တနင်္ဂနွေနေ့ မနက် ၁၀ နာရီလောက်ဆိုတာ မိသားစုတွေ အစုံအလင်ရှိနေတတ်ပြီး၊ လက်ဖက်ရည်သောက်၊ မုန့်စားရင်း စကားစမြည် ပြောဖြစ်ကြတဲ့ အချိန်လေးပါ။ အပေါ်ယံကြည့်ရင်တော့ အင်မတန် အေးချမ်းသာယာတဲ့ အချိန်လေးလို့ ထင်ရပါတယ်။

ဒါပေမဲ့ အဲဒီ စကားဝိုင်းလေးထဲမှာ လူမှုရေးအကြောင်း၊ စီးပွားရေးအကြောင်း ဒါမှမဟုတ် အိမ်တွင်းရေး ကိစ္စလေးတစ်ခုခုကို စတင် ဆွေးနွေးငြင်းခုံမိပြီ ဆိုပါစို့။ ကိုယ့်အမြင်နဲ့ မတူတာ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တာလေး တစ်ခု ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် ကိုယ့်စိတ်ထဲမှာ ဘာဖြစ်သွားသလဲဆိုတာ သတိထားကြည့်ဖူးပါသလား။

ချက်ချင်းပဲ “ငါပြောတာက ပိုမှန်တယ်”၊ “ငါ့အကြံဉာဏ်ကို သူတို့ လက်မခံဘူး”၊ “ငါ့ကို အရာမသွင်းဘူး” ဆိုတဲ့ “ငါ” က အလိုလို ခေါင်းထောင်ထလာပါတော့တယ်။ အဲဒီ “ငါ” ဆိုတဲ့ အစွဲလေး ဝင်လာတာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ပူလောင်မှုစတင်ပါပြီ။ အသံတွေ ကျယ်လာမယ်၊ နိုင်ချင်တဲ့စိတ်တွေ၊ မခံချင်တဲ့စိတ်တွေ ဝင်လာပါတော့တယ်။

လက်တွေ့ စမ်းသပ်ကွင်း

အဲဒီလို မိသားစု စကားဝိုင်းမှာ အမြင်မတူလို့ အချေအတင် ဖြစ်လာတဲ့ အချိန်ဟာ သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခအလောင်းအလျာ) တွေအတွက်တော့ တကယ့် အကောင်းဆုံး လက်တွေ့ စမ်းသပ်ကွင်းပါပဲ။ ဝိပဿနာဆိုတာ မျက်လုံးမှိတ်၊ တိတ်ဆိတ်တဲ့ နေရာမှာ ထိုင်နေမှ လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။

ကိုယ့်စကားကို လက်မခံလို့ ဒေါသထွက်လာပြီဆိုရင် အဲဒီဒေါသကို အတင်းဖိနှိပ်စရာ မလိုပါဘူး။ “ဪ… ဒေါသစိတ်ကလေး ဖြစ်ပေါ်လာပါလား” လို့ အရှိကို အရှိအတိုင်း လှမ်းကြည့်လိုက်ပါ။ ကိုယ်က အနိုင်ယူပြီး ပြောချင်နေပြီဆိုရင် “အနိုင်လိုချင်တဲ့ နာမ်တရားလေး အလုပ်လုပ်သွားပါလား” လို့ သိလိုက်ပါ။

တကယ်တမ်းမှာ အမြင်မတူတဲ့ စကားသံ (ရုပ်တရား) က နားကို လာထိတယ်။ အဲဒီအပေါ်မှာ မကျေနပ်တဲ့၊ ဒေါသထွက်တဲ့ စိတ် (နာမ်တရား) က ဖြစ်ပေါ်လာတယ်။ ပြီးရင် အဲဒီစိတ်ကလေးက သူ့အလိုလို ပြန်ပျက်သွားတယ်။ ဒါပါပဲ။ အဲဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးမှာ “ငါ” လို့ ဆုပ်ကိုင်စရာ ဘာမှ မရှိပါဘူး။ ဒါကို ဉာဏ်နဲ့ တည့်တည့်မြင်အောင် ကြည့်တတ်သွားရင်၊ ခုနကလို အချေအတင်ဖြစ်ပြီး ပူလောင်နေတဲ့ အရှိန်တွေဟာ ချက်ချင်းကို ငြိမ်းကျသွားပါလိမ့်မယ်။

“ငါ” မပါဘဲ အလုပ်လုပ်ခြင်း

ဒီနေရာမှာ တစ်ခုသတိထားရမှာက “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး၊ ဘာမှ ဝင်မပြောဘဲ ငြိမ်နေလိုက်တော့မယ်” ဆိုတဲ့ အဆိုးမြင်ဝါဒ လုံးဝ မဟုတ်ပါဘူး။ အထူး လိုအပ်ရင် လိုအပ်သလို အကျိုးအကြောင်း သင့်မြတ်အောင် ဆွေးနွေးရမှာပါပဲ။

မိသားစုကိစ္စပဲဖြစ်ဖြစ်၊ လောကီစီးပွားရေးပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်ပါတယ်။ အဲဒီလို ကြိုးစား အလုပ်လုပ်တဲ့ နေရာမှာ “ငါ့စကားမှ ငါ့စကား” ဆိုတဲ့ အစွဲအလမ်း (ဒိဋ္ဌိ) ကြီးကိုသာ ဖယ်ချထားခဲ့ဖို့ လိုတာပါ။ အစွဲမပါဘဲ ဆွေးနွေးတဲ့အခါ ဒေါသကင်းပြီး အဖြေမှန်ကို ပိုရလွယ်ပါတယ်။

ဒီတနင်္ဂနွေ မနက်ခင်း မိသားစု စကားဝိုင်းလေးကနေစပြီး ကိုယ့်စိတ်ထဲမှာ ခေါင်းထောင်ထလာတတ်တဲ့ “ငါ” ဆိုတဲ့ သဘောတရားလေးကို ပေါ့ပေါ့ပါးပါးလေး စောင့်ကြည့်ကြည့်ကြပါစို့။

ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ “ငါ” ဆိုတဲ့ အစွဲတွေ ကင်းစင်ပြီး အေးချမ်းတဲ့ မိသားစု အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *