ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘဝတွေကို သေချာ ပြန်လေ့လာကြည့်ရင် အင်မတန် ရယ်စရာကောင်းသလို၊ အင်မတန်လည်း သနားစရာ ကောင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဘာသာရေးလို့ နာမည်တပ်ထားတဲ့ လုပ်ရပ်တော်တော်များများဟာ တကယ်တမ်းကျတော့ “အလေ့အထ” (Habits) တွေ၊ “ရိုးရာဓလေ့” (Traditions) တွေနဲ့ “အယူသည်းမှု” (Superstitions) တွေ သက်သက်သာ ဖြစ်နေလို့ပါပဲ။
ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ခင်ဗျား ဘုရားသွားတယ်၊ ပန်းကပ်တယ်၊ ရေသက်စေ့ လောင်းတယ်၊ ပုတီးစိပ်တယ်၊ ဂြိုဟ်ပြေနံပြေ ယတြာတွေ ချေတယ်။ အဲဒီလို လုပ်နေတာတွေဟာ သံသရာ မီးလောင်ပြင်ကြီးထဲကနေ တကယ်ပဲ လွတ်မြောက်ချင်လွန်းလို့ လုပ်နေတာလား။ ဒါမှမဟုတ် “ဒီလိုလုပ်မှ စိတ်ချမ်းသာမယ်၊ ဘေးကင်းမယ်၊ စီးပွားတက်မယ်” ဆိုတဲ့ လောကီ အကျိုးကျေးဇူးတွေကို မျှော်ကိုးပြီး လုပ်နေတာလား။ ပိုဆိုးတာက “လူတိုင်း လုပ်နေလို့ ငါလည်း လိုက်လုပ်တာပဲ” ဆိုတဲ့ အသိဉာဏ်မဲ့တဲ့ အလေ့အထသက်သက် ဖြစ်မနေဘူးလား။
သီလဗ္ဗတပရာမာသ (အလေ့အကျင့်နှင့် ထုံးတမ်းများကို စွဲလမ်းခြင်း)
ဗုဒ္ဓဘာသာမှာ သောတာပန် (အရိယာ) ဖြစ်ဖို့ဆိုရင် အဓိက ဖြုတ်ချရမယ့် သံယောဇဉ် သုံးပါး ရှိပါတယ်။ အဲဒီအထဲက တစ်ခုကတော့ “သီလဗ္ဗတပရာမာသ” ပါပဲ။
သီလဗ္ဗတပရာမာသ ဆိုတာ အကျိုးအကြောင်း (Causality) ကို နားမလည်ဘဲ၊ မှားယွင်းတဲ့ အကျင့်တွေ၊ ထုံးတမ်းစဉ်လာတွေ၊ အခမ်းအနားတွေနဲ့ နိဗ္ဗာန်ရနိုင်တယ်၊ ဒုက္ခကနေ လွတ်မြောက်နိုင်တယ်လို့ ယုံကြည်စွဲလမ်းနေတာကို ခေါ်တာပါ။
ဘုရားပန်းကို ၉ ပွင့်တိတိ ကပ်မှ ကုသိုလ်ပိုရမယ်လို့ ထင်တာ။
ဂါထာတစ်ပုဒ်ကို ၁၀၈ ခေါက် တိတိရွတ်မှ အစွမ်းထက်မယ်လို့ ယုံတာ။
အသက်ကိုစောင့်တဲ့ ဂြိုဟ်တိုင်မှာ ရေလောင်းမှ အသက်ရှည်မယ်လို့ တွေးတာ။
ဒီလုပ်ရပ်တွေ အားလုံးဟာ ဘာသာရေး အခွံသက်သက်တွေပါ။ စိတ်အေးချမ်းမှု (Psychological Comfort) ကို ခဏတဖြုတ် ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကို သံသရာဝဋ်ဆင်းရဲကနေ တစ်လက်မလေးတောင် လွတ်မြောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ ရုပ်နာမ်ဖြစ်စဉ်၊ အရှိတရားကို ဘယ်လိုလုပ် ဉာဏ်နဲ့ မြင်စေမှာလဲ။ အဲဒီ အခွံတွေထဲမှာ နစ်မွန်းနေသရွေ့ ခင်ဗျားဟာ သောတာပန်ဖြစ်ဖို့ လမ်းစတောင် မမြင်ရသေးပါဘူး။
တကယ်လွတ်မြောက်ချင်ရင် အရှိကို အရှိအတိုင်း ကြည့်ပါ
ကျနော် အမြဲတမ်း ပြောနေတဲ့ စကားတစ်ခု ရှိပါတယ်။ ယုံကြည်မှု (Faith) နောက်ကို အကန်းမလိုက်ပါနဲ့။ နားလည်မှု (Understanding) ကို တည်ဆောက်ပါ လို့။
တကယ့် လွတ်မြောက်မှုဆိုတာ ပန်းကပ်၊ ရေချမ်းကပ်၊ ဆီမီးပူဇော်နေတဲ့ “အပြင်ပန်း လုပ်ရပ်” တွေမှာ မရှိပါဘူး။ ကိုယ့်ရဲ့ “အတွင်းစိတ်” ကို ဉာဏ်နဲ့ ထိုးထွင်းသိမြင်တဲ့ “စိတ္တာနုပဿနာ” အလုပ်မှာပဲ ရှိပါတယ်။ ဘုရားရှေ့မှာ ထိုင်ပြီး ပုတီးစိပ်နေရင်းနဲ့ “ငါ ပုတီးစိပ်နေတယ်၊ ငါ ကုသိုလ်ရနေပြီ” လို့ တွေးနေရင် အဲဒါ “ငါ” ကို ပြန်အစာကျွေးနေတာပါ။
တရားဆိုတာ နေရာမရွေး၊ အချိန်မရွေး ရှာလို့ရပါတယ်။ ဘုရားပန်းသွားဝယ်ရင်း ဈေးသည်နဲ့ စကားများလို့ ဒေါသထွက်လာရင် အဲဒီ ဒေါသစိတ် ပေါ်လာတာကို “ဪ… ဒေါသဆိုတဲ့ ဓမ္မသဘောလေး ဖြစ်လာပါလား” လို့ သိလိုက်ရင်၊ အဲဒါ တကယ့် ဘာသာရေး အနှစ်သာရ အစစ်ကို ကျင့်သုံးနေတာပါပဲ။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ဖြစ်ပျက်သမျှကို ဘက်မလိုက်ဘဲ အရှိကို အရှိအတိုင်း စောင့်ကြည့်ဖို့ပဲ လိုပါတယ်။
အဓိပတိတရား လေးပါးဖြင့် ပြဋ္ဌာန်းပါ
လူတော်တော်များများက ထုံးတမ်းစဉ်လာတွေ လုပ်ပြီးရင် “ကံ” ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။ “ဒီကုသိုလ်ကံလေးကြောင့် နောက်ဘဝကျရင် ကောင်းစားမှာပါလေ” ဆိုပြီး ငုတ်တုတ်ထိုင် မျှော်နေတတ်ကြတယ်။ လွတ်မြောက်မှုအတွက် ကံကို ထိုင်စောင့်နေစရာ မလိုပါဘူး။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတာကို ခိုင်ခိုင်မာမာ ယုံကြည်ပါ။
လွတ်မြောက်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒ ၊ စိတ်ရဲ့ ဖြစ်ပျက်အပေါ် စူးစိုက်တဲ့ စိတ္တ ၊ မျက်ခြည်မပြတ် စောင့်ကြည့်တဲ့ ဝီရိယ ၊ အရှိတရားကို ခွဲခြမ်းစိတ်ဖြာတဲ့ ဝီမံသ ပညာဉာဏ်။ ဒီတရားလေးပါးနဲ့သာ ကိုယ့်လမ်းကိုယ် တည့်တည့်ဖောက်ပါ။ “အနတ္တ” ဆိုတာ တာဝန်မဲ့ခိုင်းတာ မဟုတ်ပါဘူး။ အကြောင်းအကျိုး ဖြစ်ပျက်မှုကို နားလည်ပြီး၊ ကိုယ့်ဉာဏ်နဲ့ကိုယ် မှန်ကန်စွာ စီမံပြဋ္ဌာန်းခွင့် ရစေတာပါ။
နိဂုံး
ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ တခြား မဟုတ်ပါဘူး။ မြန်မာပြည်မှာ လူ၊ ရဟန်း အရိယာတတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါ။ ဒီတော့… “လူဝတ်ကြောင်မို့လို့ အရိယာ မဖြစ်နိုင်ပါဘူးလေ” ဆိုတဲ့ ဆင်ခြေတွေ၊ “ယတြာချေမှ အဆင်ပြေမှာ” ဆိုတဲ့ အယူသည်းမှုတွေ အားလုံးကို အမှိုက်ပုံးထဲ ဒီနေ့ပဲ ပစ်လိုက်ပါ။
ခင်ဗျား တကယ် လွတ်မြောက်ချင်တာလား၊ “သာဓု” ဆိုတဲ့ အသံလေးကို ကြားပြီး စိတ်သက်သာရာ ရချင်ရုံ သက်သက်လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
တကယ် လွတ်မြောက်ချင်ရင်တော့… ရိုးရာဓလေ့တွေ၊ ဘာသာရေး အခွံတွေကနေ အခုချက်ချင်း ရုန်းထွက်ပါ။ ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို အရှိကို အရှိအတိုင်း ကြည့်တဲ့အလုပ် (စိတ္တာနုပဿနာ) ကို ဒီစက္ကန့်က စပြီး လုပ်ပါ။
အမှန်တရားဆိုတာ ကိုယ်တိုင်ကြည့်မှ မြင်ရတာပါ။
ထက်အောင်


Leave a Reply