ဖြစ်ပျက် ရှုမှတ်ခြင်း ဆိုတာက ဥဒယဗ္ဗယဉာဏ် ဖြစ်ပါတယ်။ ယထာဘူတဉာဏ် (ဟုတ်တိုင်း မှန်စွာ သိသော ဉာဏ်) လို့လဲ ခေါ်ပါတယ်။ ဆိုလိုတာက ပုထုဇဉ်အနေနဲ့က မနေ့က ငါနဲ့ ဒီနေ့ငါ၊ ခုနက ငါ နဲ့ အခု ငါ တူတူပဲ လို့ ယူဆထားပါတယ်။ အဲဒါဟာ အထင်မှားနေမှုသာ ဖြစ်ပြီး တကယ့်လက်တွေ့မှာ ဖြစ်နေတာကတော့ ရုပ်တရား တွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ နာမ်တရား တွေရဲ့ ဖြစ်ပျက်နေမှုတွေ ဖြစ်ပါတယ်။ ဒါကို သေသေချာချာ သဘောပေါက်ထားဖို့က အရေးကြီးပါတယ်။
အဲဒါကြောင့်လဲ ပထမ အဆင့်အနေနဲ့ ကျန်ခဲ့တဲ့ တမိနစ်က စိတ်မရှိတော့တာ၊ ကျန်ခဲ့တဲ့ ၁ နှစ်က ရုပ်မဟုတ် တော့တာ ဒါတွေကို ထောက်ပြီး ဖြစ်ပြီး ပျက်နေခြင်းဟာ မှန်တယ်လို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲလို ဆုံးဖြတ် ပြီးတဲ့အခါမှာမှ စိတ်ကို ရှုမှတ်ရမှာ ဖြစ်ပါတယ်။ စိတ်ကို ရှုမှတ်တဲ့ အခါမှာ စိတ်တခုခု ဖြစ်ပြီဆိုရင် သတိလေး ထားလိုက်ပါ။ သတိ ဆိုတဲ့ စိတ်ကလေး ဖြစ်ပြီး ပထမဖြစ်နေတဲ့ စိတ်ကလေးဟာ ပျက်သွားတာကို မြင်ရပါ လိမ့်မယ်။ အဲဒီအခါကျရင် ပထမသိခဲ့သလိုပဲ နာမ်ဟာ ဖြစ်ပြီး ပျက်နေတယ်။ တနည်း စိတ်ဟာ ဖြစ်ပြီးပျက်နေ တယ် ဆိုတာကို သဘောပေါက်မှု ထင်ရှားသထက် ထင်ရှားလာအောင် ရှုရမှာပါ။ ဒါဟာ သတိကို အဓိက ထားပြီး ရှုတာမို့ စိတ္တာနုပဿနာ သတိပဌာန်လို့ ခေါ်ပါတယ်။
ဒီလို ရှုတဲ့အခါမှာ စိတ်ကလေး တစ်ခုဖြစ်တယ်။ သတိထားလိုက်တယ်။ အဲဒီအချိန်မှာ ပထမစိတ် အပျက်ကို မြင် လိုက်ရပါတယ်။ အဲလိုပဲ ထပ်သတိထားလိုက်ရင် ခုနက သတိထားပြီး ဆုံးဖြတ်တဲ့ စိတ်ဟာလဲ ပျက်သွားတယ် ဆိုတာကို သိရမှာပါ။ ဒီလိုမျိုး ကြားထဲမှာ ကိလေသာ မခိုအောင် ကြိုးစားနိုင်ရင်တော့ ကြိုးစားသလောက် ခရီး ရောက်မှာပါ။ ဒီလိုမျိုး ရှုမှတ်ရင်းကနေ ဖြစ်ပျက်တွေချည်းသက်သက်သာ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်လာ အောင်ရှုရမှာပါ။ ဥဒယဗ္ဗယ ဉာဏ်ကနေ နိဗ္ဗဒါ ဉာဏ် ခေါ်တဲ့ ငြီးငွေ့တဲ့ ဉာဏ်အထိက အထူးပြောစရာ မရှိပါဘူး။ ဒီ ဖြစ်ပျက်ကိုပဲ အထူးရှုမှတ်ရမှာ ဖြစ်ပါတယ်။ ရှုမှတ်ပါ များလာတဲ့အခါ အပျက်ချည်းသက်သက်သာ မြင်လာ ပါလိမ့်မယ်။ ကြည့်လိုက်တာနဲ့ အပျက်တွေချည်းပဲ ဆိုတာသိလာလေလေ အပျက်တွေကို ကြောက်တဲ့ ဉာဏ်တွေ ငြီးငွေ့တဲ့ ဉာဏ်တွေဟာ သူ့ ဟာသူ တိုးလာမှာ ဖြစ်ပါတယ်။
အဲဒီတော့ ရှေ့ဉာဏ် သုံးဉာဏ် ဖြစ်တဲ့ နာမရူပဉာဏ်၊ ကြောင်းကျိုးသိမ်းဆည်းသောဉာဏ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သိသောဉာဏ် စတာတွေက ကျနော့်စာတွေ ဖတ်ဖူးရင် မိတ်ဆွေတို့မှာ ပြည့်စုံနေပါပြီ။ ကျနော်တို့ ဖြစ်ပျက် ရှုမှတ်တဲ့ အလုပ်ကို လုပ်ဖို့ အချိန်ရောက်ပါပြီ။ ဖြစ်ပျက်ကို အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ရှုမှတ်ကြည့်ပါ။ မရှင်းတာရှိရင် မေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျနော်တို့က ခန္ဓာငါးပါးဆိုတဲ့ ရုပ်၊ ဝေဒနာ၊ ဝိဉာဏ်၊ သညာ၊ သင်္ခါရ တို့ဟာ တစ်ခုစီကို ကြည့်တဲ့အခါမှာ ဘယ်ဟာမှ သတ္တဝါဟုတ်မနေတာကို တွေ့ရပါတယ်။ အဲဒီ ငါမဟုတ်တာတွေ ပေါင်းပြီး အကြောင်းအကျိုး ဖြစ်နေတာကိုလဲ ငါလို့ သတ္တဝါလို့ ခေါ်လို့မရပြန်ပါဘူး။ အဲဒီတော့ ငါ ဆိုတာ၊ သတ္တဝါဆိုတာဟာ တကယ် မရှိတဲ့ သဘောဖြစ်နေတာကို သဘောပေါက်ဖို့ လိုပါတယ်။
တကယ်ရှိနေတာက ခန္ဓာငါးပါးပါ။ ဒီနေရာမှာ ပြောချင်တာက ရှိသမျှအရာအားလုံးဟာ ရုပ်တရား၊ နာမ်တရား ပေါင်းစုံသာ ဖြစ်ပါတယ်။ အဲဒီတရားတွေအားလုံး တခုချင်းစီဟာ ဘယ်ဟာမှ ကိုယ်မဟုတ်ပါဘူး။ အဲဒီကိုယ်ဆိုတဲ့ မှားယွင်းစွာကြံစည်ခြင်းဆိုတာလဲ တရားဖြစ်ပြီး သူကို အတိုအနေနဲ့ ဒိဋ္ဌိ၊ အရှည်အနေနဲ့ သက္ကာယဒိဋ္ဌိ၊ နောက်တမျိုး အတ္တဒိဋ္ဌိလို့ခေါ်ပြီး သူဟာလဲ ဖြစ်ပြီးပျက်သွားတဲ့ နာမ်တရားတခုသာဖြစ်ပါတယ်။
အဲဒီတော့ ကိုယ်ဆိုတဲ့ သဘော၊ ငါဆိုတဲ့သဘော၊ သတ္တဝါဆိုတဲ့ သဘောဟာ တကယ်ရှိတဲ့ ကိစ္စမဟုတ်ပါဘူး။ မှားယွင်းစွာမြင်မှုဆိုတဲ့ တရားသဘောလေးတစ်ခုသာ ဖြစ်ပါတယ်။ သူရှိနေလို့ အားလုံးပါယ်ကျရတာပါ။ သူမရှိတော့ရင် အပါယ်မကျတော့ပါဘူး။ အခုအဲဒါကိုစာဖတ်လို့ သိခြင်းသည်လည်း ဖြစ်ပြီးပျက်တဲ့ တရားတခုသာ ဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်း ကိုယ်မရှိတဲ့ အတွက် ကိုယ်သိတာမဟုတ်ပါဘူး။ သိမှုလေးဖြစ်သွားတာပါ။ ပျက်သွားပါတယ်။ ဒါပါပဲ သတ္တဝါဆိုတာ ဘယ်လိုမှမရှိနိုင် ဘယ်တုန်းကမှလဲမရှိပါ။ ဒါဟာ မဂ် သမ္မာဒိဋ္ဌိဖြစ်ပါတယ်။


Leave a Reply