ကျွန်တော်တို့ လူ့ဘောင်လောကမှာ “ဘာသာရေး” (Religion) နဲ့ “လွတ်မြောက်ရေး” (Liberation) ဆိုတဲ့ စကားလုံး နှစ်လုံးကို ရောထွေးနေတတ်ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ရိုးရာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီနှစ်ခုရဲ့ ခြားနားချက်ကို သေချာ မကွဲပြားကြပါဘူး။ မကွဲပြားတဲ့အတွက် ဘာဖြစ်သလဲဆိုတော့ ဆေးရုံသွားပြီး ဆေးမကုဘဲ ဆေးရုံတက်လက်မှတ်လေး ကိုင်ပြီး ပြန်လာသလို ဖြစ်နေကြတယ်။
ကျွန်တော် ဒီစာကို ရေးတဲ့ ရည်ရွယ်ချက်က ဝေဖန်ဖို့ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်တွေကို ဆေးကြောဖို့ (Brainwash လုပ်ဖို့) လည်း မဟုတ်ပါဘူး။ ကိုယ်လျှောက်နေတဲ့ လမ်းက ဘယ်ကို ဦးတည်နေသလဲ ဆိုတာကို ပြန်ပြီး သတိကပ်စေချင်လို့ပါ။
ဘာသာရေး (Religion) ဆိုတာ ဘာလဲ
ဘာသာရေးဆိုတာ ယဉ်ကျေးမှု တစ်ခုပါ။ လူရိုင်းဘဝကနေ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ ထိန်းကျောင်းပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ထုံးတမ်းစဉ်လာတွေ၊ ယုံကြည်မှုတွေ စုစည်းထားတာကို ဘာသာရေးလို့ ခေါ်ပါတယ်။ ဘာသာရေးတိုင်းမှာ တူညီတဲ့ အချက်တွေ ရှိတယ်။ အဲဒါကတော့ – ၁။ လောကကို ဖန်ဆင်းတဲ့၊ သို့မဟုတ် စောင့်ရှောက်တဲ့ တန်ခိုးရှင် တစ်ပါးပါး (သို့) အများအပြား ရှိတယ်လို့ ယုံကြည်တာ။ ၂။ ကောင်းတာလုပ်ရင် ကောင်းကင်ဘုံ (သို့) လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်မယ်။ ၃။ ဆုတောင်းရင် ပြည့်မယ်၊ ယတြာချေရင် ပျောက်မယ်။ ၄။ စိတ်ပိုင်းဆိုင်ရာ မှီခိုရာ (Refuge) တစ်ခုခုကို ရှာဖွေတာ။
ဒါတွေက ဘာသာရေးရဲ့ အခြေခံတွေပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အများစု လုပ်နေကြတာတွေကို ပြန်ကြည့်ပါ။ ဘုရားသွားတယ်၊ ပန်းကပ်တယ်၊ ရေလှူတယ်၊ ပြီးရင် ဆုတောင်းတယ်။ “သားသမီးတွေ ကျန်းမာပါစေ၊ စီးပွားရေး တိုးတက်ပါစေ၊ ဘဝဆက်တိုင်း ဆင်းရဲဒုက္ခ ကင်းပါစေ” … စသဖြင့်ပေါ့။ ဒါတွေက မကောင်းဘူးလား ဆိုတော့ လောကီအမြင်အရ ကောင်းပါတယ်။ စိတ်ချမ်းသာမှု ရစေပါတယ်။ လူလိမ္မာတွေ ဖြစ်စေပါတယ်။
ဒါပေမဲ့… ဒါက “လွတ်မြောက်ရေး” မဟုတ်ပါဘူး။ ဒါက “သံသရာထဲမှာ နေပျော်အောင် ဖန်တီးယူခြင်း” သက်သက်သာ ဖြစ်ပါတယ်။ အချုပ်ခန်းထဲမှာ နေရတဲ့ အကျဉ်းသားက အချုပ်ခန်းကို ရွှေရောင်သုတ်လိုက်လို့ လွတ်လပ်ခွင့် ရသွားတာ မဟုတ်ပါဘူး။ ရွှေရောင် အချုပ်ခန်းထဲမှာ ဆက်နေရဦးမှာပါပဲ။
လွတ်မြောက်ရေး ဆိုတာ ဘာလဲ
ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူလာတာက “ဘာသာရေး” တစ်ခု တည်ထောင်ဖို့ မဟုတ်ပါဘူး။ လူတွေကို လိမ္မာယဉ်ကျေးအောင် ဆုံးမရုံ သက်သက်ဆိုရင် ဘုရားပွင့်စရာ မလိုပါဘူး။ ဘုရားမပွင့်ခင် ကတည်းက လောကမှာ အကျင့်သီလ ကောင်းတဲ့ ရသေ့တွေ၊ ပညာရှိတွေ အများကြီး ရှိခဲ့ပါတယ်။
ဘုရားပွင့်လာရတဲ့ တကယ့် ရည်ရွယ်ချက်က “သစ္စာလေးပါး” ကို သိစေဖို့ပါ။ သံသရာ ဝဋ်ဒုက္ခကနေ လွတ်မြောက်စေဖို့ပါ။ လွတ်မြောက်ရေး လမ်းစဉ်မှာ အဓိက ကျတာက “ယုံကြည်မှု” မဟုတ်ပါဘူး။ “ပညာ” ပါ။ ဘာကို သိတဲ့ ပညာလဲ။ “ငါ” မရှိကြောင်း သိတဲ့ ပညာပါ။
ဒီနေရာမှာ သိပ္ပံနည်းကျ နည်းနည်း တွေးကြည့်ရအောင်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကို သိပ္ပံပညာရှင်တွေ ဖြိုခွဲကြည့်တဲ့အခါ ဆဲလ်တွေ၊ မော်လီကျူးတွေ၊ အက်တမ်တွေ၊ အီလက်ထရွန်တွေပဲ တွေ့ရတယ်။ “ထက်အောင်” ဆိုတဲ့ ကောင် ဘယ်နားမှာလဲ ရှာမတွေ့ဘူး။ ဦးနှောက်ကို ခွဲကြည့်ရင်လည်း နျူရွန် (Neuron) တွေရဲ့ လျှပ်စစ်စီးဆင်းမှု (Electrical Impulse) တွေပဲ တွေ့ရတယ်။ “စိတ်” ဆိုတဲ့ ကောင်၊ “ဝိညာဉ်” ဆိုတဲ့ ကောင်ကို ရှာမတွေ့ဘူး။ ဒါက ဘာကို ပြနေသလဲဆိုတော့ “ငါ” ဆိုတာ တကယ်မရှိဘူး။ အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (Process) တစ်ခုပဲ ရှိတယ်ဆိုတာပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့က ငယ်ငယ်ကတည်းက “ငါ” ရှိတယ်လို့ စွဲလာကြတယ်။
- ငါ စားချင်တယ်။
- ငါ လှူချင်တယ်။
- ငါ ကုသိုလ်ရချင်တယ်။
- ငါ နတ်ပြည်သွားချင်တယ်။ ဒီ “ငါ” (အတ္တ) ကို အခြေခံပြီး လုပ်သမျှ အရာအားလုံးဟာ ဘာသာရေး နယ်ပယ်ထဲမှာပဲ ရှိနေပါသေးတယ်။ “ငါ” ကောင်းစားဖို့ လုပ်နေသမျှ ဘယ်တော့မှ သံသရာက မလွတ်ပါဘူး။ ဘာလို့လဲဆိုတော့ သံသရာ လည်စေတဲ့ ခေါင်းဆောင်က အဲဒီ “ငါ” လို့ ထင်နေတဲ့ အစွဲ (ဒိဋ္ဌိ) ဖြစ်နေလို့ပါပဲ။
ဆေးရောင်စုံ ခန္ဓာ
ကျွန်တော်တို့က ဘာသာရေးကို မိတ်ကပ်လိမ်းသလို သဘောထားကြတယ်။ ကိုယ့်စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ပွက်ပွက်ဆူနေတာကို သတိမထားမိဘဲ အပြင်ပန်း အလှူအတန်းလေး လုပ်လိုက်ရုံနဲ့ ကျေနပ်နေတတ်ကြတယ်။ “ဒီနေ့ ငါ ဘုရားမှာ ရွှေသင်္ကန်း ကပ်ခဲ့တယ်၊ ငါ့စိတ်ကို ငါ ပြုပြင်ပြီးပြီ” လို့ ထင်နေကြတယ်။ တကယ်တော့ ဒါဟာ အပေါ်ယံ မိတ်ကပ်လိမ်းတာပါ။ အတွင်းက ကင်ဆာရောဂါ (ဒိဋ္ဌိ) ကို မကုသဘဲ မျက်နှာချောအောင် ပေါင်ဒါ ရိုက်နေသလိုပါပဲ။
လွတ်မြောက်ရေး လမ်းစဉ် ဆိုတာကတော့ ခွဲစိတ်ကုသမှု နဲ့ တူပါတယ်။ နာမယ်၊ ကျင်မယ်၊ ခက်ခဲမယ်။ ကိုယ် နှစ်ပေါင်းများစွာ စွဲလမ်းလာတဲ့ အယူအဆတွေကို စွန့်လွှတ်ရမယ်။ “ငါ့ သားသမီး၊ ငါ့ ပစ္စည်း၊ ငါ့ ခန္ဓာ” ဆိုတဲ့ အစွဲတွေကို ဉာဏ်နဲ့ ဖြတ်တောက်ရမယ့် အလုပ် ဖြစ်တဲ့အတွက် ပုထုဇဉ် စိတ်အနေနဲ့ အင်မတန် ဝန်လေးစရာ ကောင်းပါတယ်။ ဒါကြောင့် လူအများစုက လွတ်မြောက်ရေးလမ်း (ဝိပဿနာလမ်း) ကို မလိုက်ချင်ကြဘဲ ဘာသာရေးလမ်း (ဒါန၊ သီလ လမ်း) ပေါ်မှာပဲ ပျော်မွေ့နေကြတာ ဖြစ်ပါတယ်။
နိဗ္ဗာန် ဆိုတာ ပန်းခြံ မဟုတ်ဘူး
နောက်ထပ် အယူအဆ လွဲနေတာ တစ်ခုက “နိဗ္ဗာန်” ပါ။ လူတွေက နိဗ္ဗာန်ကို ရွှေနန်းတော်ကြီးလို၊ ထာဝရ စိတ်ချမ်းသာစရာ နေရာကြီးလို ထင်နေကြတယ်။ သေမှ ရောက်မယ့် နေရာလို့ ထင်နေကြတယ်။ တကယ်တော့ နိဗ္ဗာန်ဆိုတာ နေရာဒေသ (Place) မဟုတ်ပါဘူး။ တရား တစ်ခုပါ။ လောင်စာကုန်လို့ မီးငြိမ်းသွားတာကို နိဗ္ဗာန်လို့ ခေါ်ပါတယ်။ တဏှာ ဆိုတဲ့ လောင်စာတွေ ကုန်သွားလို့ ငြိမ်းအေးသွားပြီး မပျက်စီးတော့တဲ့ တရား (မပျက်စီးတာကြောင့် အမတ၊ သန္တိသုခလို့ခေါ်ရတာပါ) ကို ပြောတာပါ။
ကျွန်တော် အတိအလင်း ပြောချင်တာက – သာမန်အချိန်မှာ စိတ်ငြိမ်နေရုံ၊ တောတောင်ထဲမှာ အေးချမ်းနေရုံနဲ့ နိဗ္ဗာန် ရောက်တာ မဟုတ်ပါဘူး။ နိဗ္ဗာန်ဆိုတာ မဂ်စိတ်၊ ဖိုလ်စိတ် ဖြစ်ပေါ်တဲ့ အခိုက်အတန့် မှာမှ အာရုံပြုလို့ ရနိုင်တဲ့ တရားထူး ဖြစ်ပါတယ်။ သာမန် ပုထုဇဉ် အနေနဲ့ စိတ် ဘယ်လောက် ငြိမ်ငြိမ်၊ အဲဒါ နိဗ္ဗာန် မဟုတ်ပါဘူး။ ယာယီ ငြိမ်းချမ်းမှု (သမထ) သက်သက်ပါပဲ။
ဒါကို နားမလည်ရင် ကျွန်တော်တို့က စိတ်ကူးယဉ် နိဗ္ဗာန်ကို မျှော်မှန်းပြီး လမ်းဆုံးနေတတ်ပါတယ်။ တကယ့် လွတ်မြောက်ရေးက ကိုယ့်ခန္ဓာထဲက ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ဓမ္မတွေကို မပျက်မကွက် ရှုမှတ်ပြီး “ဪ… ဘာတစ်ခုမှ ငါ ပိုင်တာ မရှိပါလား၊ အကုန်လုံးက သူ့သဘောသူ ဆောင်ပြီး ဖြစ်ပျက်နေတာပါလား” ဆိုတဲ့ အသိ ဝင်လာမှ ရနိုင်တာပါ။
သောတာပန် ဖြစ်ဖို့ ဘာလိုသလဲ
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ရတဲ့ အဓိက ရည်မှန်းချက်က “သောတာပန်” ဖြစ်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သောတာပန် မဖြစ်သရွေ့ ကျွန်တော်တို့ရဲ့ လားရာ က မသေချာဘူး။ ဒီဘဝမှာ ဘုရားတည်၊ ကျောင်းဆောက်ခဲ့ပေမယ့် သေခါနီးမှာ စိတ်ကလေး တစ်ချက်စောင်းသွားတာနဲ့ အပါယ်လေးပါး (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) ကို တန်းခနဲ ရောက်သွားနိုင်တယ်။ ဒါကို “ဝိနိပါတိကဘေး” လို့ ခေါ်ပါတယ်။
ဒီဘေးက လွတ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက “ဒိဋ္ဌိ” ဖြုတ်ဖို့ပါပဲ။ အလှူကြီး ပေးနေရုံနဲ့ ဒိဋ္ဌိ မပြုတ်ပါဘူး။ သီလ စောင့်နေရုံနဲ့လည်း ဒိဋ္ဌိ မပြုတ်ပါဘူး။ ဝိပဿနာ ဉာဏ်နဲ့ ကိုယ့်ခန္ဓာကို ပြန်ကြည့်မှ၊ ရုပ်နာမ်ကို ခွဲခြားနိုင်မှ၊ ဖြစ်ပျက်ကို မြင်မှ ဒိဋ္ဌိ ပြုတ်မှာပါ။
ဒါကြောင့် မိတ်ဆွေတို့ကို တိုက်တွန်းချင်တာက… ရိုးရာ ဘာသာရေးသမား အဆင့်မှာပဲ ရပ်မနေကြပါနဲ့။ “ငါ လှူရင် ငါ့အတွက် ပြန်ရမယ်” ဆိုတဲ့ ကုန်သည်စိတ်နဲ့ ကုသိုလ် မလုပ်ကြပါနဲ့။ အဲဒါက သံသရာကို ရှည်စေပါတယ်။ “ငါ” မရှိကြောင်း သိဖို့အတွက်၊ ဒီအရှုပ်ထွေးကြီးထဲကနေ ရုန်းထွက်နိုင်ဖို့အတွက် ကုသိုလ်လုပ်ပါ။ တရားအားထုတ်ပါ။
ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းနေရုံနဲ့ လွတ်မြောက်မှု မရနိုင်ပါဘူး။ ကိုယ့်စိတ်ထဲက ကိလေသာတွေကို စစ်ခင်းမှသာ အောင်ပွဲ ရနိုင်မှာပါ။ အပေါ်ယံ အခွံတွေကို ဖက်မထားပါနဲ့။ အနှစ်ကို ရှာပါ။ အဲဒီ “အနှစ်” ဆိုတာ တခြားမဟုတ်ပါဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ချိန်ပြည့် ဖြစ်ပျက်နေတဲ့ ရုပ်နဲ့ နာမ် ပါပဲ။
အဲဒီ အမှန်တရားကို မျက်နှာချင်းဆိုင် ရဲရဲကြည့်လိုက်တဲ့ အချိန်မှာ… ဘာသာရေး ဆိုတဲ့ အကာအရံတွေ ကွာကျသွားပြီး၊ စစ်မှန်တဲ့ လွတ်မြောက်ရေး အရသာကို စတင် ထိတွေ့နိုင်ပါလိမ့်မယ်။


Leave a Reply