မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။
ကျနော်တို့ဆီမှာ အလှူတစ်ခုလုပ်ပြီဆိုရင် ဆွမ်းစားပြီးတာနဲ့ ဘုန်းကြီးရှေ့မှာ လက်အုပ်ချီ၊ ခေါင်းငုံ့ပြီး “ဆုတောင်း” စောင့်ကြတာဟာ ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။ “စီးပွားလာဘ်လာဘ ပေါများပါစေ၊ ဘေးရန်ကင်းပါစေ၊ ကျန်းမာပါစေ” ဆိုတဲ့ စကားတွေကို ဘုန်းကြီးဆီက ကြားလိုက်ရမှပဲ အလှူအောင်ပြီလို့ ထင်နေကြတယ်။ ခင်ဗျားတို့ တစ်ခါလောက်ဖြစ်ဖြစ် စဉ်းစားဖူးသလား။ အဲဒီလို ဆုတောင်းပေးနေရုံနဲ့ တကယ်ရော ပြည့်သလား?
ဒီနေ့ ကျနော်တို့ ခေါင်းထဲမှာ စွဲနေတဲ့ “ဆုတောင်းခြင်း” ဆိုတဲ့ မှော်အတတ်အယူအဆကို ခွဲစိတ်ကြည့်ကြရအောင်။
၁။ ဝိနည်းတော်လာ မြတ်စွာဘုရား၏ မေးခွန်း
ဝိနည်းပိဋကတ်၊ စူဠဝဂ္ဂပါဠိတော်မှာ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်က ရဟန်းတော်တွေ အနုမောဒနာပြုတဲ့အခါ လောကီဆုတောင်းတွေကို အကျယ်တဝင့် ရွတ်ဖတ်ကြပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က ရဟန်းတွေကို မေးခွန်းထုတ်ခဲ့တယ်။
“ရဟန်းတို့… မင်းတို့ ဆုတောင်းပေးတိုင်း ပြည့်သလား” တဲ့။
ရဟန်းတွေက “မပြည့်ပါ ဘုရား” လို့ ဖြေကြတယ်။ ဆုတောင်းရုံနဲ့ မရနိုင်တဲ့အရာကို ရနိုင်ပါတယ်လို့ လျှောက်ပြောနေတာဟာ အမှန်တော့ လိမ်ညာရာ (ဒုက္ခပေးရာ) ရောက်ပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားက အဲဒီလို အနှစ်မရှိတဲ့ လောကီဆုတောင်းတွေကို အကျယ်တဝင့် ရွတ်ဖတ်တာကို တားမြစ်ပြီး ဒုက္ကဋ်အာပါတ် သတ်မှတ်ခဲ့ဖူးပါတယ်။
၂။ ရဟန်း၏ တကယ့်တာဝန်
ရဟန်းတစ်ပါးရဲ့ သင်္ကန်းဝတ်ရခြင်း တစ်ခုတည်းသော ရည်ရွယ်ချက်က “သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး” (အရိယာဖြစ်ရေး) အတွက် ကျင့်ကြံဖို့ပါ။ လူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးရမယ့် “ဆုတောင်းစက်” (Wish-granting machine) မဟုတ်ပါဘူး။
ရဟန်းတစ်ပါးက ခင်ဗျားတို့ကို ဆုတောင်းပေးနေရုံနဲ့ ခင်ဗျားတို့ သောတာပန် မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ ကိုယ်တိုင်လည်း “ငါ မှ မဟုတ်တာ၊ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒ (Pessimism) ကို ဖယ်ရှားပြီး လက်တွေ့ ဝိပဿနာအလုပ်ကို ရုန်းကန်အားထုတ်ကြရမှာပါ။ အနတ္တဆိုတာ လက်လျှော့လိုက်ဖို့ ပြောတာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း သိမြင်ပြီး လွတ်မြောက်ဖို့ အထိရောက်ဆုံး ရှေ့ဆက်ရမယ့် သဘောတရားပါ။
၃။ ဣဋ္ဌသုတ်တော်လာ အမှန်တရား (အောင်မြင်မှုဟာ ဆုတောင်းက လာတာလား?)
အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်မှာလာတဲ့ “ဣဋ္ဌသုတ်” မှာ မြတ်စွာဘုရားက ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး အတိအလင်း ဟောထားပါတယ်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်ရောက်ခြင်း ဆိုတဲ့ လောကမှာ အလိုရှိအပ်တဲ့ တရားငါးပါးကို ဆုတောင်းနေရုံနဲ့ မရနိုင်ဘူးလို့ ဟောပါတယ်။ အကယ်၍သာ ဆုတောင်းရုံနဲ့ ရမယ်ဆိုရင် ဒီလောကမှာ ဘယ်သူမှ ဆင်းရဲနေစရာ၊ အသက်တိုစရာ အကြောင်းမရှိတော့ပါဘူး။
လောကမှာ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်ဆိုရင် ဆုတောင်းနေမယ့်အစား လက်တွေ့ကျတဲ့ ဥဋ္ဌာနသမ္ပဒါ စတဲ့ သမ္ပဒါတရားလေးပါးနဲ့ ပြည့်စုံအောင် အလုပ်လုပ်ရမှာပါ။ အကြောင်းတရားကို ပြည့်စုံအောင် လုပ်မှသာ အကျိုးတရားက သူ့သဘောသူဆောင်ပြီး ဖြစ်လာမှာပါ။
၄။ အနုမောဒနာ ဆိုသည်မှာ
ဒါဆိုရင် ဘုန်းကြီးတွေက ဘာလို့ “အနုမောဒနာ” ပြုကြသေးလဲ? အနုမောဒနာဆိုတာ ဆုတောင်းပေးတာ မဟုတ်ပါဘူး။ “ဝမ်းမြောက်ကြောင်း စကား” ပြောတာပါ။ ခင်ဗျားတို့ရဲ့ စွန့်လွှတ်မှု (ဒါန) အပေါ်မှာ အသိအမြင်မှန်ရအောင်၊ ကုသိုလ်စိတ် ပိုခိုင်မာအောင်၊ “ငါ” ဆိုတဲ့ အစွဲကို ခွာနိုင်အောင် ဘေးကနေ ထောက်ပြပေးတာမျိုး၊ တရားအသိ ပေးတာမျိုးသာ ဖြစ်ရပါမယ်။
နိဂုံး
ကျနော်တို့တွေဟာ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးကို ဦးတည်နေတာပါ။ ဒါကြောင့် အပေါ်ယံ ဆုတောင်းပွဲတွေမှာ အချိန်မဖြုန်းပါနဲ့တော့။ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တစ်ဦးချင်းစီရဲ့ တာဝန်ဟာ အနည်းဆုံး သောတာပန်ဖြစ်ဖို့ လက်တွေ့အားထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။
ဘုန်းကြီးဆီက ဆုတောင်းစောင့်နေမယ့်အစား၊ ကိုယ့်ခန္ဓာထဲက အမှန်တရားကို မြင်အောင်ကြည့်ပြီး သံသရာခရီးကို အဆုံးသတ်ကြပါစို့။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။
ထက်အောင်


Leave a Reply