မဟာဝါပါဠိတော်လာ ဆုတ်ယုတ်ကြောင်းတရား

မြတ်စွာဘုရားရှင်ဟာ မဟာဝါပါဠိတော်မှာ ရဟန်းတို့အတွက် မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယတရား ၇-ပါး) ကို ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီအထဲမှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ‘မြတ်စွာဘုရား မပညတ်ခဲ့တာကို အသစ်မပညတ်ခြင်း၊ မြတ်စွာဘုရား ပညတ်ခဲ့ပြီးသားကို မပယ်ဖျက်ခြင်း’ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီစကားတော်အတိုင်း လိုက်နာနေသရွေ့ ရဟန်းတွေ ကြီးပွားတိုးတက်ခြင်းသာ ရှိမယ်၊ ဆုတ်ယုတ်ခြင်း မရှိနိုင်ဘူးလို့ ဘုရားရှင် အတိအလင်း မိန့်မှာခဲ့တာပါ။

ဒါကို ပြောင်းပြန်လှန်ပြီး ကြည့်လိုက်ရင် မြတ်စွာဘုရား မပညတ်ခဲ့တာတွေကို ကိုယ့်သဘောနဲ့ကိုယ် အသစ်တီထွင်ပြီး ပညတ်လာမယ်ဆိုရင်၊ ဒါဟာ ရဟန်းတို့ရဲ့ တိုက်ရိုက် ဆုတ်ယုတ်ကြောင်း၊ သာသနာတော် ဆုတ်ယုတ်ကြောင်း အစစ်အမှန်ပါပဲ။ ယနေ့ခေတ် သာသနာတော်မှာ တရားအားထုတ်ပြီး ခန္ဓာဉာဏ်ရောက်ဖို့ထက် အခြားသော အပိုအမောက်တွေ၊ အယူအဆအမှားတွေ ဝင်ရောက်လာတာဟာ ဒီအချက်ကို ဖောက်ဖျက်ပြီး မပညတ်တာကို ပညတ်နေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုတ်ယုတ်ကြောင်းတရားခံကို အမြန်ဆုံး ဖယ်ရှားမှသာ သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခ) တွေအတွက် လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ပထမအချက် – အနန္တော အနန္တငါးပါးကို ပညတ်ခြင်း

ဂုဏ်ဆိုတာ ပုထုဇဉ်တို့ရဲ့ ဥစ္စာဖြစ်ပါတယ်။ ပုထုဇဉ်တွေဟာ ဂုဏ်အပေါ်မှာ ခံနိုင်ရည်မရှိကြသလို၊ ဂုဏ်ကြောင့်ပဲ အကုသိုလ်အမှုတွေနဲ့ နစ်မွန်းနေကြရတာပါ။ ရဟန်း (ဘိက္ခု) ဆိုတဲ့ အဖွဲ့အစည်းဟာ ပုထုဇဉ်တွေကို ကယ်တင်ရမယ့်၊ သက်သာရာရအောင် လုပ်ပေးရမယ့်အပြင် အရိယာတွေကို အတုယူပြီး ဂုဏ်ဆိုတာကို ပယ်သတ်နိုင်သလောက် ပယ်သတ်ဖို့ ဟောပြောရမယ့်သူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် မြတ်စွာဘုရား မပညတ်ခဲ့တဲ့ “အနန္တော အနန္တငါးပါး” ဆိုတာကို ထည့်သွင်းပညတ်လိုက်တဲ့အခါ မိဘနဲ့ ဆရာဆိုတဲ့ ပုထုဇဉ်တွေဟာ သူတို့ကိုယ်သူတို့ ဘုရားနဲ့ နှိုင်းယှဉ်လို့ရတယ်၊ ဘုရားနဲ့ တစ်ဂိုဏ်းတည်းဆိုတဲ့ တကယ်မဟုတ်တဲ့ ဂုဏ်အတုကြီးနဲ့ သာယာသွားကြပါတယ်။ သူတို့ကိုယ်တိုင်က အကုသိုလ်အမှုတွေကို မရှောင်နိုင်တာ၊ ဆရာတို့ရဲ့ မျက်နှာကို မော့ကြည့်ရတာဆိုတဲ့ ဘေးတွေ သင့်နေပါလျက်နဲ့ ဘေးတူတူသင့်နေတဲ့ ပုထုဇဉ်ဖြစ်တဲ့ သားသမီးနဲ့ တပည့်တွေအပေါ်မှာ ဂုဏ်အဆင့်အတန်း လုံးဝ ခွဲခြားလိုက်တဲ့အတွက် လောကမှာ ပြဿနာတွေ တက်ကုန်ကြပါတော့တယ်။ ဒီအယူအဆဟာ ဘယ်သူသင်တာလဲဆိုရင် ရဟန်းတို့သင်တာဖြစ်လို့ ရဟန်းတို့ရဲ့ ဆုတ်ယုတ်ကြောင်း ဖြစ်လာပါတယ်။ ဒါဟာ မြတ်စွာဘုရား မပညတ်တာကို ပညတ်တဲ့အတွက် ဖြစ်ရတာပါ။

ဒုတိယအချက် – သမုတိသံဃာကို ပညတ်ခြင်း

သမုတိသံဃာဆိုတာကို ပညတ်ခြင်းဟာ သံဃာရတနာဆိုတာ သံဃာ့ဂုဏ်တော် (၉) ပါးနဲ့ ညီညွတ်တဲ့ အရိယာဖြစ်သော ရဟန်းများသာ ဖြစ်တယ်ဆိုတာကို ပယ်ဖျက်လိုက်သလို ဖြစ်သွားစေပြီး လူတွေကို ကိုးကွယ်မှု အမှားအယွင်း ဖြစ်စေပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ ရဟန်းများကလည်း အစကတည်းက သူတို့ကိုယ်သူတို့ ကိုးကွယ်ရာဖြစ်နေပြီ (သံဃာရတနာထဲမှာ ပါတယ်) လို့ မှားယွင်းစွာ ယူဆပြီး တရားအားမထုတ်တော့ဘဲ အကုန်လုံးကို ဆရာလုပ်ဖို့ ကြံစည်ကြပါတော့တယ်။

ပုထုဇဉ်ထုံးစံအတိုင်း အကုသိုလ်အမှုတွေကို မရှောင်နိုင်တာ၊ ဆရာတို့မျက်နှာကို မော့ကြည့်ရတာဆိုတဲ့ ပုထုဇဉ်စရိုက်ကြီး ရှိနေတဲ့အတွက် ကိုးကွယ်သူရော၊ ကိုးကွယ်ခံရတဲ့ ပုထုဇဉ်ရဟန်းပါ အကုသိုလ်အမှုတွေ ကျူးလွန်မိစရာ ဖြစ်ကုန်ပါတယ်။ သံဃာရတနာလို့ ကိုယ့်ကိုယ်ကိုယ် ပြောခြင်းဟာ အရိယာလို့ သွယ်ဝိုက်ဆိုလိုရာရောက်တဲ့အတွက် စတုတ္ထပါရာဇိကနဲ့လည်း နီးစပ်ပါတယ်။ စေ့စေ့ပေါက်ပေါက် ကောက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်ရာ သံဃာရတနာထဲမှာ ပါဝင်တယ်လို့ ယူဆဟောပြောတဲ့ ပုထုဇဉ်ရဟန်းမှန်သမျှဟာ ပါရာဇိကကျပြီးသားလို့တောင် ပြောလို့ရပါတယ်။

ပုထုဇဉ်ရဟန်းကို သမုတိသံဃာလို့ သတ်မှတ်လိုက်တဲ့အတွက် မြတ်စွာဘုရား မပညတ်ခဲ့တဲ့ ပရမတ္ထသံဃာ၊ အရိယာသံဃာ ဆိုတဲ့ စကားလုံးတွေကိုပါ ထပ်ထွင်ရတဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။ ပရမတ္ထသံဃာဆိုတဲ့အထဲမှာ လူအရိယာတွေပါ ပါဝင်တဲ့အတွက် လူအရိယာတွေကို သံဃာဆိုတဲ့ စကားလုံးအောက်ပို့တဲ့ အပြစ်၊ အရိယာသံဃာဆိုတာကို သတ်မှတ်ပြန်တဲ့အတွက် သံဃာရတနာကို ညှိုးနွမ်းစေတဲ့ အပြစ်တွေ ထပ်ဖြစ်ရပါတယ်။ ဒါဟာလည်း မြတ်စွာဘုရား မပညတ်တာကို ပညတ်တဲ့အတွက် ရဟန်းတွေ ဆုတ်ယုတ်ကြောင်း ဖြစ်ရပြန်ပါတယ်။

တတိယအချက် – သစ္စာကို ပညတ်ခြင်း ပြဿနာ

သစ္စာဆိုတာဟာ အင်မတန် အရေးကြီးပါတယ်။ မြတ်စွာဘုရားက ပုဂ္ဂလပညတ်ကျမ်းမှာ သစ္စာကို ပညတ်တဲ့အခါ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဆိုပြီး သစ္စာလေးပါးပဲ ပညတ်ခဲ့ပါတယ်။ ဒါကို နောက်ပိုင်းမှာ ‘သမုတိအမှန်’ နဲ့ ‘ပရမတ္တအမှန်’ တွေကိုပါ သစ္စာအနေနဲ့ ပညတ်လိုက်တဲ့အခါမှာ သစ္စာဆိုတဲ့၊ မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး သိအောင်လုပ်လာခဲ့ရတဲ့ စကားလုံးကို ပျက်ရယ်ပြုသလို ဖြစ်သွားပါတယ်။

‘သမုတိအမှန်’၊ ‘ပရမတ္တအမှန်’ ဆိုတဲ့ စကားလုံးနဲ့တင် လုံလောက်ရမှာကို သမုတိကိုပါ သစ္စာထိုက်တယ်လို့ ပြောလိုက်တဲ့အခါမှာ သစ္စာလေးပါးဟာ ပျက်စီးရပါတယ်။ သမုတိကို သစ္စာအဖြစ် ထွင်လိုက်မိတဲ့အခါမှာ မြတ်စွာဘုရား မပညတ်ခဲ့တဲ့ ပရမတ္တသစ္စာ ထပ်ထွင်ရသလို၊ အရိယာသစ္စာဆိုတာကိုပါ ခွဲခြားပြီး ထပ်ထွင်ရပြန်ပါတယ်။ ဒီအခါမှာ သမုတိလည်း သစ္စာထိုက်တယ်၊ သစ္စာလေးပါးလည်း သစ္စာထိုက်တယ်ဆိုရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲဆိုတဲ့ ပညာရှိတွေရဲ့ ကဲ့ရဲ့ခြင်းကို ရဟန်းတွေ ခံရပြန်ပါတော့တယ်။ ဒါဟာလည်း မြတ်စွာဘုရား မပညတ်တာကို ပညတ်တဲ့အတွက် ရဟန်းတို့ရဲ့ ဆုတ်ယုတ်ကြောင်း ဖြစ်ရတာပါ။

စတုတ္ထအချက် – ဂန္ထဓုရကို ပညတ်ခြင်း

ဂန္ထဓုရဆိုပြီး ပညတ်ခြင်းကလည်း မြတ်စွာဘုရား မပညတ်တာကို ပညတ်ခြင်းပါပဲ။ ဓမ္မပဒအဋ္ဌကထာမှာ ရေးထားပေမယ့်၊ မြတ်စွာဘုရားစကား ဟုတ်/မဟုတ်ကို သုတ်၊ ဝိနည်းနဲ့ တိုက်ကြည့်လိုက်ရင် ဘယ်သုတ္တန်မှာမှ ဂန္ထဓုရကျောင်းလုပ်တာမျိုး မပါပါဘူး။ ဂန္ထဓုရဆိုတာဟာ “ငါစာကျက်တယ်၊ ငါစာအောင်အောင် လုပ်ရမယ်” ဆိုတဲ့ အတွေးတွေပါပြီး အဲဒီစာအကျက်မှုတွေဟာ “ငါ” ဆိုတဲ့ အတ္တဒိဋ္ဌိ ဦးစီးနေတဲ့အတွက် မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဒိဋ္ဌိတွေပဲ ဖြစ်နေပါတယ်။

မြတ်စွာဘုရားက သုတ္တန်တွေထဲမှာ သမ္မာဒိဋ္ဌိကစတဲ့ မဂ္ဂင်တွေကိုပဲ ကျင့်သုံးစေတာက တစ်ချက်၊ ဝိနည်းမှာလည်း စာသင်သားများအတွက် သီးသန့်ရဟန်းခံမှု ရွတ်ဆိုရန်စကား မပါခြင်း၊ စာသင်သားများအတွက် သီးသန့်ဝိနည်းမပါခြင်း (ဥပမာ – စာကျက်ရတဲ့အခါ ဗိုက်အလွန်ဆာလို့ ညစာမစားဘဲ မဖြစ်တဲ့ အခြေအနေမျိုးအတွက်) တို့ကြောင့် ဒီစကားဟာ မြတ်စွာဘုရားဟောကြားခဲ့တယ်လို့ လိမ်ညာပြီး အဋ္ဌကထာဆရာက ရေးထားတာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ မြတ်စွာဘုရား မပညတ်ခဲ့တဲ့ ဂန္ထဓုရကို ပညတ်လိုက်တဲ့အခါ အရိယာတို့ရဲ့ ဥစ္စာမဟုတ်တဲ့၊ ပုထုဇဉ်တို့ရဲ့ ဥစ္စာသာဖြစ်တဲ့ “စာဘယ်လောက်သင်တယ်” ဆိုတဲ့အပေါ်ကနေ ခွဲခြားတဲ့ ဂုဏ်တွေ ထပ်ပေါ်လာပြီး ရဟန်းတွေ စာသာသင်ပြီး တရားအားမထုတ်တော့ခြင်းကြောင့် ဆုတ်ယုတ်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒါဟာလည်း မြတ်စွာဘုရား မပညတ်တာကို ပညတ်တဲ့အတွက် ရဟန်းတို့ ဆုတ်ယုတ်ကြောင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

နိဂုံးချုပ် (ပြင်တော်မူပါ သာသနာ)

ရဟန်းတို့ရဲ့ ဆုတ်ယုတ်ခြင်းဟာ သာသနာရဲ့ ဆုတ်ယုတ်ခြင်းပါပဲ။ ယခုအခါမှာ သာသနာဆုတ်ယုတ်နေတာ၊ တရားအားထုတ်လို့ မဂ်ဖိုလ်ရဖို့ ခက်ခဲနေတာဟာ မြတ်စွာဘုရား မပညတ်ထားတာတွေကို ပညတ်ထားလို့ ဖြစ်နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခ) တွေအနေနဲ့ လွတ်မြောက်ရာလမ်းကို လျှောက်လှမ်းဖို့ အဟန့်အတားတွေ ဖြစ်နေပါတယ်။

ဒီတော့ သာသနာ ပြန်လည်တိုးတက်ချင်ရင် လက်ရှိလုပ်ရပ်နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ မြတ်စွာဘုရား မပညတ်တာကို မပညတ်ခြင်း (မပညတ်တာကို ပညတ်မိထားတာများအားလုံးကို ဖျက်ဆီးပစ်ခြင်း) နဲ့ မြတ်စွာဘုရားကို ပူဇော်ရမှာ ဖြစ်ပါတယ်။ ဆုတ်ယုတ်ကြောင်းတရားတွေကို ကျင့်ပြီး ဆုတ်ယုတ်တဲ့အခါမှာ ပိဋကတ်ထဲမှာ မပါတဲ့ ဆုတ်ကပ်ဆိုတဲ့စကားလုံးနဲ့ အကာကွယ်ယူတာတွေလဲ ရပ်တန်းက ရပ်သင့်ပါပြီ။ ဒါတွေနဲ့ ပတ်သက်ပြီး အလေးအနက် စဉ်းစားကြပါ။ သာသနာကို ဖျက်ဆီးတဲ့အထဲ ပါချင်ရင်တော့ ဒီကိစ္စတွေကို ဆန့်ကျင်ဖက်ကနေ ကာကွယ်ပါ။ သာသနာကို တိုးတက်စေချင်ရင်တော့ မြတ်စွာဘုရား မပညတ်တာကို မပညတ်ခြင်းအားဖြင့်၊ မှားယွင်းစွာ ပညတ်ထားမှုတွေကို ပယ်ဖျက်ခြင်းအားဖြင့် ကြိုးစားကြပါလို့ ရဟန်းတွေကို လျှောက်ထားလိုပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *