မိဘကျေးဇူး ကြီးတာ မှန်ပါတယ်။ ဒါပေမယ့် လူဖြစ်လာရတာ မိဘကျေးဇူး တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အရင်သံသရာမှာ ဒီဘဝ လူဖြစ်လာစေဖို့ လုပ်ထားခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့်လည်း ပါပါတယ်။ ‘ကမ္မပစ္စယော’ လို့ ခေါ်ပါတယ်။ ပဋိသန္ဓေဝိဉာဏ် ဖြစ်လာဖို့အတွက် အမှီအခို (ရုပ်၊ အညှိ) ကိုသာ မိဘများက ထောက်ပံ့ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ယခင်ဘဝက စုတိစိတ်မှာ ထင်လာတဲ့ ဂတိနိမိတ် အကြောင်းတရားတွေကြောင့်သာ လူလာဖြစ်ရခြင်း ဖြစ်ပါတယ်။ တရားများအားလုံးဟာ အနတ္တမို့၊ အကုန်လုံးဟာ အကြောင်းကြောင့် အကျိုးဖြစ်နေတဲ့ ဖြစ်စဉ်သက်သက်ပါပဲ။

မြတ်စွာဘုရားက “မိဘကျေးဇူး မြင်းမိုရ်ဦး” ဆိုတဲ့ စကားမျိုးတွေ ဟောမသွားပါဘူး။ အဲဒါတွေ ပြောဖို့ပဲ ဘုရားပွင့်လာသလိုလို၊ မိဘမေတ္တာကို ချီးမွမ်းခန်းဖွင့်ဖို့ပဲ ဘုရားပွင့်လာသလိုလို သဘောထားလို့ မရပါဘူး။ ဘုရားဟော ပိဋကတ်တော်မှာ မိဘအကြောင်းက စာတစ်အုပ်စာတောင် မပါပါဘူး။ စာအုပ် တစ်ဝက်စာတောင် မပါပါဘူး။ ပိဋကတ်သုံးပုံထဲမှာ သုံးလေးငါးပုဒ်လောက် ပါတာလေးကိုပဲ ဘုန်းကြီးတွေက ဟောလိုက်တာ ဖွင့်လို့ကို မပြီးနိုင်တော့ပါဘူး။

တကယ်တော့ မေထုန်ဆိုတာ ကာမဂုဏ်ခံစားလိုတဲ့ စိတ်ဆန္ဒရှိသူ နှစ်ဦးတို့ ပြုလုပ်တဲ့ အရာဖြစ်တယ်လို့ပဲ ဟောထားတာပါ။ အဲဒီ မေထုန်မှီဝဲခြင်းကပဲ ကိုယ့်ကို ‘အနန္တော အနန္တဂိုဏ်းဝင်’ ဖြစ်သွားစေမယ့် ကျင့်စဉ်ကြီးတစ်ခုလို လုပ်နေကြရင် ဘယ်လိုမှ မြင်မကောင်းပါဘူး။ ရူးတာလည်း ရူးတာပေါ့။ အဲဒီလောက်ကြီး ရူးနေကြတော့လည်း မြင်မကောင်းလှဘူး။ မပြောဘဲလည်း မနေနိုင်ဘူး၊ ပြောရမှာပဲ။

ဒီသံသရာကြီးမှာ မိဘ၊ သားသမီး မတော်စပ်ဖူးသူရယ်လို့ မရှိလေတော့၊ ဘုန်းကြီးတွေရော လူတွေရော အားလုံးဟာ သံသရာထဲ ချာလည်ပတ်ချာရမ်းပြီး ပုံစံအမျိုးမျိုးနဲ့ ကြုံဆုံခဲ့ကြဖူးတာချည်းပါပဲ။ အဲဒီတော့ သူ့အကြွေး၊ ကိုယ့်အကြွေးဆိုတာတွေက ဘာမှ ရေရာအောင် ပြောလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်သားသမီးက ကိုယ့်မိဘဖြစ်ပြီး ကိုယ့်ကို ဒီထက်ပိုပြီး စောင့်ရှောက်ခဲ့တဲ့ ဘဝတွေလည်း ရှိခဲ့မှာပါပဲ။ ဒါကြောင့် အဲဒီလောက်ကြီး မိဘ၊ သားသမီးဆိုတဲ့ ပညတ်တွေအပေါ်မှာ တွယ်တာမနေပါနဲ့။ ရုပ်နာမ်ဖြစ်ပျက်မှု အစဉ်တန်းကြီးထဲမှာ ဂုဏ်ဆိုတာဟာ တကယ်တော့ အားလုံးတူတူ ရူးနေကြတဲ့ သဘောပါပဲ။

တကယ်တမ်း အလေးအမြတ်ပြုစရာ မြင့်မြတ်တဲ့ တရားတွေ ရှိပါတယ်။ အဲဒါက လောကုတ္တရာ တရားတွေပါ။ ခင်ဗျားတို့ရဲ့ ဒုက္ခတွေဟာ သားသမီးတွေ ဘယ်လောက်ပဲ လိမ္မာလိမ္မာ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ တကယ်မရှိတဲ့ “ငါ့သားသမီး” ဆိုတဲ့ ကြံတွေးစရာ အာရုံနောက်ကိုလိုက်ရင်း နောက်ဘဝ အပါယ်သွားဖို့ အကြောင်းတွေ ဖြစ်လာတာဟာ မကောင်းပါဘူး။ အဲဒီတော့ တကယ်မရှိတဲ့ သားသမီး၊ မိဘဆိုတဲ့ ပညတ်တွေနဲ့ သိပ်ပြီး ခေါင်းခြောက်မခံပါနဲ့တော့။

ဘယ်သူ့အပေါ် ကျေးဇူးတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သေတဲ့အခါကျတော့ “မင်းအပေါ် ငါ့ကျေးဇူးတွေ ရှိတယ်၊ ငါ့ကို နတ်ပြည်ရောက်အောင် လုပ်ပေး” လို့ ပြောလို့မရသလို၊ ကိုယ် အပါယ်ကျမယ့် ကိစ္စကိုလည်း “မင်း ငါ့အစား သွားပေးကွာ” လို့ လုပ်လို့မရပါဘူး။ အဲဒီတော့ တစ်နေ့ အဲဒီလို အချိန်မျိုး ကြုံလာတဲ့အခါ၊ ကိုယ့်ကျေးဇူးကို အကြောင်းပြပြီး အနိုင်ကျင့်လို့ မဝသေးဘဲ၊ ပြင်းထန်တဲ့ လိုချင်မှုတွေ၊ အလေးထားခံချင်မှုတွေ၊ ပြုစုယုယခံချင်မှုတွေကို ခံစားရင်း၊ မကျေမနပ်ဖြစ်ရင်း၊ ကျေနပ်တော့လည်း ထပ်တောင်းတရင်းနဲ့ပဲ သံသရာခရီးကို လောဘ၊ ဒေါသ၊ မောဟတွေ အပြည့်နဲ့ ကူးကြမလား။ ဒါမှမဟုတ် အစကတည်းက ကိုယ့်ဘဝကို ကိုယ်တာဝန်ယူ ပြင်ဆင်ပြီး သံသရာက လွတ်ဖို့ ကိုယ့်အလုပ် (တရားအလုပ်) ကိုယ် အာရုံစိုက် လုပ်မလား။ ရွေးချယ်ကြဖို့ လိုပါတယ်။

ကျနော် ဒီလို ပြောနေလို့လည်း လောကကြီးက ဘာမှ ထူးပြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျနော်နဲ့ သက်တူရွယ်တူတွေကတော့ သူတို့ထုံးစံအတိုင်း ဆက်သွားကြရုံပေါ့။ ကိုယ့်မိဘတွေကိုတော့ ကိုယ်တတ်နိုင်ရင် ကျွေးမွေးရမှာပေါ့။ ထားပါတော့။ ကျနော်တို့ကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ကိုယ့်အထက်က Generation ကို သွားပြီး ပြဿနာ မရှာတော့ပါဘူး။ ဒါပေမယ့် နောက်လာမယ့် Generation နဲ့ ကျနော်တို့ကြားမှာတော့ အဆင်ပြေတဲ့ ပုံစံတစ်ခုခုကို တည်ဆောက်သွားရမှာပါပဲ။ အကောင်းဆုံး အဖြေကတော့ အားလုံး မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ) တွေ ဖြစ်သွားအောင်၊ အနည်းဆုံး သောတာပန် ဖြစ်သွားအောင် တရားအားထုတ်ကြရုံပါပဲ။ ကျနော် အတတ်နိုင်ဆုံး ကြိုးစားပြီး ဝိပဿနာအတွက် စာတွေ ရေးပေးပါမယ်။ စပြီး ရေးနေပါပြီ။ ဒါက ပြောလက်စနဲ့ သေချာ နားလည်စေချင်လို့ပါ။

ဪ… နောက်ပြီး ကျေးဇူးသိတတ်တယ် ဆိုတာ ‘ဒုလ္လဘ’ တရားပါ။ အလွန်ဖြစ်ခဲတဲ့ တရားပါ။ ပိဋကတ်မှာ ပါပါတယ်။ အဲဒါကြောင့် ကျေးဇူးမသိတတ်ဘူး ဆိုပြီး စိတ်ဆိုးတာက သဘာဝမကျပါ။ ကျေးဇူးမသိတတ်မှုကသာ သဘာဝ ကျတဲ့ကိစ္စပါ။ ဒါဟာ အရင်က ဖြစ်ခဲ့တဲ့ ကမ္မဘဝက စီရင်လိုက်တဲ့ သဘောတရားပါပဲ။ ကျေးဇူးသိတတ်မှု ပါချင်ပါမယ်၊ မပါချင် မပါဘူး။ ခြေလက် မွေးရာပါ ချို့ယွင်းလာတဲ့သူကို နားလည်ပေးသလိုမျိုးပဲ၊ ကျေးဇူးသိတတ်ခြင်း ဆိုတာကိုလည်း မွေးရာပါ ဖြစ်တဲ့ကိစ္စ တစ်ခု၊ သံသရာမှာ ရှားရှားပါးပါး ဖြစ်တတ်တဲ့ အရာတစ်ခုလို့ တရားနဲ့အညီ နှလုံးသွင်းလိုက်ပြီး ကျေးဇူးမသိတတ်ခြင်းသာ ပုံမှန်သဘာဝလို့ နှလုံးသွင်းတာကသာ အသင့်တော်ဆုံးပါပဲ။


Leave a Reply

Your email address will not be published. Required fields are marked *