ဖြစ်ပျက် ရှုမှတ်တဲ့ အဆင်ပြီးပါက ရှေ့ဆက်သွားစရာက ဓမ္မက ဆောင်မှာ ဖြစ်ပါတယ်။ စိတ္တာနုပဿနာ သတိပဌာန်နဲ့ အားထုတ်ပါ များလာတဲ့အခါမှာ သတိက ကောင်းသထက် ကောင်းလာမှာ ဖြစ်ပြီး၊ ဖြစ်ပျက် တွေကို ထင်ထင်ရှားရှား သဘောပေါက်လာမှာပါ။

ဒီနေရာမှာ သတိထားပါလို့ ပြောတဲ့အတွက် သတိထားကြည့်တဲ့အခါမှာ ကိုယ်က သတိထားနေရတယ်။ အနတ္တ မဟုတ်ဘူး အတ္တလို့ ထင်မှတ်တတ်ပါတယ်။ ဒီအပိုင်းကတော့ ဖြစ်ပျက် ရှုမှတ်နေတုန်းမှာ မေ့ထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်ပျက် ရှုတာဟာ အနိစ္စကို သိမြင်အောင် ကြိုးစားနေတာ မို့ပါ။ နောက်ပိုင်းမှာ ဖြစ်ပျက် ထင်ရှားသထက် ထင်ရှားလာရင် သတိသည်လည်း ဖြစ်ပျက်ပဲ ဆိုတာကို သဘောပေါက် လာပါလိမ့်မယ်။

အနတ္တကို မြင်အောင် တပါးတည်း ပြောရရရင်တော့ ခန္ဓာငါးပါးဟာ တရားတွေပါ။ အယူ၊ အသိ၊ မှတ်သားမှု ဆိုတာကလဲ တရားတွေပါပဲ။ အမှန်သိမြင်ခြင်း၊ တည်ကြည်ခြင်း၊ သတိ တို့ဟာလည်း တရားတွေပါပဲ။ တရား မှန်သမျှဟာ အနတ္တပါ။ ဖြစ်ပျက် ရှုတာနဲ့ ပါတ်သက်ပြီး သတိပဌာန်တရားကို နာယူရတဲ့အခါမှာ သတိထားရမယ် ဆိုတာကို မှတ်သားထားလိုက်ပါတယ်။ (အဲဒါက သညာပါ၊ တရားပါပဲ)။ အဲဒီအတွက် စိတ်တခုခု ဖြစ်တဲ့အခါမှာ သတိထားရမယ်ဆိုတာကို ပြန်အမှတ်ရပါတယ်။ ဒါလဲ ကိုယ်အမှတ်ရတာမဟုတ် အမှတ်ရခြင်း သညာ ရဲ့ သဘောဖြစ်ပါတယ်။ အနတ္တပါ။ ပြန်အမှတ်ရမှုကြောင့် သတိထားလိုမှု ဖြစ်ပါတယ်။ သတိထားလိုမှုကလဲ တရားပါ။ အနတ္တပါ။ သတိထားလိုမှုကြောင့် သတိ ဆိုတာ ဖြစ်ပါတယ်။ သတိဟာလဲ အနတ္တပါ။ သတိ ဖြစ်တဲ့အခါမှာ ပထမစိတ်က ပျက်သွားတာကို သိပါလိမ့်မယ်။ သိမှုကလဲ အနတ္တပါ။ အဲဒီနောက်မှာတော့ ပျက်သွားတာပဲလို့ ဆုံးဖြတ်တဲ့စိတ်၊ အမှန်မြင်တဲ့ စိတ်ဖြစ်ပါတယ်။ သူလဲ တရားပါပဲ။ အနတ္တပါပဲ။

ဒီနေရာမှာ သတိထားစရာ တခုက တရားအားထုတ်တဲ့ အခါမှာ မဂ္ဂင်ငါးပါးနဲ့ ပြည့်စုံရတယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တရားအားထုတ်တဲ့ မဂ္ဂင်ငါးပါး ဆိုတာကတော့ အမှန်သိမြင်ခြင်း၊ အမှန်ကြံစည်ခြင်း၊ အမှန်ကြိုးစားခြင်း၊ အမှန်တည်ကြည်ခြင်း (သမာဓိ) နဲ့ အမှန် သတိရှိခြင်း (သတိ) တို့ပဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ တရားအားထုတ်သူအဖို့ အမှန်ကြိုးစားခြင်းက စရပါတယ်။ အမှန်ကြံစည်ခြင်း နဲ့ အမှန်သိမြင်ခြင်း က အမှန်ကြိုးစားခြင်းကြောင့် ဖြစ်လာပါလိမ့်မယ်။ အမှန်တည်ကြည်ခြင်း (သမာဓိ) နဲ့ အမှန်သတိရှိခြင်း (သတိ) တို့ကတော့ နောက်လိုက် မဂ္ဂင်တွေပါ။ အမှန်ကြိုးစားခြင်း အမှန်ကြံစည်ခြင်း အကြောင်းကြောင့်ပဲ ဒီနောက်လိုက် မဂ္ဂင်နှစ်ပါးက ဖြစ်ရတာပါ။

မရှင်းတာရှိရင် မေးနိုင်ပါတယ်။ ဖြစ်ပျက် ရှုမှတ်ခြင်းကို ပုံစံတကျ လုပ်နိုင်ရင် အချိန်မကြာပါဘူး။ ကျနော့် အတွေ့အကြုံကတော့ ဖြစ်ပျက် ရှုတာကို သေသေချာချာ သဘောမပေါက်ခဲ့လို့ အနတ္တကိုလဲ သဘောမပေါက် ခဲ့လို့ အချိန် နှစ်နဲ့ ချီပြီး ကြာခဲ့ပါတယ်။ ကိလေသာ ခိုတာလဲ များလို့ပါ။ နောက်တပုဒ်မှာတော့ ကိလေသာ အကြောင်း နည်းနည်း ရေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *