အရာရာတိုင်းကို အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန် မြင်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ လောကမှာ လူတွေ သဘောတူ သတ်မှတ်ထားတဲ့ အခေါ်အဝေါ်တွေ၊ စည်းမျဉ်းတွေကို ခိုင်မြဲတဲ့ အမှန်တရားကြီးလို့ ပြောလို့ မရပါဘူး။ ဒါတွေဟာ လိမ်ပြောတာ မဟုတ်ပေမယ့်၊ ပတ်ဝန်းကျင်က သတ်မှတ်ထားလို့ ခဏတဖြုတ် မှန်နေတဲ့ အရာတွေပါ။ လူလို့ သတ်မှတ်ထားလို့ လူ၊ ယောက်ျား မိန်းမလို့ သတ်မှတ်ထားလို့ ယောက်ျား မိန်းမ၊ သူတို့ကနေ ကလေးမွေးလာတော့လည်း မိဘ စသဖြင့် ခေါ်ဝေါ်နေကြတာပါ။ ဒီလို လူတွေ ဖန်တီးသတ်မှတ်ထားတဲ့ အရာတွေဟာ ခေတ်စနစ်၊ ဥပဒေ၊ နေရာဒေသတွေ အပေါ် မူတည်ပြီး အမြဲတမ်း ပြောင်းလဲနေတတ်ပါတယ်။ ဖောက်ပြန်ပြောင်းလဲမှု ကင်းတဲ့ ပကတိ အမှန်တရား မဟုတ်ပါဘူး။

အဲဒီတော့ လောကကြီးရဲ့ တကယ့် အမှန်တရားကို အဲဒီလို ပြောင်းလဲနေတဲ့ သတ်မှတ်ချက်တွေထဲမှာ သွားရှာရင် ဘယ်တော့မှ ကျေနပ်လောက်တဲ့ အဖြေမှန် ရမှာ မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမကလွဲရင် တခြားယုံကြည်မှု အများစုဟာ ဒီလို ပြောင်းလဲနေတဲ့ လောကီသတ်မှတ်ချက်တွေ ပေါ်မှာပဲ အခြေခံပြီး အဖြေရှာကြတာပါ။ သူတို့လည်း လောဘထက် အလောဘက ကောင်းတယ်၊ ဒေါသထက် မေတ္တာက ကောင်းတယ် ဆိုတာလောက်တော့ သိကြပါတယ်။ (တချို့ဆို မနာလိုဝန်တိုမှု ဣဿာ မစ္ဆရိယ ကိုတောင် လူ့သဘာဝပဲ ဆိုပြီး လက်ခံထားကြတာမျိုး ရှိပါတယ်။) ဒါပေမယ့် ဖောက်ပြန်ပြောင်းလဲခြင်း မရှိတဲ့၊ တကယ် လက်တွေ့ ရှိနေတဲ့ “ရုပ် နဲ့ နာမ်” သက်သက်သာ ရှိတယ် ဆိုတဲ့ အရှိတရားကိုတော့ မသိကြပါဘူး။ ဒီ ရုပ်နာမ်တွေဟာ ပြုလုပ်ဖန်ဆင်းသူ မရှိဘဲ အကြောင်းကြောင့် အကျိုးဖြစ်နေတဲ့ “အနတ္တ” သဘောသက်သက်ပဲ ဆိုတာကို မသိတဲ့အခါ၊ အရာရာကို ဖန်ဆင်းရှင် တစ်ဦးဦးက လုပ်နေတယ်၊ သူ့အလိုကျ ဖြစ်နေတယ်လို့ ထင်မှတ်ပြီး ကိုးကွယ်ရာအဖြစ် ဖန်တီးလိုက်ကြတာပါပဲ။

တကယ်တော့ ဗုဒ္ဓဘာသာဟာ ဖန်ဆင်းရှင်ကို လက်မခံတဲ့ အဆုံးအမပါ။ ကိုးကွယ်ရာဖြစ်တဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာဟာလည်း လူသားစင်စစ်ကနေ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး လောကရဲ့ အမှန်တရားကို ထိုးထွင်းသိမြင်သွားတဲ့ အမြတ်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ လမ်းမှန်အတိုင်း ကြိုးစားရင် လူတိုင်း ဒီလို သိမြင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ တခြားယုံကြည်မှုတွေက မျက်ကန်းယုံကြည်မှု (Blind Faith) နဲ့ ထာဝရအသက်၊ ခိုင်မြဲတဲ့ “ငါ” (အတ္တ) ဆိုတာတွေကို အမွှန်းတင်နေချိန်မှာ၊ ဗုဒ္ဓကတော့ ခွဲခြမ်းစိတ်ဖြာ စူးစမ်းလေ့လာတဲ့ ဉာဏ်ပညာ (ဝိဘဇ္ဇဝါဒ) ကိုပဲ အလေးပေးပါတယ်။ ခိုင်မြဲတဲ့ “ငါ” မရှိဘူး၊ ထာဝရအသက် ဆိုတာလည်း မရှိဘူး။ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေတဲ့ “အနတ္တ” ရုပ်နာမ်တွေပဲ ရှိတယ်။ အို၊ နာ၊ သေ ဆိုတာ ဘယ်ဘဝရောက်ရောက် ကြုံရမယ့် အရာတွေဖြစ်ပြီး၊ ဒီလို အဆက်မပြတ် ဖြစ်ပျက်နေမှုကြီးဟာ ဘာအနှစ်သာရမှ မရှိတဲ့ စက်ဆုပ်စရာ ဒုက္ခသက်သက် (ဒုက္ခသစ္စာ) ပဲလို့ အရှိကို အရှိအတိုင်း ဟောပြခဲ့ပါတယ်။ ဒီဆင်းရဲဒုက္ခတွေ အဆက်မပြတ် ဖြစ်နေရတာဟာ လိုချင်တပ်မက်မှု တဏှာ (သမုဒယသစ္စာ) ကြောင့်ပဲ ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။

တခြားနေရာတွေမှာ သေချာပေါက် ကြုံရမယ့် သေခြင်းတရားကို ရင်ဆိုင်ဖို့ မမြင်ရတဲ့ ဖန်ဆင်းရှင်ကို မျက်ကန်းယုံကြည်မှုနဲ့ ဆုတောင်း အားကိုးနေရချိန်မှာ၊ ဗုဒ္ဓအဆုံးအမမှာတော့ ကိုယ်တိုင် လက်တွေ့ ကျင့်ကြံရမယ့် လွတ်မြောက်ရာ လမ်းစဉ် ရှိပါတယ်။ အဲဒါကတော့ အမှန်တရားကို မှန်ကန်စွာ သိမြင်ခြင်း၊ မှန်ကန်စွာ ဆင်ခြင်ခြင်း၊ မှန်ကန်စွာ သတိထားခြင်း၊ တည်ကြည်ခြင်း၊ ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ အသက်မွေးခြင်း၊ အားထုတ်ခြင်း ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ် (မဂ္ဂသစ္စာ) ပါပဲ။ ဒီအကျင့်ကို လက်တွေ့ ကျင့်ကြံမယ်ဆိုရင် သေပြီးမှ မဟုတ်ဘဲ၊ အသက်ရှင်နေစဉ်မှာတင် မအို မသေ အမြဲတည်တဲ့ ဒုက္ခငြိမ်းရာ (နိရောဓသစ္စာ) ကို ကိုယ်တိုင် ထိုးထွင်း မျက်မှောက်ပြုနိုင်ပါတယ်။

ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမဟာ တခြားယုံကြည်မှုတွေနဲ့ နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို လက်တွေ့ကျပြီး၊ ယုံကြည်ကိုးကွယ်မှု သက်သက်မဟုတ်ဘဲ အရှိကို အရှိအတိုင်း မြင်အောင်ကြည့်ရမယ့် တစ်ခုတည်းသော အမှန်တရား လမ်းစဉ် ဖြစ်ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာအဖြစ် မွေးဖွားလာရုံနဲ့ ကျေနပ်မနေပါနဲ့။ ဒီလို လွတ်မြောက်ခွင့် လမ်းစရှိနေတဲ့ အချိန်မှာ တခြားယုံကြည်သူတွေကို အပြစ်တင် ဝေဖန်နေမယ့်အစား၊ မေတ္တာ ကရုဏာထားပြီး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်ကြည့်ပါ။ ဒါနလုပ်၊ သီလဆောက်တည်ရုံ အဆင့်လေးနဲ့ပဲ ဘဝကို အချိန်မကုန်ပါစေနဲ့။ တကယ့် အနှစ်သာရဖြစ်တဲ့ မဂ္ဂင်အကျင့်ကို ကိုယ်တိုင် လက်တွေ့ ကျင့်ကြံအားထုတ်ကြဖို့ လိုပါတယ်။

ဒီစာကို ရေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကလည်း လောကမှာ လူ၊ ရဟန်း အရိယာ သူတော်စင်တွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး အတွက်သာ ဖြစ်ပါတယ် လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *