ဒီနေ့ ကမ္ဘာကြီးကို လေ့လာကြည့်လိုက်ရင် နေရာတိုင်းမှာ ပူလောင်မှုတွေ၊ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဆင်းရဲဒုက္ခ အားလုံးရဲ့ ရေသောက်မြစ် အဖြေအမှန်ဟာ တစ်ခုတည်းပါပဲ… အဲဒါကတော့ “မောဟ” ဖြစ်ပါတယ်။

တကယ်တော့ လူသားတွေဆိုတာ သီးသန့်ဖြစ်တည်နေတဲ့ ‘ငါ’၊ ‘သူ’ ဆိုတာ မရှိပါဘူး။ တူညီတဲ့ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တရား၊ တူညီတဲ့ သဘာဝရှိတဲ့ သိစိတ် (သိစိတ်ဆိုတာ ဝိဉာဏ် ဖြစ်ပါတယ်)၊ တူညီတဲ့ မှတ်သားမှု သညာ၊ တူညီတဲ့ ခံစားမှု ဝေဒနာ၊ တူညီတဲ့ တိုက်တွန်းမှု သင်္ခါရ ဆိုတဲ့ အကြောင်းအကျိုး ဆက်စပ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အမြဲလိုလို ဖြစ်ပြီး ပျက်နေတဲ့ သဘောသာ ရှိတဲ့အတွက် ပစ္စုပ္ပန်တည့်တည့်မှာ အတိတ်ဆိုတာ မရှိတော့ပါဘူး။ အတိတ်မရှိရင် အတိတ်အပေါ် အခြေခံထားတဲ့ ရန်ငြိုးတွေ၊ လောဘ၊ ဒေါသတွေ၊ ခွဲခြားဆက်ဆံမှုတွေဟာလည်း လုံးဝကို အဓိပ္ပါယ်မဲ့သွားပါတယ်။ ဒါကို မသိတဲ့ မောဟကသာ ကမ္ဘာကြီးကို လောင်ကျွမ်းစေတာပါ။

မြတ်စွာဘုရားရှင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းပြီး ရှာဖွေပေးခဲ့တဲ့ ဒီအမှန်တရားကြီးသာ ကမ္ဘာတစ်လွှားကို လွှမ်းခြုံသွားမယ်ဆိုရင် တွေးကြည့်ပါဘုရား။ အကြောင်းအကျိုးကို ရှာဖွေနေတဲ့ နိုင်ငံတကာက ဖရီးသင့်ကာတွေ၊ သိပ္ပံပညာရှင်တွေပါ ဒီအမှန်တရားကို မျက်မှောက်ပြုသွားမယ်ဆိုရင်… ‘ကိုယ့်အကျိုး’ ဆိုတာကို အဓိက မထားတော့တဲ့ သောတာပန်တွေရဲ့ ညီညွတ်ခြင်းနဲ့အတူ ငြိမ်းချမ်းတဲ့ လောကကြီးတစ်ခု မလွဲမသွေ ပေါ်ထွန်းလာမှာ သေချာပါတယ်။ ဒီလိုပေါ်လာမှလဲ နောက်ထပ် နှစ်ပေါင်း ထောင်ချီပြီး မြတ်စွာဘုရားရဲ့ သာသနာက အဓွန့်ရှည်ကြာ တည်တံနိုင်မှာလဲ ဖြစ်ပါတယ်။

ဒါပေမယ့် အရှင်ဘုရားတို့ဘုရား… ဒီလို ကြီးမားတဲ့ တရားတော်တွေ ကမ္ဘာအနှံ့ လွှမ်းခြုံသွားဖို့ဆိုတာ ပုထုဇဉ်အဆင့်လောက်နဲ့ သွားပြီး ဟောပြော ယုံကြည်ခိုင်းလို့ လုံးဝ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာက ခိုင်မာတဲ့ အယူဝါဒပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံနဲ့ အပြိုင်အဆိုင် တိုက်ခိုက်လာတဲ့အခါ ပုထုဇဉ်ဘဝနဲ့ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သောတာပန်ဟာ အယူဝါဒရေးရာမှာ ပြိုင်ဘက်ကင်းတယ် ဆိုတဲ့အတိုင်း တကယ့် လက်တွေ့မှာ ဗုဒ္ဓရဲ့ တရားတော်တွေကို ကမ္ဘာအရပ်ရပ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်စေဖို့ဆိုရင် အယူဝါဒရေးရာမှာ ပြိုင်ဘက်ကင်းတဲ့ လူ၊ ရဟန်း “အရိယာ” တွေ ကိုယ်တိုင် ဦးဆောင်မှသာ အလွယ်တကူ အောင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတော် လေးသိန်းကျော်ဆိုတဲ့ အင်အားဟာ အင်မတန် ကြီးမားလှပါတယ်။ ဒီအင်အားစုကြီးသာ စာပေသင်ကြားရေးသက်သက်ဖြစ်တဲ့ ဂန္ထဓုရ ကနေ ခန္ဓာဉာဏ်ရောက် ဝိပဿနာဓုရကို အဓိက အားစိုက် ပြောင်းလဲကျင့်ကြံလိုက်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ။ နောက်ထပ် ၅ နှစ်အတွင်းမှာ ရဟန်းတော်များ အားလုံးနီးပါး အရိယာအဖြစ်ကိုသာ ဆိုက်ရောက်သွားကြမယ်ဆိုရင်… ဒီစွမ်းအား၊ ဒီသတ္တိနဲ့ ဒီညီညွတ်ခြင်းကို ကမ္ဘာပေါ်မှာ ဘယ်အရာကမှ၊ ဘယ်ဝါဒကမှ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။

ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်ဖြစ်စဉ်တွေဟာ အမြဲလိုလို ဖြစ်ပြီး ပျက်နေပါတယ်။ အဲဒီဖြစ်ပျက်နေမှုကို သေချာမြင်အောင် ကြည့်ပြီး ဉာဏ်နဲ့ လေ့လာခြင်း ပြုဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုရမှာက “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရပါမယ်။ အနတ္တဆိုတာ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်နေတဲ့ သဘောကို မှန်ကန်စွာ သိမြင်ပြီး၊ ‘ကိုယ့်အကျိုး’ ဆိုတာကို အဓိက မထားတော့ဘဲ အားလုံးရဲ့ အကျိုးစီးပွားအတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ မတုန်မလှုပ် ရပ်တည်ကာ အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်စွမ်း ရှိသွားတာကို ဆိုလိုတာပါ။ ဒီလိုဖြစ်လာဖို့ဆိုတာ ပိဋကတ် စာပေများကျွမ်းကျင်မှုနဲ့ လုပ်ဆောင်လို့မရပါဘူး။ အရိယာ သံဃာရတနာ အနေနဲ့သာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အရှင်ဘုရားတို့ဘုရား… လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ဆိုတဲ့ ပန်းတိုင်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော သော့ချက်ပါပဲ။ အဓိပတိတရားလေးပါးနဲ့ ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း ပြင်းပြတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာတို့နဲ့ ဉာဏ်ကို အသုံးချပြီး အခုချက်ချင်း ဝိပဿနာအလုပ်ကို အပြင်းအထန် စတင်ကြပါစို့ဘုရား။ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံကနေ စတင်ပြီး ရဟန်းတော်များအားလုံး အရိယာအဖြစ်ကို ဆိုက်ရောက်ရေးအတွက် အချိန်မဆိုင်းဘဲ အခုပဲ ခန္ဓာဉာဏ်ရောက် အားထုတ်ကြပါစို့လို့ ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *