တရားမျက်နှာအတွက် ပြတ်အောင် ဖြတ်ရမှာမို့ ပြောရမှာပါပဲ။

ကံဆိုတာက မျက်စိလည်စေပါတယ်။ ပတ်ဝန်းကျင်မှာ အဆင်ပြေနေရင် ကံကောင်းတယ်လို့ ယူဆချင် ယူဆကြပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုဆိုတာကို ‘ကံ’ နဲ့ ရောပြီး အမျိုးမျိုး ပြောကြပါတယ်။ ဒီကိစ္စက မှန်ကန်မနေတာကို သေသေချာချာ မစဉ်းစားမိဘဲ အဆင်ပြေသလို နေကြတာများပါတယ်။ ကိုယ် ဒုက္ခရောက်တယ်၊ ကံကြောင့်လို့ ထင်တယ်။ ကိုယ် ကောင်းတယ်ထင်တာ ဖြစ်တယ်၊ ကံကြောင့်လို့ထင်တယ်။ အကုန် ကံကြောင့်ချည်းပဲ ထင်နေတာဟာ “ကမ္မဝါဒီ သဿတဒိဋ္ဌိ” လို့ ခေါ်ပါတယ်။ ဆရာတော်ကြီး သုံးတဲ့ စကားပါ။

ကံနဲ့ ပတ်သက်ပြီး အရမ်းလေ့လာရင် ဗုဒ္ဓဘာသာမှာ အမှားတွေ အများကြီးရှိပါတယ်။ မြတ်စွာဘုရား မပညတ်ထားတာကို ပညတ်ထားတာတွေ အများကြီးပါ။ ဘယ်လောက်ထိ ဆိုးလဲဆိုတော့ အရိယာသံဃာရဲ့ ဂုဏ်ဖြစ်တဲ့ “အနုတ္တရံ ပုညက္ခေတ္တံ” (လယ်ယာမြေကောင်းနှင့် တူသောဂုဏ်၊ ကောင်းမှုများ စည်ပင် ဖွံ့ဖြိုးစေနိုင်သော ဂုဏ်) ဆိုတာကို မိဘမှာ ရှိတယ်ဆိုတာမျိုးထိကို လုပ်ပစ်လိုက်တာပါ။ အဲဒီတော့ အကုန် ရှုပ်ကုန်တာပါပဲ။

ဒီတော့ ကံသည် အရာရာဆိုတဲ့သူအတွက် ဘာမှလုပ်စရာ မလိုတော့ဘူး။ မိဘနဲ့ အဆင်ပြေရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေမယ်၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေရင် ဥပါဒါန်တွေက ပျော်တာပါပဲ။ “ဟာ… အဆင်ပြေတယ် မှန်တယ်” ဆိုပြီး၊ မိဘဆိုတာကို စိတ်ချမ်းသာအောင် ထားတာဟာ ကိုယ့်အတွက် စိတ်ချမ်းသာစေတယ်၊ မှန်တယ်ဆိုပြီး လုပ်ကြပါတယ်။ မှန်ပါတယ်။ စိတ်ချမ်းသာစေတာ မှန်ပါတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှု အပေါ်မှာ ကောင်းမှုကုသိုလ်လို့ ယူလိုက်တာကျတော့ အမြဲ မမှန်တော့ပါဘူး။

အဲဒီလို အမြဲမမှန်တာမျိုးကို ဘုရားဟောလို့ ယူဆတာဟာ မြတ်စွာဘုရားက အဆင်ပြေသလို ပြောသွားတယ်လို့ စွပ်စွဲသလိုပါပဲ။ မြတ်စွာဘုရားက တစ်ခွန်းတည်းနဲ့ အမြဲမှန်တဲ့ စကားကို ပြောတယ်ဆိုတဲ့ ဂုဏ်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရတဲ့ ကိစ္စပါ။ ဒါကို မဖျက်ပါနဲ့။ အဲဒီလို ဒီနေရာမှန်၊ ဟိုနေရာမှားတွေကို ဘုရားစကားလို့ လုပ်လိုက်တော့ နောက်ဒီတရားတွေကို လေ့လာမယ့်၊ တရားရအောင် ကြိုးစားချင်သူတွေအတွက် ရောထွေးပြီး လမ်းတွေ အကုန်ပျောက်ကုန်ပါလိမ့်မယ်။ ကလေးတွေ အီးနဲ့ ဆော့တာ ပြဿနာ မဟုတ်ပေမယ့်၊ မူဝါဒ ချတဲ့သူက “အီးစားရမယ်” လို့ မူဝါဒ ချလိုက်ရင်တော့ အကုန်ပြဿနာတွေ တက်ကုန်မှာပါ။

တရားဆိုတာ ကိုယ့်တရား မဟုတ်သလို၊ ကိုယ့်တစ်ယောက်တည်း အတွက်လည်း မဟုတ်ပါဘူး။ နိဗ္ဗာန်ကို တစ်ခါမြင်လိုက်လို့ အေးချမ်းသွားတဲ့ အေးချမ်းမှု (စကားလုံးက ဒီထက် အဆင်ပြေတာ ရွေးမရ) ရဲ့ တန်ဖိုးကို နားလည်ရင် ဒီကို ရောက်ဖို့အတွက် သွားတဲ့လမ်းကို ဖျက်ဆီးတာကို သတိထားသင့်ပါတယ်။ နောက်လူတွေ အတွက် အဆင်ပြေပြေဖြစ်အောင် လမ်းကြောင်းရှင်းအောင် ကြိုးစားတာက လုပ်သင့်တဲ့ ကိစ္စပါ။ အားရင်၊ စိတ်ပါရင်ပေါ့။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်မှာ ရှင်မောဂ္ဂလာန်ကို ဘုရားချီးမွမ်းတဲ့ ကိစ္စကို ကြည့်ပြီး လုပ်သင့်တယ်၊ မြတ်စွာဘုရားက အပြစ်တော့ မပြောလောက်ဘူးဆိုပြီး လုပ်တာပါ။ မြတ်စွာဘုရားက ရဟန်းတွေကိုသာ တစ်ခါတည်း ရဟန္တာထိ လုပ်စေချင်ပေမယ့်၊ လူ ဥပါသကာတွေကိုတော့ သောတာပန် ဖြစ်အောင် လုပ်ဖို့သာ အဓိက ပြောတာဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်အတွက် အထက်မဂ် တက်ဖို့က မဖြစ်မနေကိစ္စမဟုတ်ပါဘူး။ သောတာပန် ဖြစ်ရင်ပဲ မြတ်စွာဘုရား သာဓုခေါ်နေပါပြီ။

စိတ်ချမ်းသာတိုင်း ကုသိုလ်မဟုတ်ပါ

အဲဒီတော့ စိတ်ချမ်းသာမှုဟာ ကောင်းမှု မဟုတ်တဲ့ အချိန်တွေရှိတယ်၊ စိတ်ချမ်းသာမှု ဖြစ်စေတိုင်း ကုသိုလ် မဟုတ်တာတွေ ရှိတယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

ဆိုကြပါစို့… (အဲဒီ ပုဂ္ဂိုလ်တွေကိုလည်း အားတော့ နာပါတယ်။ ကိုယ်တွေက အဲဒီ ဥပါဒါန်စွဲနေတော့ နားလည်စေဖို့ ခင်ဗျားတို့ နာမည် သုံးရတယ်ပဲ သဘောထားလိုက်ပါ)။ မူစလင်တွေက နွားသတ်တယ်ဆိုတာ သူတို့က ကုသိုလ်လို့ ယူဆထားတာပါ။ သူတို့ဘုရားပေါ် ယုံကြည်မှုပေါ်ကနေ သူတို့ဘုရားကို ပူဇော်တာ ဆိုတာမျိုး ယူဆထားတာပါ။ အဲဒီတော့ သူတို့ရဲ့ ယုံကြည်မှုတွေအရ ဒီအပေါ်မှာ ကောင်းတယ်လို့ ဥပါဒါန် စွဲနေတော့၊ ဒီအလုပ်လုပ်တဲ့အခါမှာ ကုသိုလ်ရတယ်လို့ ယုံကြည်ပြီး စိတ်တွေက အဲဒီအချိန်မှာ တည်ချင်လည်း တည်နေမယ် (အာရုံစိုက်ပြီး သတ်တာကလည်း သမာဓိပါပဲ၊ မိစ္ဆာသမာဓိ ခေါ်ပါတယ်။)

ပြီးတဲ့အခါကျတော့ အယူတူတဲ့ သူတွေရှိတဲ့ ပတ်ဝန်းကျင် ဖြစ်တဲ့အတွက် ဒီလိုလုပ်တဲ့ အပေါ်မှာ အကုန်လုံးက ထောက်ခံနေမှာပါ။ သူတို့မိဘတွေကလည်း ဒါဟာ ကုသိုလ်အလုပ်၊ ဘာသာရေး ကိုင်းရှိုင်းတဲ့သူပဲ ဆိုပြီး မြှောက်စားချင်လည်း မြှောက်စားမှာပါ။ ဒီတော့ သူတို့အတွက်က ဒီအလုပ်လုပ်ခြင်းသည် ပတ်ဝန်းကျင်မှာ အဆင်ပြေတယ်။ အားလုံးကလည်း ထောက်ခံတယ်။ ဒီအကျိုးကျေးဇူးတွေ ရတဲ့အတွက်၊ စိတ်ထဲမှာ ကြည်နူးရတဲ့အတွက် ကောင်းမှုပဲ၊ ကုသိုလ်ပဲ ဆိုပြီး ထပ်ထပ်လုပ်ပါတယ်။ ဒါကို လာပြောရင် ကုသိုလ် တားဆီးတာ ဖြစ်တဲ့အတွက် ရန်ထောင်တာတွေ ဖြစ်ကုန်တာပါပဲ။ ဒါဟာ ဒီဘာသာ တစ်ခုမှ မဟုတ်ပါဘူး။ ကျန်တဲ့ ဘာသာတွေ အကုန်လုံးကလည်း ဒီအတိုင်းပါပဲ။

ကိုယ့်ဆရာတို့ ဒီစာကို ဖတ်ရင်တော့ “မဟုတ်နိုင်ဘူး၊ စိတ်ညစ်မှာပေါ့၊ အကုသိုလ် အလုပ်ပဲ” ဆိုတာမျိုး ပြောချင် ပြောကြမှာပါ။ ဒါပေမယ့် အဲဒါက ကိုယ့်ဆရာရဲ့ ဥပါဒါန်ကြောင့်လေ၊ အမှန်ကို သိခြင်း (ကုသိုလ်၊ အကုသိုလ် သိခြင်း) ဖြစ်တဲ့အတွက် မှားတယ် မပြောပါဘူး။ ဒါပေမယ့် သူကလည်း သူ့ဥပါဒါန်ကြောင့် သဘောတွေကျ ကျေနပ်နေတယ် ဆိုတာကို သိဖို့လိုပါတယ်။

ဆိုတော့ ပတ်ဝန်းကျင်ဆိုတာကို ကောင်းအောင်ဆိုပြီး ဘုရား မပညတ်ထားတဲ့ ဥပါဒါန်တွေ သွားထည့်တော့ မှန်ကန်တဲ့ ဗုဒ္ဓသာသနာမှာပါ အဆင်မပြေတာတွေ ဖြစ်ကုန်တာပါပဲ။ ကောင်းကျိုးကို ရည်ရွယ်တာ ကောင်းပါတယ်။ ဒါပေမယ့် မှန်ကန်မှုက အဓိက ကျပါတယ်။ မြတ်စွာဘုရားသည် တစ်လုံးတည်းနဲ့ အမှန်ပြောတယ် ဆိုတာ ဘယ်လောက် လေးနက်လဲဆိုတာ တစ်ချိန်သိလာပါလိမ့်မယ်။ ပြောချင်တာက ပတ်ဝန်းကျင်က ထောက်ခံတိုင်း၊ အဆင်ပြေတိုင်း၊ ပိုက်ဆံတွေ ရနေတိုင်း ကံကောင်းနေတာ မဟုတ်ပါဘူး။ ဒီအချက်တွေ ပြည့်စုံအောင် လုပ်သမျှကလည်း ကောင်းမှုတွေ ကုသိုလ်တွေ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ဒါမှပဲ တခြားသော ဘာသာက လူတွေက ဘာကြောင့် ဒီလို ဖြစ်နေတာလဲ၊ အယူအစွဲ အရမ်းကြီးတာလဲ ဆိုတာကို နားလည်မှာပါ။ (နောက်ဆုံးတော့ တရားအနေနဲ့က ကိုယ့်ဖြစ်စဉ်လိုပါပဲ၊ မှန်ခြင်းနဲ့ မှားခြင်းသာ ကွာပါတယ်)။ ဒါဟာ ကံက မျက်စိလည်စေတယ် ဆိုတဲ့သဘောပါ။ ဘာကြောင့်လဲဆိုတော့ ထုံးစံအတိုင်း မှားယွင်းစွာ သုံးသပ်ခြင်း (Misconception) ပါပဲ။

ကိုယ့်အတိုင်းအတာကို ကိုယ်သိပါ

အတိုင်းအတာကို သိတယ်ဆိုတာက “ကံသည် သဗ္ဗညုတ ဉာဏ်အရာသာ ဖြစ်တယ်” ဆိုတာကို သိခြင်းပါ။ ကိုယ့်အရာ မဟုတ်ဘူးဆိုတာကို သေသေချာချာ လက်ခံပါ။ ကိုယ်က ကံကိုသိတယ် ထင်ပြီး လုပ်နေလို့ကတော့ အပေါ်မှာ ပြောခဲ့တဲ့ ဇာတ်လမ်းအတိုင်း ဥပါဒါန်အမှားတွေနဲ့ အကုသိုလ်တွေပေါ်မှာ ကြည်နူးချင် ကြည်နူးနေမှာပါ။ မြတ်စွာဘုရားက ကံအကြောင်း သိတယ်ဆိုတာက ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခုတို့နဲ့ အကုန်လုံးကို သုံးသပ်နိုင်တာပါ။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်အောက်မှာ အကုန်လုံးဟာ ဘာမှ မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ မြတ်စွာဘုရား ဟောခဲ့တဲ့ ကံကိုပဲ လောကီမှာ အဆင်ပြေအောင် ဘယ်လို လှည့်ပြောလိုက်မယ် ဆိုတာမျိုး မလုပ်ပါနဲ့။ ဒုက္ခ ရောက်ပါလိမ့်မယ်။ ဘာကြောင့် ဒုက္ခရောက်လဲဆိုတော့ အတိမ်အနက်ကို နားမလည်လို့၊ ကိုယ့်အတိုင်းအတာကို ကိုယ် မသိလို့ပါ။

အဓိကကတော့ ကိုယ့်ဟာကိုယ် ဘာသာရေးခေါင်းဆောင်လို့ ထင်နေတဲ့သူတွေအတွက် အဓိက အရေးကြီးပါတယ်။ ဘာသာလည်း မဟုတ်သလို ခေါင်းဆောင်လည်း မရှိပါဘူး။ တတ်နိုင်သလောက် သံသရာကလွတ်အောင် ကြိုးစားကြတာပါ။ လွတ်ပြီးတဲ့သူက ဘုရားအလိုကျ သူများကို ပြန်ပြောပြရတာပါ။ ဒါပါပဲ။ မပျောက်အောင် ထိန်းသိမ်းမယ်၊ ကိုယ်တိုင်လည်း ပြန်ပြောပြနိုင်ဖို့ နားလည်အောင် ခရီးပေါက်အောင် အားထုတ်မယ်၊ ကျန်တဲ့သူတွေကို ပြန်ပြောမယ်။ ရှိခြင်းအားဖြင့် လောကကို စောင့်ရှောက်မယ် ဆိုတာမျိုးကသာ ရဟန်းတွေအတွက် အမြဲမပြတ် ဦးတည်သင့်တဲ့ အရာလို့ မြင်ပါတယ်။

ကိုယ့်တာဝန် ကိုယ်ကျေလားဆိုတာ သူများမေးရမယ့် ကိစ္စမဟုတ်ပါဘူး။ စုတ်ပြတ်သတ်ပြီး ဘာမှ အဆင်မပြေတာကို ဂါထာရွတ်ပြီး အဆင်ပြေသွားမယ် မထင်ပါနဲ့။ အဲဒီလိုသာ အဆင်ပြေလို့ကတော့ မြတ်စွာဘုရားလည်း ဂါထာရွတ်လိုက်မှာပေါ့။ အခုတော့ အဲဒီလိုမဟုတ်လို့ပဲ ဘုရားလက်ထက်မှာ ပြဿနာတွေတက်၊ စစ်တွေဖြစ်၊ သေကျေ ဒါတွေ ရှိတာပါပဲ။ မြတ်စွာဘုရားကလည်း ဘယ်သူ့မှ မန်းမှုတ်မနေပါဘူး။ တရားပဲ ဟောတာပါပဲ။

အဲဒီတော့ မြတ်စွာဘုရား သားတော်တွေကို အဂ္ဂသာဝက၊ မဟာသာဝကတွေကို ကြည်ညိုသလိုမျိုး ကြည်ညိုနိုင်အောင် ကြိုးစားတော်မူကြပါ။ နိဗ္ဗာန်က လက်တစ်ကမ်းမှာပါ။ ဘဝတစ်ခုလုံး စာသင်တာ သုံးခဲ့ရင်လည်း (၇) နှစ်လောက်ကို တရားရအောင် အားထုတ်မယ်။ မရလို့ကတော့ မြတ်စွာဘုရား ပြောတဲ့ ၇ ရက်၊ ၇ လ၊ ၇ နှစ် ဆိုတာကို ပြဿနာရှာမယ် ဆိုတာမျိုး လုပ်ပြီး၊ ကိုယ့်ဘက်က အားထုတ်မှု၊ ကြိုးစားမှု၊ အမှားအမှန် ဝေဖန်မှု၊ မြတ်စွာဘုရား စကားကို အတိအကျ လိုက်နာမှုတွေနဲ့ ကြိုးစားလိုက်ပါ။

အဆင်မပြေတော့ ပြောပါ၊ တပည့်တော် ကူပါ့မယ်။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *