လူအချို့က “ရဟန်းတွေဟာ အလုပ်လုပ်စရာ မလိုဘူး၊ သက်တောင့်သက်သာ နေရတယ်” လို့ ထင်မြင် ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဉာဏ်နဲ့ သေချာ လေ့လာခြင်း ပြုကြည့်မယ် ဆိုရင်တော့၊ ဝိနည်းတော်ကို တိတိကျကျ လိုက်နာ ကျင့်ကြံနေတဲ့ ရဟန်းတစ်ပါးအတွက် “သက်သာတယ်” ဆိုတာ လုံးဝ မရှိပါဘူး။
ဥပမာအားဖြင့်- နေ့စဉ် ရှင်သန်ဖို့အတွက် မလွှဲမရှောင်သာ စားသောက်ရတဲ့ “ဆွမ်းဘုဉ်းပေးခြင်း” ကိစ္စမှာ ဘယ်လို ဆင်ခြင်ရသလဲ ဆိုတာကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတွေ ဆွမ်းစားတဲ့အခါ “ပုတ္တမံသ ဥပမာ (မိမိရင်သွေး သားသမီး၏ အသားကို စားရသကဲ့သို့ ဆင်ခြင်ခြင်း)” ဖြင့် ဆင်ခြင်ဖို့ ဟောကြား လမ်းညွှန်တော်မူခဲ့ပါတယ်။
ကန္တာရခရီးမှ ရင်ကွဲပက်လက် ဇာတ်လမ်း
အဲဒီ ဥပမာ ဇာတ်လမ်းလေးက ဒီလိုပါ…
ရှေးအခါက လင်မယား နှစ်ယောက်ဟာ သူတို့ရဲ့ အလွန်ချစ်ရတဲ့ တစ်ဦးတည်းသော သားငယ်လေးကို ခေါ်ဆောင်ပြီး ကြီးမားကျယ်ပြန့်လှတဲ့ ကန္တာရ ခရီးကြမ်းကြီးကို ဖြတ်သန်းကြပါတယ်။ ခရီးက ရှည်လျားလွန်းတော့ တစ်ဝက်လောက်မှာတင် ပါလာတဲ့ ရိက္ခာတွေ ပြတ်လပ်သွားပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ရေမရှိ၊ အစာမရှိနဲ့ အလွန် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းရင်း၊ နောက်ဆုံးမှာတော့ ဒဏ်မခံနိုင်တဲ့ သားငယ်လေးဟာ သူတို့ မျက်စိရှေ့မှာတင် သေဆုံးသွားခဲ့ရပါတယ်။
ရိက္ခာလည်း မရှိတော့ဘူး၊ ရှေ့ဆက်သွားဖို့ ခွန်အားလည်း မရှိတော့တဲ့ မိဘနှစ်ပါးဟာ ကန္တာရအလယ်မှာ သေပွဲဝင်ရမယ့် အခြေအနေ ဆိုက်လာပါတယ်။ အဲဒီတော့ အဖေလုပ်သူက “ငါတို့ နှစ်ယောက်လုံး သေခံလို့ မဖြစ်ဘူး၊ ဒီကလေးတော့ သေသွားပြီ။ ကလေးရဲ့ အသားကို ဖုတ်စားပြီး ငါတို့ အသက်ရှင်အောင် ခရီးဆက်ကြမယ်” လို့ ဆုံးဖြတ်လိုက်ပါတယ်။ အမေလုပ်သူကလည်း မတတ်နိုင်ပါဘူး၊ မစားရင် သေရမှာမို့ ယူကြုံးမရ ဝမ်းနည်းပူဆွေးစွာနဲ့ သဘောတူလိုက်ရပါတယ်။
သူတို့ ဇနီးမောင်နှံဟာ ကလေးရဲ့ အသားကို စားကြပါတယ်။ ဒါပေမယ့် စားတဲ့အခါမှာ ဘယ်လိုမှ အရသာခံပြီး စားလို့ မရပါဘူး။ “ဒါ ငါ့သားလေးရဲ့ လက်ကလေးပါလား၊ ဒါ ငါ့သားလေးရဲ့ ရင်အုပ်ကလေးပါလား” ဆိုတဲ့ သညာ (မှတ်သားမှု) တွေနဲ့ ရင်ကွဲမတတ် ငိုကြွေး ဝမ်းနည်းစွာ စားကြရပါတယ်။ ဆာလောင်မှုကို ဖြေဖျောက်ဖို့၊ အရသာခံဖို့ လုံးဝ မဟုတ်ဘဲ၊ ဒီကန္တာရ ခရီးကြမ်းကြီးကို ဖြတ်ကျော်နိုင်ဖို့ ခွန်အား ရရှိရုံ သက်သက်အတွက်သာ အသက်ကို ဖက်နဲ့ထုပ်ပြီး မျိုချခဲ့ကြရတာပါ။
ရဟန်းတို့၏ ဆင်ခြင်မှု (အာဟာရေ ပဋိကူလသညာ)
ရဟန်းတွေ ဆွမ်းဘုဉ်းပေးတဲ့ အခါမှာလည်း အဲဒီ အဖေနဲ့ အမေတို့ ခံစားရတဲ့ စိတ်မျိုး၊ ဆင်ခြင်မှုမျိုးနဲ့ ဘုဉ်းပေးရပါတယ်။ “ဒီဆွမ်းကို ငါ စားတာဟာ အရသာ ရှိအောင် မဟုတ်ဘူး၊ လှပ ကြော့ရှင်းဖို့ မဟုတ်ဘူး၊ ဝဖြိုး ခွန်အားကြီးဖို့ မဟုတ်ဘူး။ သံသရာ ဆိုတဲ့ ကန္တာရ ခရီးကြမ်းကြီးကို ဖြတ်ကျော်ပြီး မဂ်ဖိုလ် နိဗ္ဗာန် ရောက်တဲ့အထိ၊ ဒီခန္ဓာကိုယ်ကြီး ရပ်တည်နိုင်ရုံ သက်သက်အတွက်သာ ဆေးသဖွယ် မှီဝဲခြင်း ဖြစ်တယ်” ဆိုပြီး အပြင်းအထန် ဆင်ခြင်ရပါတယ်။
အသား၊ ငါး မကလို့ ဘာဟင်းလျာပဲ ဖြစ်ဖြစ်၊ အသက်ဝိညာဉ် ကင်းကွာ သေဆုံးသွားတဲ့ ရုပ်ကလာပ်တွေကို ချက်ပြုတ် စားသောက်ရတာ ဖြစ်တဲ့အတွက် တကယ်တမ်းမှာ ဘာမှ မထူးခြားလှပါဘူး။ သို့သော် ပုထုဇဉ် သဘာဝအရ အရသာအပေါ်မှာ သာယာတဲ့ လောဘစိတ် (တဏှာ)၊ ပေါ့ပေါ့ပါးပါး စားသောက်ချင်တဲ့ စိတ်တွေ မဖြစ်ပေါ်အောင် ဝိနည်းနဲ့အညီ ဒီလိုမျိုး အလေးအနက် ဆင်ခြင်ရတာပါ။
လက်တွေ့ အားထုတ်မှု အတွေ့အကြုံ
ကျနော် ကိုယ်တိုင်လည်း တရားအားထုတ်တဲ့ ခရီးစဉ် တစ်နေရာမှာ، မရ ရတဲ့ နည်းလမ်းစုံ သုံးပြီး ကြိုးစားနေတဲ့ အချိန်မို့ ဒီအကျင့်ကို လက်တွေ့ စမ်းသပ် လုပ်ကြည့်ခဲ့ဖူးပါတယ်။ ကိုယ့်မှာ သားသမီး ရှိတဲ့သူတွေ အတွက်ဆိုရင်တော့ ဒီလို ဆင်ခြင်ရတာဟာ ပိုပြီး စိတ်ပျက်စရာ၊ ဆင်းရဲစရာ ကောင်းနိုင်ပါတယ်။ ကျနော်ကတော့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အားလုံးကို စွန့်လွှတ် စမ်းသပ်ခဲ့တာမို့ လုပ်ကြည့်ခဲ့တာပါပဲ။ တကယ့်ကို ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ စားချင်သောက်ချင်တဲ့ တဏှာကို ဖြတ်တောက်ဖို့ စမ်းချင်ရင်တော့ စမ်းကြည့်နိုင်ပါတယ်။
နိဂုံးချုပ်
ပြောချင်တာကတော့၊ ရဟန်းတွေ အနေနဲ့ ဝိနည်းတော်ကိုသာ အတိအကျ လိုက်နာမယ် ဆိုရင် “သက်သာတယ်” ဆိုတာ လုံးဝ မရှိပါဘူး။ ကိုယ့်ရဲ့ စိတ်ကို အမြဲတမ်း စောင့်ကြည့် ထိန်းကျောင်းနေရတာပါ။ ဒါပေမယ့် ရဟန်းတွေ တကယ်တမ်း တရားအားထုတ်မယ် ဆိုရင်တော့၊ ဝိနည်းတော်ရဲ့ ကာကွယ်ပေးမှုကြောင့်ရော၊ လောကီ အလုပ်အကိုင်တွေ နည်းပါးအောင် နေထိုင်ခွင့် ရတာကြောင့်ပါ၊ တရားအလုပ် (ဝိပဿနာ) ကို အချိန်ပြည့် အာရုံစိုက်နိုင်မှာ အသေအချာပါပဲ။
ဘဝဆိုတာ အမြဲတမ်း ဆိုးရွားနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “သံသရာမှာ မဖြစ်ဖူးတာ မရှိဘူး” ဆိုတဲ့ စကားအတိုင်း အဆိုးရွားဆုံးသော ဒုက္ခမျိုးစုံကိုလည်း ကြုံဖူး၊ ဆုံဖူးခဲ့ပြီလို့ပဲ ပြောရမှာပါ။


Leave a Reply