဘဲ၊ လူသားရဲ့ စွမ်းအားနဲ့ ဆင်ခြင်တုံတရားကိုသာ အပြည့်အဝ အသုံးချပြီး အမှန်တရား ရှာဖွေရမယ်လို့ ယုံကြည်တဲ့ဝါဒကို လောကီရေးရာ လူသားပဓာနဝါဒ (Secular Humanism) လို့ ခေါ်ပါတယ်။ လူဟာ အရင်ဆုံး ဖြစ်တည်လာပြီးမှ မိမိဘဝရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို ကိုယ်တိုင် ဖန်တီးရတယ်ဆိုတဲ့ ဖြစ်တည်မှုပဓာနဝါဒ (Existentialism) နဲ့လည်း ဆက်စပ်နေပါတယ်။ ဒီလို ဝါဒတွေကို လက်ကိုင်ထားသူတွေအတွက် အဓိက ကိုယ်ကျင့်တရား စံသတ်မှတ်ချက် (Moral value) ဟာ ကိုယ်ချင်းစာတရား (Empathy) သက်သက်သာ ဖြစ်ပါတယ်။ ဒီလို အစွန်းရောက် လူသားဗဟိုပြု ဝါဒီတစ်ယောက်ကနေ ပုဂ္ဂိုလ်သတ္တဝါ လုံးဝမရှိဘူးဆိုတဲ့ အနတ္တဝါဒဆီကို ဘယ်လို ပြောင်းလဲလာခဲ့သလဲ ဆိုတာကို ကျနော့်ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ပြောပြချင်ပါတယ်။
ကျနော်ဟာ မူလကတည်းက သဒ္ဓါတရားလို့ ခေါ်တဲ့ ယုံကြည်မှု၊ ဆိုဆုံးမလွယ်တဲ့ စိတ်သဘောထား မျိုး လုံးဝ မရှိခဲ့ပါဘူး။ ဘာကိုမှ အလွယ်တကူ မယုံတတ်ဘဲ၊ အရာရာကို ငြင်းခုန်တိုက်ခိုက်ချင်တဲ့ စိတ်၊ အနိုင်လိုချင်တဲ့ မာန်မာနတွေနဲ့ အသိပညာ (Intellect) ကိုသာ ပထမ၊ ဒုတိယ၊ တတိယ နေရာမှာ ထားခဲ့သူ ဖြစ်ပါတယ်။ ဘဝမှာ ကြုံလာတဲ့ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ရတာ၊ ပြင်းပြင်းထန်ထန် ရုန်းကန်ကြိုးစားရတာတွေကိုမှ သဘောကျပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် အလွန်များခဲ့ပါတယ်။
အယူအဆရေးရာတွေမှာဆိုရင် ကိုယ်ယုံကြည်ရာကို ကိုယ်တိုင် ရှာဖွေလုပ်ကိုင်ရုံသာမက၊ တခြားသူတွေကိုပါ အမှန်အမှား ခွဲခြားပြပြီး အနိုင်ယူ ငြင်းခုန်ချင်ခဲ့ပါတယ်။ လူတစ်ယောက်ဟာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ အတွေးအခေါ် ပညာရပ်စုံကို သိအောင်လုပ်ပြီးမှ အမှန်တရားကို ရှာဖွေကာ နောက်လူတွေအတွက် လက်ဆင့်ကမ်းပေးခဲ့ရမယ် ဆိုတဲ့ အယူအဆမျိုး ရှိခဲ့ပါတယ်။ နာမည်ကြီးချင်တဲ့ စိတ်မရှိပေမယ့်၊ အတွေးအခေါ်ပိုင်းမှာတော့ ဆူးလှည်းကြီး ဆွဲဝင်လာသလို ဝင်တိုက်တတ်၊ ပြဿနာရှာတတ်ခဲ့ပါတယ်။ အန္တိမ ရည်မှန်းချက်ကတော့ တကမ္ဘာလုံး လက်ခံနိုင်မယ့် ဘုံစံသတ်မှတ်ချက် (Universal Standard) တစ်ခုကို ဖော်ထုတ်ချင်ခဲ့တာပါပဲ။
ငယ်စဉ်ကတည်းက ဖခင်ရဲ့ စာအုပ်စင်ကြီးတွေထဲက စာအုပ်ပေါင်းစုံကို ကုန်စင်အောင် ဖတ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်ဖွား ဖြစ်တဲ့အလျောက် ၇ နှစ်၊ ၈ နှစ် အရွယ်ကတည်းက ကစားဖော်မရှိဘဲ စာအုပ်တွေနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ စာပေတွေ အများကြီး ဖတ်ပြီးတဲ့နောက် ကျနော် ကောက်ချက်ချမိတာက ဘဝတိုးတက် အောင်မြင်ဖို့အတွက် ဘာကိုမဆို စွန့်လွှတ်ရဲရမယ် ဆိုတာပါပဲ။ အချစ်ရေးမှာလည်း သူများထက် စောပြီး နားလည်ခဲ့သလို၊ အတွေးအခေါ်ပိုင်းမှာလည်း အားကျရတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ “တကြောင်းတည်းသောစိတ် (ဆန္ဒာဓိပတိ)” ကို အရမ်း သဘောကျပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ စံသတ်မှတ်ချက်တွေကို ပစ်ပယ်ပြီး ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို အရောက်သွားတဲ့ စိတ်ဓာတ်ကို လေးစားခဲ့တာပါ။
ဘာသာတရားနဲ့ ပတ်သက်ရင်လည်း ငယ်စဉ်ကတည်းက ဇိနတ္ထပကာသနီ၊ ဓမ္မပဒ စတဲ့ စာအုပ်တွေ ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အားနည်းချက်က နားလည်လွယ်သလောက် မှတ်ဉာဏ် အင်မတန် ညံ့ဖျင်းတာပါပဲ။ ကျောင်းစာတွေ ကြိုဖတ်ထားပေမယ့် မှတ်ဉာဏ်အားနည်းလို့ သင်္ချာကလွဲရင် ကျန်တာတွေမှာ အဆင့် ၁၀ နဲ့ ၁၅ ကြားလောက်မှာပဲ ရှိခဲ့ပါတယ်။ ကိုယ်လုပ်ချင်တာကို မရမနေ ခိုးလုပ်တတ်တဲ့ အကျင့်၊ ဘယ်လိုဆုံးမဆုံးမ ကိုယ်ပိုသိတယ်ဆိုတဲ့ မာနတွေကြောင့် မိဘတွေဆီက အပြင်းအထန် အရိုက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ ဟုတ်ကဲ့သာ ပြောပြီး စာအုပ်တွေထဲက အသိလောက်နဲ့သာ မိဘစကားကို နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ် စိုင်းခဲ့ပါတယ်။
ဒီလို အရိုက်ခံရ၊ အဆူခံရမှုတွေကြောင့် စိတ်ထဲမှာ အငုံ့စိတ်တွေ ရှိလာခဲ့ပါတယ်။ ဆုံးမရခက်ပြီး ထင်ရာစိုင်းတတ်တဲ့အတွက် ကိုယ်လုပ်ချင်တာကို ခိုးလုပ်တယ်၊ အပြစ်ပေးခံရမှာစိုးလို့ လိမ်ညာတယ်၊ အလိမ်ပေါ်တဲ့အခါ “လူလိမ်” လို့ အပြောခံရပြီး ကိုယ့်အပြစ်နဲ့ကိုယ် သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရပါတယ်။ ၇ တန်းအရွယ်မှာတင် ဆေးလိပ်၊ အရက် စသောက်တတ်ခဲ့သလို အသည်းလည်း အကြီးအကျယ် ကွဲခဲ့ဖူးပါတယ်။ ၁၀ တန်းရောက်တော့ ဆေးခြောက် စသုံးခဲ့ပြီး၊ ဖခင် သင်္ဘောလိုက်နေချိန်မှာ ကျူရှင်လခတွေခိုး၊ ရည်းစားနဲ့ လျှောက်လည်၊ အရက်သောက်၊ ဖဲရိုက် စတဲ့ အလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ (ရည်းစားအပေါ် သစ္စာရှိလို့ တခြားမိန်းမကိစ္စတော့ ကင်းရှင်းခဲ့ပါတယ်)။ ၁၉၉၆ ခုနှစ် ဖခင် ပြန်လာချိန်မှာ ဘာသာရပ် အခန်းတွေကိုတောင် မသိလောက်အောင် အခြေအနေ ဆိုးနေခဲ့ပေမယ့်၊ တစ်လကျော်လောက် အသေအလဲ ကျက်မှတ် ကြိုးစားလိုက်တဲ့အခါ (စာအနည်းငယ် ခိုးချမှု အပါအဝင်) ၂၇၃ မှတ်နဲ့ ဆယ်တန်း အောင်မြင်ခဲ့ပါတယ်။
အိမ်ပေါ်က ဆင်းရတဲ့အထိ ဖြစ်ခဲ့တဲ့ ပြဿနာကတော့ ကွန်ပျူတာတက္ကသိုလ် တက်ရောက်ဖို့ ကြိုးစားရာကနေ စတင်ခဲ့တာပါ။ ကွန်ပျူတာ ဒီပလိုမာ (IQ Test) အောင်အောင် ကြိုးစားခဲ့ပေမယ့်၊ အောင်မြင်ပြီးချိန်မှာ ရည်းစားနဲ့ အချိန်ဖြုန်းတာတွေကြောင့် ကျောင်းက အောင်မှတ်ပေးလို့ မရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဖခင်က ဒေါသနဲ့ မောင်းချတဲ့အခါ သုံးကြိမ်လောက် တောင်းပန်ပြီးနောက် အိမ်ပေါ်ကနေ ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီထဲမှာ အဓိက ကျတဲ့အချက်ကတေ့ လိမ်ညာခြင်းကို လုံးဝမလုပ်ချင်တော့လိုပါ။ အဲဒီအချိန်ကစပြီး ကျန်တာတွေသာလုပ်မယ် လိမ်ညာတယ် ဆိုတာကိုတော့ လုံးဝရှောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Informatic ကွန်ပျူတာစင်တာကနေ ဒီပလိုမာ ရထားသလို ရန်ကုန်တက္ကသိုလ်မှာလည်း IT ဒီပလိုမာ တက်နေပါပြီ။ Programming ကို အလွန် ဝါသနာပါပြီး Programmer လုပ်ဖို့ မွေးလာတာလို့တောင် ခံယူထားခဲ့ပါတယ်။
ဘာသာရေးနဲ့ ပတ်သက်ရင်တော့ မိုးကုတ်၊ ချမ်းမြေ့၊ ဦးဂိုအင်ကာ စတဲ့ ရိပ်သာတွေကို ဝင်ဖူးပေမယ့် ဗုဒ္ဓဘာသာကို လေးစားရုံ အဆင့်မှာသာ ရှိပြီး၊ “ငါ” ဆိုတဲ့ လူသားဖြစ်တည်မှု အစွဲက အင်မတန် ကြီးမားနေဆဲပါ။ ဒါပေမယ့် နိုင်ငံခြား မထွက်ခင် မဟာစည်ရိပ်သာကို ဝင်ခဲ့ချိန်မှာတော့ တရားပြဆရာ မရှိဘဲ မဟာစည်ဆရာတော်ကြီးရဲ့ စာအုပ်အတိုင်း ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ကြီးကျယ်တဲ့ ရည်ရွယ်ချက် မရှိခဲ့ပေမယ့်၊ စာအုပ်ပါ လမ်းညွှန်ချက်တွေအတိုင်း တိတိကျကျ လုပ်ဆောင်ရင်း မရဖူးတဲ့ သမာဓိတွေ ရလာကာ “ရုပ်နဲ့ နာမ် ကွဲပြားသွားတဲ့ ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)” ကို ကိုယ်တွေ့ မျက်မှောက် ပြုလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကိုယ်တစ်သက်လုံး တည်ဆောက်ခဲ့တဲ့၊ အထင်ကြီးခဲ့တဲ့ “ငါ” ဆိုတဲ့ အရာကြီးဟာ ကျိုးပဲ့ကြေမွသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေ မှန်ကန်ကြောင်း လက်ခံသွားခဲ့ပေမယ့်၊ ကိုယ့်ဉာဏ်နဲ့ မမီသေးတဲ့ တခြားအချက်တွေကိုတော့ အပြည့်အဝ လက်မခံနိုင်သေးပါဘူး။ ၂၀၀၇ ခုနှစ် စင်္ကာပူကို အလုပ်သွားရှာတဲ့အခါမှာတောင် အလုပ်ရဖို့ အလွန်ခက်ခဲနေချိန်မှာ ဒေသခံ နတ်တွေကို ရှိခိုးဆုတောင်းရမယ် ဆိုတာကို လုံးဝ လက်မခံဘဲ ယုံကြည်မှုနဲ့ ရပ်တည်ခဲ့ပါတယ်။
စင်္ကာပူမှာ အလုပ်ရပြီးနောက် အင်တာနက် အလွယ်တကူ သုံးနိုင်တဲ့အခါ ကျနော့်ရဲ့ ဗဟုသုတ ရှာမှီးလိုစိတ်ဟာ ပိုမို ပွင့်လန်းလာခဲ့ပါတယ်။ Youtube ကနေ ဒဿနိကဗေဒ လက်ချာတွေ၊ သိပ္ပံပညာ၊ ရူပဗေဒ သီအိုရီတွေ၊ စကြဝဠာ အကြောင်းတွေကို အချိန်ပိုရတိုင်း လေ့လာခဲ့ပါတယ်။ စင်္ကာပူက အလုပ်ခွင် ယဉ်ကျေးမှုနဲ့ လူမှန်နေရာမှန် ဆက်ဆံခံရမှုတွေက ကျနော့်ရဲ့ လောကအမြင်ကို ပိုမို ကျယ်ပြန့်စေခဲ့ပါတယ်။ အလုပ် သုံးခုလောက် ပြောင်းလုပ်ရင်း အိမ်ထောင်ကျခဲ့ပြီး၊ အသက် ၄၀ မှာ ဘုန်းကြီးဝတ်မယ်လို့ ဇနီးသည်ကို ကြိုပြောခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အတွင်းစိတ်ထဲမှာတော့ သိပ္ပံပညာကိုသာ ပိုယုံကြည်နေဆဲဖြစ်ပြီး၊ သဒ္ဓါတရား အားကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ အမြင်မှာတော့ ကျနော်ဟာ ဘာသာမဲ့ တစ်ယောက်လို ပါပဲ။ ဗုဒ္ဓအဆုံးအမတွေထက် လွတ်လပ်ခွင့်ကို အလေးပေးတဲ့ လစ်ဘရယ်ဝါဒ (Liberalism) ကို ပိုလက်ခံခဲ့ပြီး၊ လူသားအားလုံး လက်ခံနိုင်မယ့် ဘုံစံသတ်မှတ်ချက်ကိုသာ ဖော်ထုတ်ချင်နေဆဲပါ။ လူသားကသာ အဓိက၊ လူရဲ့ ဆင်ခြင်တုံတရားကသာ အဓိကဖြစ်ပြီး မိရိုးဖလာ ကိုးကွယ်မှုဟာ သဘာဝမကျဘူးလို့ ယုံကြည်ကာ ကိုယ့်ကိုယ်ကိုယ် ဘာသာမဲ့ (သို့မဟုတ်) လူသားပဓာနဝါဒီ တစ်ယောက်အနေနဲ့သာ သတ်မှတ်ထားခဲ့ပါတယ်။ ဘာသာတရား မှန်သမျှကို လူသားတွေရဲ့ တွေးခေါ်မှု အသီးအပွင့်တွေ၊ ဒဿနိကဗေဒတွေ အဖြစ်သာ မြင်ခဲ့ပြီး ဘယ်ဘာသာမှ အခြားသူတွေကို လိုက်လံ သွေးဆောင်စည်းရုံးခြင်းမျိုး မလုပ်သင့်ဘူးဆိုတဲ့ အယူအဆကို အခိုင်အမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *