အနတ္တ ဆိုတာဟာ ရုပ်တရား နာမ်တရား တွေ အားလုံးဟာ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား များသာ ဖြစ်သည် မည်သူတဦးတယောက်ကမှ ပြုလုပ်ခြင်း မဟုတ်၊ မည်သူ တဦးတယောက်မှ မရှိ၊ တဦးတယောက် ဆိုသော သတ္တဝါဆိုသော အရာမှာ မှားယွင်းစွာ ကြံစည်မှုသာ ဖြစ်သည် လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အကြောင်းကြောင့် ဖြစ်သော အကျိုးဆိုတာကို မှန်ကန်စွာ သုံးသပ်တတ်ဖို့ လိုပါတယ်။

အကြောင်းကြောင့် ဖြစ်သော အကျိုးဆိုတဲ့ နေရာမှာ အကြောင်းသည်လည်း ဓမ္မ ဆိုတဲ့ တရားများ. ဖြစ်သလို၊ အကျိုးဆိုတာကလဲ ဓမ္မ ဆိုတဲ့ တရားတွေပါပဲ။ ပုထုဇဉ်ရဲ့ အမြင်မှာ အတ္တဒိဋ္ဌိမကွာတဲ့အတွက် အကျိုးတရား များကို ဘယ်သူ့ကြောင့် ဘယ့်ဝါကြောင့် ဆိုတာမျိုး မလွှဲသာ မရှောင်သာ မြင်မှာ ဖြစ်ပေမယ့် တကယ်တော့ ဒါဟာ အမှန်တရား မဟုတ်ပါဘူး။ လူတယောက်က ကိစ္စတခုကို ပြုတယ် ဆိုတာဟာ တကယ်တော့ သူသင်ကြား ခဲ့ရတဲ့ သညာ (မှတ်သားမှု)၊ အမှားအမှန်ဝေခွဲတတ်မှု (ပညာ)၊ မသိမှု တွေဝေမှု (မောဟ) စတာတွေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ သင်္ခါရ ဆိုတဲ့ စေတသိတ် ပါ။ အကုန်လုံးဟာ တရားများသာ ဖြစ်ပါတယ်။ ဒါကို သဘောပေါက် သိမြင်ဖို့ လိုပါတယ်။ ဒီလို အမှန်တကယ် သဘောပေါက်လာတဲ့ အခါမှာတော့ ဘယ်သူ ဘယ်ဝါ ကြောင့် ဘာဖြစ်တယ် ဆိုတာမဟုတ်ပဲ လောကကြီး တစ်ခုလုံးဟာ အကြောင်းအကျိုးတွေ လှည့်ပါတ် ဖြစ်ပျက် နေတာကို သဘောပေါက်လာမှာပါ။‌ ဒီလို အမှန်ကို မြင်တဲ့အခါမှသာလျှင်လဲ ဘယ်သူ ဘယ်ဝါကိုတော့ အကောင်းမြင်တယ်၊ ဘယ်သူ ဘယ်ဝါကို တော့ အပြစ်တင်တယ် ဆိုတာကနေ မှန်ကန်စွာ လွတ်မြောက်မှာပါ။ ဒါကတော့ လောကုတ္တရာ အနေနဲ့ တကယ်မှန်တဲ့ တရားကို ပြောတာ ဖြစ်ပါတယ်။

လောကုတ္တရာထိကို မရောက်နိုင်သေးပဲ လောကီ အတွေးနဲ့ပဲ တွေးတဲ့ အခါမှာဆိုရင်တော့ အနည်းဆုံး အရာရာ ကို ကံကို ပုံချတာမျိုး မလုပ်မိစေဖို့ သတိထားသင့်ပါတယ်။ အရာရာကို အတိတ်ကံကို ပုံချပြီး မဂ် ကျခြင်းဟာလဲ အတိတ်ကံ ကြောင့်၊ အကုသိုလ် ကျူးလွန်ခြင်းကလဲ အတိတ်ကံကြောင့်၊ ကုသိုလ်တွေ ပြုလုပ်ခြင်းကလဲ အတိတ်ကံ ကြောင့် ဆိုတာမျိုး ယူဆခဲ့မယ် ဆိုရင်တော့ မိမိအတွက် ပစ္စုပ္ပန်မှာရော အနာဂါတ်မှာပါ ကောင်းကျိုး ဖြစ်မှာ မဟုတ်ပါဘူး။ အဲလို အယူမျိုးကို မြတ်စွာဘုရားက လက်မခံပါဘူး။ အဲလိုအယူကို ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ ခေါ်ပါ တယ်။ ဒါကြောင့် ကိစ္စတစ်ခု ဖြစ်တဲ့ အခါမှာ ကံ ဉာဏ် ဝီရိယ ဆိုတဲ့ သုံးမျိုး စလုံးနဲ့ ခြုံငုံသုံးသပ် တတ်စေလိုပါတယ်။ ဉာဏ်ပညာ အားနည်းတဲ့ အတွက်ကြောင့် ဖြစ်တဲ့ ကိစ္စတွေကို ကံကို ပုံချ မိခဲ့ရင် ကိုယ် ဖြည့်ကျင့်ရမယ့် ဉာဏ်ပညာကို မဖြည့်ကျင့်မိတဲ့ အတွက် ဒုက္ခကနေ လွတ်မှာ မဟုတ်ပါဘူး။ လူမိုက်ကို ပေါင်းသင်းမိခြင်း ဆိုတဲ့ တရားကြောင့် ဖြစ်တာကို ကံကို ပုံချမိမယ် ဆိုရင် အသေဝနာစ ဗာလနံ ဆိုတာကို လိုက်နာဖို့ သဘောမပေါက်မိပဲ အကျိုးနည်းတတ်ပါတယ်။ ဒီလိုပါပဲ သူတော်ကောင်းကို မဆည်းကပ်မိလို့ ဖြစ်တဲ့ ပြသနာ (မဂ် ဖိုလ် အတွက်) ကိုလဲ အတိတ်ကံပဲ ပုံချမိရင် ပါရမီ ဆိုတာကိုပဲ ပုံချမိရင် ရသင့်တဲ့ မဂ်ဖိုလ် ကို မရ တဲ့အထိ အကျိုးယုတ်တတ်ပါတယ်။

ဒါကြောင့် အကြောင်းတရား နဲ့ အကျိုးတရား တို့ကို မှန်မှန်ကန်ကန် ဆင်ခြင်နိုင်ပါစေလို့ ဆန္ဒပြုလိုက် ရပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *