လောကီနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပေမယ့်လည်း တရားက တန်ဖိုးရှိလွန်းလို့ ကြုံကြိုက်ရ ခဲလွန်းလို့ သတိထားမိအောင် ရေးပါရစေ။

လောကီမှာ မိဘက သားသမီးကို စောင့်ရှောက်တာ တနည်း မိဘဝတ်ကျေတာ၊ သားသမီးက မိဘကို စောင့်ရှောက်တာ တနည်းသားသမီးဝတ်ကျေတာ။ ဇနီးခင်ပွန်းတို့ အပြန်အလှန်သစ္စာရှိပြီး ရိုးမြေကျ ဝတ္တရားတွေ ကျေပွန်ကြတာ။ ပိုကောင်းတဲ့ ဘဝကို ရည်မှန်းပြီး ဒါနတွေပြုတာ သီလဆောက်တည်ကြတာ။ ပရဟိတ လုပ်ငန်းတွေ လုပ်ကြတာ ဒါတွေ အားလုံးဟာ ကောင်းတဲ့ ကုသိုလ် ကိစ္စတွေပါ။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဆိုတာနဲ့လဲ ညီပါတယ်။ ဒီလိုမျိုး ဖြစ်အောင်တောင်မှပဲ အမျိုးမျိုး ဖွဲ့နွဲ့ပြီး ရေးကြ ပြောကြ လုပ်ကြပါသေးတယ်။ အကုသိုလ်နဲ့ ယှဥ်ကြည့်ရင်တော့ ကုသိုလ်မို့ အပြစ်ပြောဖို့ မသင့်ပါ။

သို့သော် ကြုံခဲလှတဲ့ သာသနာတွင်းမှာမို့ အဲဒီကိစ္စတွေ အားလုံးရဲ့နောက်မှာ အဝိဇ္ဇာနဲ့ တဏှာက ခွစီးထားတယ်လို့ပဲ သတိပေးချင်မိပါတယ်။ ဘာနဲ့တူနေသလဲဆိုတော့ အဖိုးမဖြတ်နိုင်တဲ့ စိန်တွေ ခင်းထားတဲ့ မြေမှာ ကြေးနီတူးပြီး နိုင်သလောက် သယ်သွားသလိုပါပဲ။ တသက်တာအေးချမ်းမယ့် အခွင့်အရေးရှိလျက်နဲ့ ခဏတာ ပြည့်စုံမှုကို ရွေးသလိုပါပဲ။ လောကီမှာ ကောင်းမှုတွေ ကုသိုလ်တွေ သမုတိ အမှန်တွေ ဘယ်လောက်ပဲ ဖြည့်ဆည်းဖြည့်ဆည်း သေခါနီး ဝိနိပါတိကဘေး(လေတိုက်လို့ ကြွေကျရတဲ့ သစ်ရွက်လို ကျချင်ရာကျတတ်တဲ့ဘေး) သင့်တဲ့အခါ၊ ဝေဒနာပေါ် ဒေါသထွက်လို့လဲ ငရဲကျတတ်ပါသေးတယ်။ ငါ့သား ငါ့သမီး ငါ့ဥစ္စာ ဆိုတဲ့ အစွဲတွေ ကြီးရင်လဲ ပြိတ္တာဖြစ်တတ်ပါသေးတယ်။ တွေတွေဝေဝေ သေသွားရရင်လဲ တိရိစ္ဆာန် ဖြစ်တတ်ပါသေးတယ်။ ဒါတွေကနေ လွတ်ပြီး ကုသိုလ်လေး သီလလေး အာရုံပြုပြီး သေသွားလို့ အထက်နတ်ပြည် လူပြည့် စတဲ့ ကာမသုဂတိ ရောက်ပြန်တော့လဲ ကာမဂုဏ်နဲ့ အချိန်ကုန်ပြီး ဘုရားတရား မေ့နေမလား သာသနာမရှိတဲ့နေရာသွားဖြစ်မလား ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်ပြီဆို အဲဒီဘဝကနေ စုတိပြန်ရင် ပြောခဲ့တဲ့ ဝိနိပါတိကဘေးက ထပ်သင့်ပြန်ဦးမှာပါပဲ။ သစ္စာနဲ့ ဝေဖန်ပြန်ရင်လည်း ၃၁ ဘုံလုံး စက်ဆုပ်စရာ အသုံးမကျတာ အမှန် ဒုက္ခသစ္စာကြီးပါပဲ။

ဒီတော့ သာသနာနဲ့လဲ ကြုံတုန်း ဟောတတ်ပြောတတ်တဲ့ မိုးကုတ်ဆရာတော်ကြီးတရားတွေလဲ နာခွင့်ရတုန်း သံသရာက လွတ်အောင် တနည်း အရိယာ ဖြစ်သွားအောင် နံပါတ်တစ်ထားပြီး အားထုတ်တာသာလျှင် အသင့်တော်ဆုံးလို ပြောရမှာပါ။ လောကီမှာ ပြောကြတဲ့ မိဘနဲ့ သားသမီး ချစ်ချစ်ခင်ခင် သက်ဆုံးတိုင် ဆိုတာမျိုး၊ အဆွေခင်ပွန်း ဇနီးမယားနဲ့ သက်ဆုံးတိုင် ဆိုတာမျိုးတွေနဲ့ တယောက်နဲ့ တယောက် ခြင်းထဲက ကြက်တွေလို အပြန်အလှန်ဆွဲချနေတာ ရှောင်ကြပါ။ မိဘကလဲ သားသမီးကို သားသမီးကလဲ မိဘကို၊ ဇနီးကလဲ ခင်ပွန်းကို ခင်ပွန်းကလဲ ဇနီးကို သံသရာက လွတ်ကြောင်း ဝိပဿနာ အားထုတ်ဖို့ အားပေးတိုက်တွန်းကြပါ။ ကိုယ်တိုင်လဲ ကျင့်ကြပါလို့ပဲ ပြောပါရစေ။


Leave a Reply

Your email address will not be published. Required fields are marked *