ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင် အများစုကို ကြည့်ရတာ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဘုရားကျောင်းဆောင် ရှေ့ရောက်ရင်ပဲ ဖြစ်ဖြစ်၊ စေတီပုထိုးတွေ ရောက်ရင်ပဲ ဖြစ်ဖြစ် လူတွေ လုပ်နေကြတဲ့ ပုံစံက ဗုဒ္ဓကို “ဆရာတစ်ဆူ” (Teacher) အနေနဲ့ ဆက်ဆံတာ မဟုတ်တော့ဘဲ၊ တန်ခိုးရှင် “ဘုရားသခင်” (God) တစ်ပါးလို ဆက်ဆံနေကြလို့ပါပဲ။
ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားရမှာက ဗုဒ္ဓဝါဒ ဟာ Theism (ဖန်ဆင်းရှင်ဝါဒ) မဟုတ်ပါဘူး။ Non-theistic (ဖန်ဆင်းရှင်မဲ့ဝါဒ) ပါ။ ဗုဒ္ဓက လောကကြီးကို ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်သူ မဟုတ်ဘူး။ ဆုတောင်းရင် ပြည့်အောင် လုပ်ပေးမယ့်သူ မဟုတ်ဘူး။
ဒါပေမဲ့ လက်တွေ့မှာ ဘာဖြစ်နေသလဲ။ “စီးပွားတွေ တိုးတက်ပါစေ၊ ကျန်းမာပါစေ၊ ထီပေါက်ပါစေ၊ ရာထူးတက်ပါစေ” ဆိုပြီး ဘုရားရှေ့မှာ တောင်းနေကြတယ်။ အဲဒီလို တောင်းနေတာဟာ ဘုရားကို “ဘုရား” (ဗုဒ္ဓ – အမှန်တရားကို သိသူ) အဖြစ် မမြင်ဘဲ၊ ကိုယ်လိုချင်တာကို ဖန်ဆင်းပေးနိုင်တဲ့ “God” အဖြစ် လျှောချလိုက်တာပါပဲ။ ဒါဟာ ဗုဒ္ဓရဲ့ ဉာဏ်တော်ကို စော်ကားရာ ရောက်ပါတယ်။
ဘုရား (ဗုဒ္ဓ) နှင့် ဘုရားသခင် (God) ကွာခြားချက်
အခြားသော ဘာသာတရားတွေ (Religions) မှာ God ဆိုတာ ရှိတယ်။ သူတို့က ယုံကြည်တယ်။ God က ဖန်ဆင်းတယ်၊ God က ကယ်တင်တယ်၊ God ကို ဆုတောင်းရင် ရတယ်လို့ ယုံကြည်တယ်။ သူတို့အယူဝါဒအရ ဒါဟာ မှန်ကန်ကောင်း မှန်ကန်နိုင်ပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဘာသာမှာ အဲဒီလို မဟုတ်ပါဘူး။ ဗုဒ္ဓဆိုတာ “လမ်းပြသူ” (Guide) သက်သက်ပါ။ “ငါဘုရားသည် လမ်းကိုသာ ညွှန်ပြနိုင်၏။ ထိုလမ်းအတိုင်း လျှောက်လှမ်းရမည့် တာဝန်မှာ သင်တို့၏ တာဝန်သာ ဖြစ်သည်” (တုမှေဟိ ကိစ္စံ အာတပ္ပံ၊ အက္ခာတာရော တထာဂတာ) လို့ အတိအလင်း ဟောခဲ့ပါတယ်။
ဘုရားရှင်က ကျွန်တော်တို့ကို ကယ်တင်ရှင် (Savior) အနေနဲ့ ကြွလာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်လွတ်မြောက်မှုကို ကိုယ်တိုင် ရှာဖွေတတ်အောင် သင်ပေးဖို့ ပွင့်လာတာပါ။ ဒါကို ကျွန်တော်တို့က ဘုရားရှေ့မှာ ဒူးထောက်ပြီး “ကယ်ပါ၊ ယူပါ၊ ပေးပါ” လုပ်နေကြတာဟာ… ဆရာဝန်ဆီ သွားပြီး “ရောဂါပျောက်အောင် ဆေးမသောက်ချင်ဘူး၊ ဆရာဝန်ကြီးကပဲ တန်ခိုးနဲ့ ရောဂါပျောက်အောင် လုပ်ပေးပါ” လို့ ပြောနေတာနဲ့ အတူတူပါပဲ။ အင်မတန် ရယ်စရာ ကောင်းပါတယ်။
ကံ နှင့် ဆုတောင်းခြင်း
ဗုဒ္ဓဝါဒရဲ့ အခြေခံဟာ “အကြောင်းအကျိုး” ပါ။ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်။ ဒါဟာ သဘာဝ နိယာမ ပါ။ ဘုရားက သတ်မှတ်တာ မဟုတ်ပါဘူး။ ဘုရားကို ပန်းတွေ၊ ရေချမ်းတွေ၊ ဆီမီးတွေ ပုံအော လှူဒါန်းပြီး “ချမ်းသာပါစေ” လို့ ဆုတောင်းနေရုံနဲ့ ချမ်းသာလာမှာ မဟုတ်ပါဘူး။ အကြောင်း (Cause) မလုပ်ဘဲ အကျိုး (Effect) ကို လိုချင်တာဟာ မတော် လောဘ ပါ။ ဗုဒ္ဓက လောဘကို ပယ်ဖို့ ဟောတာပါ။ ကျွန်တော်တို့က ဘုရားရှေ့မှာ လောဘတွေ ပွားနေကြတယ်။
တကယ်လို့သာ ဆုတောင်းရုံနဲ့ ပြည့်မယ်ဆိုရင် လောကမှာ ဘယ်သူမှ ဆင်းရဲဒုက္ခ ရောက်စရာ အကြောင်း မရှိတော့ပါဘူး။ အားလုံး ဘုရားရှိခိုးပြီး သူဌေးဖြစ်ကုန်ကြမှာပေါ့။ ဒါကြောင့် ဗုဒ္ဓကို God နေရာ ပို့ပြီး ဆုတောင်းနေသူများ… ခင်ဗျားတို့ လုပ်ရပ်ဟာ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ ဗုဒ္ဓဟောတဲ့ “ကမ္မသကတာ ဉာဏ်” (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည် ဟူသော အသိ) ကို ငြင်းပယ်ရာ ရောက်ပါတယ်။
ကိုးကွယ်မှု (Religion) အဖြစ်မှ ရုန်းထွက်ခြင်း
ကျွန်တော် အမြဲ ပြောလေ့ရှိတယ်။ ဗုဒ္ဓဝါဒကို “ဘာသာရေး” (Religion) ဆိုတဲ့ ခေါင်းစဉ်အောက်က ဆွဲထုတ်ကြပါတော့။ Religion ဖြစ်သွားရင် Rituals (ထုံးတမ်းစဉ်လာတွေ) ပါလာတယ်။ ၉ ခွက်၊ ၉ ဖယောင်းတိုင်၊ ယတြာတွေ၊ ပုတီးစိပ်ပြီး ဂမ္ဘီရ လိုက်စားတာတွေ ပါလာတယ်။ အဲဒါတွေက ဗုဒ္ဓလမ်းစဉ် မဟုတ်ပါဘူး။ ဗုဒ္ဓလမ်းစဉ်က မဂ္ဂင်ရှစ်ပါးဆိုတဲ့ “ဓမ္မ” ပါ။ အမှန်တရားပါ။
အနောက်နိုင်ငံက ပညာတတ်တွေ၊ သိပ္ပံပညာရှင်တွေ ဗုဒ္ဓဝါဒကို စိတ်ဝင်စားတာဟာ ဒီလို ယတြာတွေ၊ ဆုတောင်းတွေကြောင့် မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ Logical Thinking (ယုတ္တိဗေဒ)၊ Psychology (စိတ်ပညာ) နဲ့ Vipassana (ဝိပဿနာ) ဆိုတဲ့ လက်တွေ့ကျင့်စဉ်တွေကြောင့်ပါ။ ကျွန်တော်တို့ နိုင်ငံမှာတော့ ပြောင်းပြန် ဖြစ်နေတယ်။ အနှစ်ကို ပစ်ပြီး အခွံကို ကိုးကွယ်နေကြတယ်။ ဘုရားကို တန်ခိုးရှင်ကြီး လုပ်ပြီး ဈေးသည်လို ဆုတောင်းနေကြတယ်။
ဘုရားကို တကယ် ကြည်ညိုရင် ဘာလုပ်ရမလဲ
ဘုရားရှင် ကိုယ်တိုင် မိန့်ခဲ့ပါတယ်။ “ငါဘုရားကို ပန်း၊ ရေချမ်းတို့ဖြင့် ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်။ ငါဘုရား ဟောကြားသော တရားတော်အတိုင်း လိုက်နာကျင့်ကြံခြင်း (ဓမ္မာနုဓမ္မ ပဋိပတ္တိ ပူဇာ) သည်သာလျှင် အမြတ်ဆုံး ပူဇော်ခြင်း ဖြစ်သည်” တဲ့။
ခင်ဗျားတို့ ဘုရားကို တကယ် ချစ်သလား။ တကယ် ကြည်ညိုသလား။ ဒါဆိုရင် ဘုရားကို God နေရာ ပို့ပြီး မစော်ကားပါနဲ့။ ဘုရားကို “ဆရာ” နေရာမှာ ထားပါ။ ဆရာ သင်ပေးတဲ့အတိုင်း လိုက်လုပ်ပါ။ ဆရာက “အနတ္တ” (ငါ မရှိ) လို့ သင်ရင်၊ ကိုယ့်ခန္ဓာထဲမှာ ငါ မရှိကြောင်း ရှာပါ။ ဆရာက “သတိထားပါ” လို့ မှာရင်၊ နေ့စဉ်ဘဝမှာ သတိနဲ့ နေပါ။
“အတ္တဟိ အတ္တနော နာထော” – မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ ဖြစ်သည်။ ဒါဟာ ဗုဒ္ဓဝါဒရဲ့ ကြွေးကြော်သံပါ။ ဘုရားသခင်က ကိုးကွယ်ရာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြုပြင်ပြီး၊ ကိုယ့်လွတ်မြောက်မှုကို ကိုယ်တိုင် ဖန်တီးယူရမှာပါ။
နိဂုံး
မိတ်ဆွေတို့… ဘုရားကျောင်းဆောင် ရှေ့ရောက်ရင် “ပေးပါ၊ ယူပါ” မလုပ်ကြပါနဲ့တော့။ “မြတ်စွာဘုရား… အရှင်ဘုရား ပြသတော်မူသော လမ်းအတိုင်း တပည့်တော် ကြိုးစား လျှောက်လှမ်းပါမည်” လို့သာ သန္နိဋ္ဌာန် ချကြပါ။ ဗုဒ္ဓကို God နေရာကနေ ပြန်ဖြုတ်ချပြီး၊ “မဟာကရုဏာရှင် ဆရာမြတ်” နေရာကို ပြန်ထားပေးလိုက်ကြပါ။ အဲဒါမှသာ ကျွန်တော်တို့ဟာ ဗုဒ္ဓရဲ့ တပည့်သားစစ်စစ်တွေ ဖြစ်ပါလိမ့်မယ်။
ဘုရားသခင် (God) ကို ရှာချင်ရင် အခြား ဘာသာတွေမှာ သွားရှာပါ။ ဗုဒ္ဓဘာသာမှာတော့ “လွတ်မြောက်ရေး လမ်းစဉ်” (မဂ္ဂင်ရှစ်ပါး) ကိုသာ တွေ့ရပါလိမ့်မယ်။
ထက်အောင်


Leave a Reply