စကားမစပ်ပြောရရင် ဗုဒ္ဓဘာသာဟာ ပညာအားကြီးလွန်းလို့ ယခုခေတ်မှာ တရားရအောင်ဟောဖို့ ခက်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်ဆိုတာကတော့ အကုန်လုံးလိုလိုက တောထွက် တရားကျင့်နေကြတဲ့ခေတ်ပါ။

အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော လူတွေဟာ ဘဝဟာ အဓိပ္ပါယ်ရှိရမယ် ဘာဖြစ်လိမ့်မယ်ဆိုတာနဲ့ ပါတ်သက်ပြီး အကြီးအကျယ်စိတ်ဝင်စားကြပြီး ရှာဖွေကြတဲ့ခေတ်ပါ။ အနောက်တိုင်းမှာသာ ကလေးတွေလို ဖြစ်နေပြီး အရှေ့တိုင်းမှာတော့ အယူဝါဒပေါင်းစုံနဲ့ အရမ်းစူးစမ်းကြတဲ့ခေတ်ပါ။ အဲဒီခေတ်ကိုအခြေခံထားတဲ့ စာအုပ်တချို့ဖတ်ရင် သူတို့ခေတ်ရဲ့ သဘောကို ဆဝါးမိပါလိမ့်မယ်။ ကျနော်ကတော့ အဖုံးမပါတော့တဲ့ စာအုပ်တအုပ်ထဲမှာ အဲဒီခေတ်ဝန်းကျင်မှာ ရှိနေတဲ့ ပညာရှိသူတော်စင်နှစ်ယောက် တိုင်းပြည်ကိစ္စဝင်ပါကြတာကိုဖတ်ဖူးတယ်။ အတော်ဖတ်လို့ကောင်းတဲ့ စာအုပ်၊ စာအုပ်နာမည် မမှတ်မိတော့ဘူး။ ထားပါတော့ ပြောချင်တာက ဘုရားလက်ထက်က လူတွေဟာ minimalism ရသမျှနဲ့ လုံလောက်အောင် စီမံကြပုံပေါ်ပါတယ်။ အောက်ခြေလူတန်းစားအများစုကိုဆိုလိုတာပါ။

ထားပါတော့ ပြောချင်တာက အဲဒီခေတ်၊ ပညာတတ်အသိုင်းအဝိုင်းကတော့ အများအားဖြင့် တရားရှာဖို့ ကြိုးစားကြတယ်။ အဲဒီတော့ အဲဒီရှာဖွေသူတွေထဲကမှ ဘုရားလို့ဝန်ခံ ဝံ့သူလက်ချိုးရေလို့ရတယ်။ အဲဒီထဲကမှ ဂေါတမ မြတ်စွာဘုရားသာလျှင် ဘုရားအစစ်အမှန်ဖြစ်တယ် ဆိုပြီး တရားတော်အရ သံသရာမှလွတ်ရာကို ပို့ဆောင်နိုင်သလို မြတ်စွာဘုရားဆိုတဲ့ ဂုဏ်ဒြပ်တွေ ရှိပါတယ်။

ပြောချင်တာက ကျနော်တို့ ဘုရားကို ကိုးကွယ်ပုံလွဲနေတဲ့ အကြောင်းပါ။ ဗုဒ္ဓဘာသာကိုခြေခြေမြစ်မြစ် သိတဲ့ သူက အတော်နည်းနေတယ်။ ရှင်းရှင်းပြောရရင်တော့ ရဟန်းများဟာ အဆင့်အဆင့် ပျက်နေကြပါတယ်။ ရဟန်းပါ ဘုရားသားတော်ပါလို့ ဘယ်လိုပြောပြော ဘုရားကိုမှ မမြင်ကြတဲ့ ရဟန်းတွေချည်း ၉၉.၉၉ လောက်ဖြစ်နေတာကိုး အဲဒီတော့ စာပေနဲ့ ပါတ်သက်လို့ရှိရင် ရုပ်တရား နာမ်တရား နိဗ္ဗာန်တရား ခန္ဓာငါးပါး ပဋိစ္စသမုပ္ပါဒ် ပဌာန်းအကျဉ်း သင်္ခါရ သင်္ခတ ဝိသင်္ခါရ အသင်္ခတ သစ္စာလေးပါး မဂ္ဂသစ္စာကို အထူးနားလည်မှု စတဲ့ စတဲ့ တရားအားထုတ်မှုနဲ့ ပါတ်သက်တဲ့ စာတွေ ကျရင် မသိတော့တဲ့ ကိုယ်တော်တွေ အတော်မျညးပါတယ်။ သူတို့ဆီက ဆင်းလဲ ဆင်းလာရော သုတ္တန် ပိဋိကတ်က ကောင်းနိုးရာရာလေးဟောပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်တဲ့ ဘဝ ရောက်နေကြပါတယ်။ ဘုန်းကြီးဆိုတဲ့ မာန်ကလဲမချနိုင်လို့ တရားအားထုတ်တဲ့ထဲ ဝင်ပါတာမှာလဲ ရှုပ်ကုန်တာတွေ အများကြီးပါ။

ထားပါတော့ မြတ်စွာဘုရားရဲ့ လက်ထက်တော်မှာတော့ ရဟန်းအများစုက ရဟန္တာ၊ လူတွေကလဲ သောတာပန် စတဲ့ အရိယာတွေ။ အဲလိုခေတ်မျိုးကို ပြန်ရောက်မှ လူတွေအတွက် သံသရာက လွတ်ခွင့်ကြုံမယ်။ အဲဒီခေတ်ကို ပြန်မြင်ရဖို့အတွက် ကျနော်တတ်နိုင်သလောက် စာတွေ ရေးနေပါတယ်။ ကျနော့်စာအုပ်ကို ဖတ်လိုက်တာနဲ့ သိစရာရှိတာတွေ သိပြီး မဂ်ဖိုလ်အတွက် အားထုတ်နိုင်အောင် ကြိုးစားပေးပါ့မယ်။ မြတ်စွာဘုရားလက်ထက်တော်ကို သိချင်ရင်တော့ ညီတော်အနန္ဒာ၏ တသက်တာမှတ်တမ်းဖတ်ကြည့်သင့်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *