သတ္တဝါ ဆိုတဲ့ တကယ်မရှိတာကြီးကို အရှိလုပ်တဲ့နောက်မှာ ရူးချက် သန်လိုက်ပုံများဆိုတာ ပြောကို မပြောချင်တော့ပါဘူး။ မိုးကုတ်ဆရာတော်ကြီးက ခဏ ခဏ ပြောတယ် ခင်ဗျားတို့ ရူးချက် သန်လွန်းတယ် ရူးချက်သန်လွန်းတယ်လို့ ခဏ ခဏ ပြောတယ်။ စိတ်ထဲမှာတော့ ဟုတ်မှာပေါ့၊ ဆရာတော်ကြီးပြောတာဆို မှန်မှာပေါ့ လောက်ပဲ သဘောရခဲ့တာ။ ရူးနေပါတယ်လို့ ပြောတာကို ဘယ်လိုရူးနေတာလဲလို့ မစဥ်းစားမိဘူး။ ဘာလို့လဲ ဆိုတော့ အရူးဖြစ်နေတာကိုး။ အခုမှပဲ သဘောပေါက်တော့တယ်။ ကျွန်တော်လဲ အားမနာတော့ဘူး ခင်ဗျားတို့ ရူးလွန်းတယ်နော်လို့ပဲ ပြောချင်မိတယ်။ နှိမ်ချင်တာ မဟုတ်ဘူးနော် အရှိ အရှိအတိုင်း ပြောတာပါ။ မိုးကုတ်ဆရာတော်ကြီးက ဥပါဒါန်မရှိလေတော့ ကြည်ညိုစရာကြီးပေါ့။ ကျနော်တို့ကတော့ ဥပါဒါန်တွေ တလှေ တခေါင်းကြီးနဲ့ နည်းနည်းလေး သိလာလို့ ဥပါဒါန်လေးသက်သာလာလို့ ဒီအသံထွက်လာတယ်ပဲ သဘောထားလိုက်ပါ။ တကယ့်ကို ရူးတာမှ ရိုရိုသေသေ ရူး ရူးကြတယ်။ မောက်မောက်မာမာ ရူး ရူးကြတယ်။ ဒေါသတကြီး ရူး ရူးကြတယ်။ ဥစ္စာရူး ရူးကြတယ်။ မိဘ သားသမီး ရူး ရူးကြတယ်။ ဆွေမျိုး အသိုင်းအဝိုင်းရူး ရူးကြတယ်။ ရူးပုံမှ ပေါင်းကို စုံနေတော့တာပါပဲ။ ကျုပ်တို့ကို ပြောတော့ ခင်ဗျားရေား မရူးလို့လားဆိုရင် နည်းနည်းတော့ ရူးသေးတာပဲလေ။ ဒါပေမယ့် အရူးပျောက်ဆေးတော့ သောက်ပြီးသွားပြီ။ အရူးပျောက်ဖို့က ဆေးတာဝန် ဖြစ်နေပြီလို့ပဲ ပြောရမှာပါပဲ။ တာဝန် ဆိုလို့ ပြောရဦးမယ်၊ အဲဒီ တာတန်ဆိုတဲ့ စကားလုံးက အင်မတန် ရူးချက်သန်တဲ့ စကားလုံးနော်။ ဘုရားအလောင်းမှာ အဲဒီတာဝန် ဆိုတဲ့ အရူး ရူးလိုက်တာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း။ ခင်ဗျားတို့က သဿတ ဒိဋ္ဌိကြီးနဲ့ ဘုရားအလောင်းဆိုတာလဲ လူပဲ ဘုရားဆိုတာလဲ လူပဲ တစ်ယောက်တည်းပဲ ဆိုပြီး ငရဲကျမယ့်ကောင်လို့ ရူးပြီး ပြောချင် ပြောဦးမှာ။ ပြောလဲ မတတ်နိုင်ဘူး တလုံးရ ရ နှစ်လုံး ရရ ပြောရမှာပဲ။ ဉာဏ်ဖြစ်သွားလဲ မနည်းဘူး။

အရူးတွေကို အရူးစကားပြောမှပဲ နားလည်မှာမို့ အရူးစကားပဲ ပြောရဦးမယ်။ စာဖတ်တဲ့ လူတွေထဲမှာ ကျနော် ဘယ်လိုလူဆိုပြီး သိထားတဲ့ သူတွေလဲ ပါချင် ပါမှာပါ။ အဲဒီတော့ အဲဒီအမြင်ကနေပဲ နည်းနည်း ပြောမယ်။ ဂုဏ်ဆာတယ် ပြောချင်လဲ ပြောပေါ့။ တကယ်တော့ ဘယ်တရားက အကျိုးပေးတယ်။ ဘယ်တရားက ဆွဲချတယ် ဆိုတာသိစေချင်တာပါ။ ဒိဋ္ဌိ ဆိုတဲ့ ကိလေသာ မခမ်းသ၍ ကံ ကံ၏အကျိုးကို ယုံကြည်ပါတယ် ပြောလဲ ခင်ဗျားတို့ကို ဒိဋ္ဌိက အေးအေး ဆိုပြီး အပါယ်ပို့မှာပဲ။ ဈာန် သမ္မာဒိဋ္ဌိ ရှိပါတယ် ဆိုလဲ အေးအေး ဟိုးမှာတွေ့လား ဗြဟ္မာပြည် သွားလိုက်ဦး သွားလိုက်ဦး။ နောက်မှ အပါယ်ပို့မယ် စိတ်သာချ ဆိုပြီး ပြုံးပြုံးကြီး ပို့လိုက်မှာပါပဲ။ ခင်ဗျားတို့က ကျုပ်တို့က ကံ ကံ၏ အကျိုးကို ယုံတာပဲ နတ်ပြည်လောက်တော့ လုပ်ဆိုလဲ ယုံတာတော့ မှန်ပါရဲ့ လုပ်ပုံကတော့ မဟန်သေးဘူး ရော အံစာတုံးခေါက် ကျချင်ရာ ကျ ဆိုပြီး ပို့လိုက်တာပါပဲ။

လူတသိန်းမှာ တစ်ယောက်လောက် နတ်ပြည်ရောက်သွားတာကို အမလေး ဟုတ်လိုက်လေးခြင်း ဆိုပြီး ခင်ဗျားတို့က လုပ်နေတယ်။ နတ်ပြည်ရောက်တဲ့ တစ်ယောက်သာ မြင်တယ်၊ ငရဲရောက်သွားတဲ့ ကိုးသောင်းကိုထောင်ကိုးရာကိုးဆယ့်ကိုးကို မမြင်ဘူး။ ဘုန်းကြီးတွေကလဲ အဲဒီတစ်ယောက်အကြောင်းကိုပဲ ချီးမွမ်းခန်းတွေဖွင့်၊ စာတွေရေး၊ ဟောပြော၊ ပြီးတော့ မိန့်မိန့်ကြီး ဆွမ်းစား၊ သူလဲ တစ်သိန်းမှာ တစ်ယောက်ပေါက်တဲ့ ထီထိုးရတာ သူမသိဘူး။ ခင်ဗျားတို့ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဒီလောက် နေ့တိုင်းထွက်နေတဲ့ ထီ၊ လတိုင်းထွက်နေတဲ့ ထီတောင်မှ တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက် ဆိုတာတောင်မှ ထိုးတဲ့သူတိုင်း မွဲနေကြတာ။ တစ်ခါသေမှ တစ်ခါဖွင့်တဲ့ တစ်သိန်းတစ်ယောက်ထီ ကို သွားထိုးပြီး အဲဒါကိုပဲ ပေါက်မယ် ယုံနေကြတော့ ရူးချက်က သန်တယ်မပြောလို့ ဘာပြောရမှာလဲ။ ဟိုချဲထီကမှ မပေါက်ရင် ပိုက်ဆံ ကုန်သွားယုံလောက်ရှိတာ အခုထီက မပေါက်ရင် ငရဲကျမယ့် ကိစ္စကို အဲဒီထီပေါ် ယုံပြီး ပုံနေတာများကတော့ ရူးချက်သန်တယ် ဆိုတဲ့ စကားကလွဲပြီး တခြားပြောစရာ မရှိဘူး။ ဘယ်လောက်တောင် ပျင်းသလဲ ဖျင်းသလဲ ဆိုရင်တော့ ထီပေါက်တဲ့ သူအကြောင်း ပြောလို့ကတော့ ဆွမ်းလေး ကွမ်းလေး ကပ်ပြီး အဖန်ဖန် ကြည်နူး၍ ဆိုတာမျိုး။ အေးတာပဲ။ အဲလိုကြီး မဟုတ်သေးဘူးနော် ဆိုရင် နုတ်ခမ်း တလန် ပန်းတလန်နဲ့ မင်း ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးလား လုပ်ဦးမှာ။ အပါယ်ရောက် အပါယ်ရောက်လိုက်နဲ့ ကံဆိုတာကြီးကို အတ္တလုပ်ပြီး သူပဲ ပူဇော်ပသချင်ကြတာ။ ဘုရားက ကုသိုလ်၊ အကုသိုလ်ကို ပါယ်စွန့်ပါ ပြောလဲ ခင်ဗျားတို့က အရှင်ဘုရားကလဲ ဆိုပြီး တော်ပြီ မနာတော့ဘူး ကံ သခင်ကြီးပဲ ကောင်းတယ် လုပ်ချင် လုပ်ဦးမှာ။ ဟိုကလည်း ထီချည်း လှိမ့်ထိုးခိုင်းမှာ။

ထားပါတော့ ဘယ်လောက်ပြောပြောလဲ မှတ်မယ် မထင်ပါဘူး။ အကျိုးရှိလို ရှိငြှား အရူးစကားလေး နည်းနည်း ပြောလိုက်ဦးမယ်။ ခင်ဗျားတို့က ဒီဘဲ ပြောအားရှိနေတယ် ထင်ချင် ထင်မှာ ဒါပေမယ့် ကျနော်က ထီမထိုးဘူး တန်ရာ တန်ဖိုး ပေးထားတယ်။ ပေးထားသလောက်ပဲ ယူမယ်။ သူ့ဟာသူ နတ်ပြည် ဗြဟ္မာပြည်မကလို့ ပို့ချင်တဲ့ နေရာပို့ မက်ကို မမက်ဘူး။ သေလောက် အောင် ကြိုးစားတယ်။ ဘေးလူ အမြင်မှာတော့ အတော် ပက်စက်တယ် ထင်မှာပဲ။ အခုဆို ငါးနှစ်ကျော်ပြီ။ (အရင်တရားအားထုတ်တုန်းက ရေးခဲ့တဲ့စာဖြစ်ပါတယ်) နေ့တိုင်းလုပ်နေတာ။ အဲဒီထဲက လေးနှစ်လောက်က တစ်နေကုန် အသဲအသန်လုပ်တာ။ အခုထိလဲ လုပ်နေရတုန်းပဲ။ လုပ်တာမှ ရူးခါနေအောင်ကို လုပ်တာ။ မိုးကုတ်ဆရာတော်ကြီး တရားဆိုလဲ အပုဒ် ၇၀၀ လောက်နာတယ်။ နားလည်လည် မလည်လည် ကြိုးစားပြီး နာတယ်။ ဒီအတိုင်းဖွင့်ထားတာ မဟုတ်ဘူးနော်။ အပြင်းအထန် နားလည်အောင် ကြိုးစားနေတာ။ နားမလည်တဲ့ ပါဠိတွေ နားလည်အောင် မိုးကုတ်ယောဂီ လက်စွဲ အပိုင်းတစ် ဖတ်တယ်။ ဆရာတော်ကြီး ကျေးဇူးကြီးတယ်နော် အတော်ကြီးကို ပြည့်စုံအောင် လုပ်ပေးထားခဲ့တာ။ ဆရာတော်ကြီးကိုလဲ တစ်ခါလား နှစ်ခါလားပဲ ကြည်ညိုလွန်းလို့ ဦးချဖူးတယ်။ သူ့ကြည်ညိုရင် သူဖြစ်စေချင်တာ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့တာ။ ဘာ ခင်ပွန်းကြီးဆယ်ပါးမှလဲ ထိုင်ကန်တော့ မနေဘူး။ ရင်ထဲမှာ ဘုရားပွင့်အောင်ပဲ ကြိုးစားတယ်။

ခင်ဗျားတို့က ဘုရားဟောတာတွေ ယုံကြည်ပါတယ်သာ ပြောနေကြတာ တကယ်က မယုံဘူး။ ကြောက်လွန်းလို့ ယုံချင်ယောင် ဆောင်နေတာ။ ဘယ်သူသိသိ မသိသိ ကျနော်သိတယ်။ အထူးသဖြင့် ဦးဇင်းတွေ အဆိုးဆုံးပဲ တကယ်ယုံရင် သေသေကြေကြေ ကြိုးစားရမှာပေါ့။ ဘုရားက ကြိုးစားပါ ကြိုးစားပါ။ ကိုယ်တိုင် သိအောင် လုပ်ပါလို့ အခါတစ်သိန်းလောက် ပြောတယ်။ ခင်ဗျားတို့က တင်ပါ့ တင်ပါ့လောက်နဲ့ ပြီးသွားရော။ သံသရာက မလွတ်နိုင်လောက် ဘဝဆိုးလွန်းလို့ ငါ့ရှေ့တင် အပါယ်မသွားပါစေနဲ့ ဆိုပြီး ချီးမြှောက်တာကိုတော့ အမလေးလေး ဒါမှ တကယ့်အမှန်ပဲ သေချင် သေပလေ့စေ ကြိုးစားပါတော့မယ် ဆိုပြီး ဒါန ပဲ အတင်းလုပ်ချင် နေတယ်။ ဟိုက အခါတစ်သိန်းလောက် ကြိုးစားပါ သေလိမ့်မယ်နော် ဆိုတာကြီးက အလကား ဖြစ်ကုန်ရော။ ကောင်းကြသေးရဲ့လား စဥ်းစားကြည့်ပါဦး။ ရဟန္တာဆို ကုန်းဦးချဖို့လောက်ပဲ စဥ်းစားနေတာ ငါရဟန္တာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သူက တော်တော်ရှားတယ်။ ရှားဆို သာသနာ ထွန်းကားပါတယ် ဆိုတဲ့ မြန်မာပြည်မှာ လူသန်းနဲ့ ချီတဲ့ ထဲမှာ ရဟန္တာ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ စဥ်းစားကြည့်ပါလား။ တရားရဲ့ အပြစ်မဟုတ်ဘူးနော်၊ သာသနာရဲ့ အပြစ်မဟုတ်ဘူး အသက်ကို စွန့်လောက်တဲ့ ထိ စိတ်ဆန္ဒ ပြင်းပြတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ၊ အသက်ကို စွန့်လောက်တဲ့ထိ ပြင်းထန်တဲ့ စိတ်ရှိတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အသက်စွန့်လောက်တဲ့ ထိ ဝီရိယ ရှိတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အသက်ကို စွန့်လောက်တဲ့ထိ ပညာပဲ ဆိုတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ အသက်စွန့် ဆိုလဲ စွန့်နိုင်ပါတယ် ပြောချင် ပြောဦးမှာ။ ဘုရားရှေ့သာ လူကြားကောင်းအောင် တပည့်တော် အသက်နဲ့ ခန္ဓာ လှူဒါန်းပါ၏ စွန့်ပါ၏ လုပ်နေတာ တရားနာဖို့ တရားအားထုတ်ဖို့ကျတော့ ဒီနေ့ မိုးလေးအေးလို့ အိပ်လိုက်ဦးမယ် လုပ်ကြတာမျိုး။ သေချင် သေပါစေ သေတာမကြောက်ဘူး ဆိုတာမျိုးနဲ့လဲ မရဘူးနော်။ ဘယ်သူမှလဲ သေဖို့ မပြောဘူး။ ကြိုးစားအားထုတ်မှုနဲ့ သက်သေပြဖို့ ပြောနေတာ။ ကြိုးစားတဲ့ နေရာမှာလဲ ဒီနေ့တော့ အသည်းအသန် ကြိုးစားလိုက်မယ်၊ မနက်ဖြန်တော့ ချစ်ချစ်နဲ့ ချိန်းထားလို့ ဆိုတာမျိုး လုပ်လို့မရဘူး။ ဒီနေ့လဲ ကြိုးစားရမယ်၊ မနက်ဖြန်လဲ ကြိုးစားရမယ်၊ နောက်နေ့လဲ ကြိုးစားရမယ်၊ လူတွေက ကြိုးစားတယ် မြင်နေစရာ မလိုဘူး၊ လူတွေက အရူးလို့ ထင်နေတဲ့ အချိန်မှာတောင်မှပဲ ကိုယ့်ဟာကိုယ် ဉာဏ် ခါးတောင်းကျိုက်ပြီး ကြိုးစားနေရမယ်။ ဘယ်အထိ ကြိုးစားရမလဲ ရဟန္တာမဖြစ်မချင်း ကြိုးစားနေရမယ်။ တည်ကြည်တဲ့ ကြိုးစားမှု ရက်ရက်စက်စက် လိုတယ်နော်။ အခက်အခဲ ဘယ်လောက်တွေ့တွေ့ မလျော့ဘူး ဆိုတဲ့ စိတ်လဲ အင်မတန်လိုတယ်။ ပညာ ဦးစီးတဲ့ ဆန္ဒလဲ လိုတယ်။ အဲဒါတွေက စာထဲမှာ လိုတာမဟုတ်ဘူး။ လက်တွေ့လိုတာ။

တကယ်လိုက်နာ ကြစမ်းပါ။ တကယ်ကြိုးစားစမ်းပါ။ တကယ် ဖြစ်ပါတယ်လိုပဲ ပြောချင်တယ်။ မဂ်တွေ ဖိုလ်တွေ ဆိုတာ တခြားမှတ်မနေပါနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ အတိုင်း ဉာဏ်ပါပဲ။ သိမ်မွေ့တဲ့ အပြောရခက်တဲ့ ဉာဏ်တွေပါပဲ။ ကျနော်လဲ မှန်းဆပဲ သိပါသေးတယ်။ ဒါပေမယ့် အဲဒီဉာဏ်တွေ အကြောင်းပြောရတာ အကျိုးမများဘူး၊ လက်တွေ့ကျကျပဲ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ သင်္ခါရာ အနတ္တာ ဆိုတဲ့ စကားလုံးလေးကိုပဲ တစ်လုံးချင်းစီကို သဘောပေါက်ပြီလား နားလည်ပြီလား အဲဒါလေး တကယ်နားလည် ရင်ကို မဂ်ဉာဏ် ဆိုတာ ရကို ရမှာပါ။ အကြီးအကျယ်ကြီးနဲ့ အင်မတန်ကို ခက်ခဲပြီး မဖြစ်နိုင်တဲ့ ကိစ္စလို့ မထင်ပါနဲ့။ ဉာဏ်နည်းရင် ခုနှစ်နှစ်၊ ဉာဏ် အလည်အလတ်ရှိရင် ခုနှစ်လ၊ ဉာဏ်ကောင်းရင် ခုနှစ်ရက် ဆိုတာ အလကား ပြောတာမဟုတ်ပါဘူး။ ဒီထက် ကြာတော့ရော ဘာဖြစ်သေးလဲ လုပ်ရမှာပေါ့ မဟုတ်ဘူးလား။ ခင်ဗျားတို့ မွေးခါစကလေးသွားပြီး E= mc2 သွားရှင်းပြနေတော့ ဟိုက ဝူးဝူးဝါးဝါးပဲ လုပ်တတ်မှာပေါ့။ ဒါပေမယ့် အဲလိုပဲ လုပ်လို့ ဒီကလေးကတော့ ဒီစကားကို လုံးဝနားမလည်နိုင်တော့ပါဘူးလား ဆိုတော့ မဟုတ်ဘူးလေ။ ဆယ်စုနှစ်နဲ့ ချီပြီး ကကြီး ခခွေး၊ ABCD၊ 1234 ကနေ စပြီး တလုံးချင်း သင်ခဲ့ရတာပဲ။ အဲဒီလိုပဲ အသက်မွေးဝမ်းကြောင်းအတွက် ဆယ်နှစ် အနှစ်နှစ်ဆယ် ကြိုးစားသလိုမျိုး အားထုတ်ရင် ရရမှာပေါ့။ အဲဒါကြောင့်လဲ ဆရာတော်ကြီးတွေက မိန်းမလိုချင်သလောက် တရားလိုချင်ရင် မရမရှိပါဘူးလို့ ဟောခဲ့တာ။

နာကြစမ်းပါ။ ဒုက္ခဆိုတာတွေဟာ များလွန်းပါပြီ။ ကိုယ့် ပါတ်ဝန်းကျင် ဆွေးမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်း မသေဘူးတဲ့သူ မရှိလောက်ပါဘူး။ အဲလိုမျိုးသေတာနဲ့ ကြုံရတဲ့အခါမှာ ဒါမျိုး နောက်တခါ မကြုံရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုး စဥ်းစားစမ်းပါ။ ပေါ့ပေါ့လေး မနေကြပါနဲ့။ ဒီသေခြင်းဆိုတဲ့ ကိစ္စက သူများသေတာပဲ ဆိုရင်တောင်မှ ကိုယ်လဲ သေရဦးမှာ ဆိုတာကို လေးလေးနက်နက်လေး ဆင်ခြင်လိုက်စမ်းပါ။ ဒီလို သေခြင်းဆိုးတွေက လွတ်အောင် ဘယ့်နှယ့် လုပ်ရမလဲ ဆိုပြီး စဥ်းစားစမ်းပါ။ သူတောင်ရသေးတာ ငါဘာလို့ မရရမှာလဲ၊ သူတောင်ဖြစ်သေးတာ ငါဘာလို့ မဖြစ်ရမှာလဲ ဆိုတဲ့ စိတ်မျိုး မွေးကြစမ်းပါ။ ကျနော့်ကိုလဲ အထင်မကြီးပါနဲ့ သူ့လောက်တော့ ငါတို့လဲ ဖြစ်တယ် ဆိုတာမျိုး ကြိုးစားလိုက်စမ်းပါ။

ဘယ်အခြေအနေ ရောက်ရောက် တရားက လူတန်းစားမခွဲခြားပါဘူး။ ဘာမှကို မခွဲခြားတာ။ လုပ်လိုက်စမ်းပါ။ ဒီနေ့က စပြီး လူတန်းစား ခွဲခြားတဲ့ ဘုန်းကြီးတွေကိုလဲ ခေါင်းထဲ ထည့်မနေပါနဲ့တော့ တရားနဲ့ မညီတဲ့ ဘုန်းကြီးတွေကိုလဲ မေ့လိုက်စမ်းပါ။ အဓိက က ပညာပါပဲ။ ပညာအတွက်လဲ လုံလောက်တဲ့ စာတွေ ရှိနေပါတယ်။ ဘုန်းကြီးကျောင်းသွားပြီး လှူနေတာထက် မိုးကုတ်ဆရာတော်ကြီး တရားကို နားလည်အောင် နာနေတာက အများကြီး အကျိုးရှိပါတယ်။ ယုံစမ်းပါ။ လှူတာက သာသနာပရော သာသနာတွင်းရော သံသရာမှာရော လုပ်ခဲ့ပြီးပါပြီ။ ကိုယ့်အကျိုးအတွက် တရားသာ နာစမ်းပါ။ လှူတဲ့အခါမှာလဲ သူများအကျိုးအတွက်လို့သာ ရည်ရွယ်ပြီး စွန့်လွှတ်လိုက်စမ်းပါ။ ကုသိုလ် ရရချည်ရရဲ့ နတ်ပြည်ရောက်ရချည်ရဲ့ ဆိုတာပဲ လုပ်မနေကြစမ်းပါနဲ့။ ပညာမပါလို့ကတော့ ကိုယ်လိုချင်တာ မဖြစ်တာနဲ့ မယုံကြည်တော့ဘူးဆိုတာတွေရော မကိုးကွယ်တော့ဘူး ဆိုတာတွေရော လုပ်တတ်တာမျိုးပါ။ ပုထုဇဥ် သဒ္ဓါတရားဆိုတာဟာ မခိုင်မြဲဘူး အကျိုးရလာဒ် မသေချာဘူး စိတ်ပျက်စရာကြီးပါ။

ကိုယ်တွေ့ကသာ လူပြည်ကနေ ငါဗုဒ္ဓဘာသာကွ ဆိုပြီး ရှိရှိသမျှ နတ်တွေရော သိကြားတွေရော ဗြဟ္မာတွေရော စောင့်ရှောက်မှာ ဆိုပြီး ယုံနေကြတာ ဒိဋ္ဌိရူး တဏှာရူး အရူးထနေတာ။ သိကြားမင်းမှာလဲ မိန်းမတွေ တပုံကြီးနဲ့၊ နတ်တွေမှာလဲ မိန်းမတွေ တပုံကြီးနဲ့။ ဘယ်သူမှ မအားကြဘူး။ သိကြားမင်းကတော့ သောတာပန်မို့ မပြောပါဘူး။ ပုထုဇဥ် နတ်တွေ ဗြဟ္မာ တွေဆိုတာကလဲ သူတို့ဟာ သူတို့ ရူးနေကြတာပဲ။ အကုန်လုံးက ချီးတွင်းထဲမှာ ချည်းပဲ။ အပေါ်ယံက ချီးကို စားတဲ့သူနဲ့ အောက်က ချီးကို စားတဲ့သူချင်းကို ငါတို့က သာတယ် သူတို့က သာတယ် ဆိုပြီး လုပ်နေကြတာ။ အပေါ်က ချီးစားတဲ့ကောင်ကလဲ အောက်ကချီးမစားရတာ တော်ပါသေးရဲ့ ဆိုတာမျိုး၊ အောက်ကချီးစားတဲ့ ကောင်ကလဲ အပေါ်ကချီးစားရအောင် ကုသိုလ် ကောင်းမှုလေး လုပ်မှ ဆိုတော့ ခင်ဗျားတို့ ဘယ်လောက် လုပ်လုပ် ချီးစားရတာကလွဲပြီး ဘာမှ မထူးဘူး။ အဲလိုပြောလို့လဲ အောက်ကချီးနဲ့ အပေါ်ကချီးကွာတယ် ထင်မနေနဲ့ တူတူပဲ။ ချီးကိုပဲ မက်မနေပါနဲ့တော့လို့ပဲ ပြောလိုက်ချင် တော့တယ်။ တားလို့မရတဲ့ အတူတူ လောဘနဲ့ပဲ ဖြစ်ဖြစ်၊ ဒေါသနဲ့ပဲ ဖြစ်ဖြစ် မောဟကို အရင် ပါယ်နိုင်အောင် ကြိုးစားလိုက်ကြစမ်းပါလို့ပဲ ပြောချင်တယ်။ ငါ သောတာပန်ဖြစ်လို့ကတော့ ဆရာကြီး ဖြစ်ပြီ၊ ဖြစ်အောင် လုပ်မယ် ဆိုလဲ အေးအေး ချချ လို့ပဲ ပြောမှာပဲ။ မင်းလိုကောင်က ပြောတာမခံဘူး ဆိုလဲ အေးအေး ချချ လို့ပြောမှာပဲ။

ကျနော်လဲ ရေးခဲ့တာ အတော်များပြီ၊ နားလဲ လည်သင့်သလောက် လည်ကြမယ် မျှော်လင့်တာပဲ။ နောက်ဆုံး ပြောရရင်တော့ တရားကို ကျောင်းစာလို အသက်မွေးဝမ်းကြောင်းလို သဘောထားပြီး အချိန်ပေးပြီး ကြိုးစားလိုက်နာပြီး ကျင့်ကြံ အားထုတ်လိုက်ကြစမ်းပါလို့ပဲ ပြောချင်ပါတော့တယ်။ ဘယ်သူမှ ဘယ်သူ့ အပေါ်မှာမှ တာဝန်ရှိမနေဘူး။ နောက်ဆုံးတနေ့ ကိုယ့်ကို အပါယ်ပို့မှာလဲ ကိုယ့်ဉာဏ်က ပို့တာပဲ။ ကိုယ့်ကို နတ်ပြည်ပို့တာလဲ ကိုယ့်ဉာဏ်က ပို့တာပဲ၊ ကိုယ့်ကို နိဗ္ဗာန်ပို့တာလဲ ကိုယ့်ဉာဏ်က ပို့တာပဲ။ ကိုယ့်စွမ်းနိုင်သလောက် အစွမ်းကုန် ဉာဏ်ပညာကြီးသထက် ကြီးအောင် ကြိုးစားလိုက်စမ်းပါ။ အဲဒီဉာဏ်ကပါ ကိုယ့်ဉာဏ်မဟုတ်ဘူး ဆိုတာကို သိလာတဲ့တနေ့ အဆင်ပြေပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *