ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု’မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု’မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန်လတ္တံ့ဟု လျှောက်၏။ အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ ”မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-

အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးယောက်တို့နည်းဟူမူ- အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏၊ မဟုတ် မမှန်သောစကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ (၁)

(အကုသိုလ် လုပ်ပြီး ငရဲကျပါတယ်)

အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ် လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်း သော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီး လိုစိတ်ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ (၂)

(အကုသိုလ် လုပ်ပြီး နတ်ပြည်ရောက်ပါတယ်)

အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်းမရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ်မရှိ၊ မှန်သောအယူ ကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။ (၃)

(ကုသိုလ် လုပ်ပြီး နတ်ပြည်ရောက်ပါတယ်)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်း မရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သောအယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏။ (၄)

(ကုသိုလ် လုပ်ပြီး ငရဲရောက်ပါတယ်)

အဲဒီတော့ ကုသိုလ် အကုသိုလ် ဆိုတဲ့ ကိစ္စဟာ နတ်ပြည်ကျိန်းသေရောက်တဲ့ကိစ္စ၊ ငရဲပြည် ကျိန်းသေရောက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ပုထုဇဉ်ဘဝနဲ့နေတဲ့ ဘယ်သူမဆို (ကုသိုလ်လုပ်သူ၊ အကုသိုလ်လုပ်သူ) အပါယ်ကျဖို့က လက်သည်းခွံပေါ်က မြေမှုန်လောက်သာ အခွင့်အရေး ရှိပြီး၊ ငရဲပြည်ကျဖို့ကတော့ ပထဝီမြေကြီးလောက် အခွင့်အရေးရှိပါတယ်။ ရဟန်းတွေလဲ တူတူပါပဲ။ သောတာပန်ဖြစ်မှသာ အပါယ်ဘေးက ကျိန်းသေလွတ်ပါမယ်။ ဒီတလမ်းတည်းသာ ရှိပါတယ်။ ရွေးချယ်မှုကတော့ မိတ်ဆွေတို့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ကုသိုလ်လုပ်သူ၊ အကုသိုလ်လုပ်သူ ဆိုပြီး ပုထုဇဉ် အချင်းချင်းခွဲခြားမဆက်ဆံ ကြပါနဲ့။ အကုန်လုံးမှာ အခွင့်အရေးက တန်းတူသာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *