အာရုံ နှင့် ဒွါရ ကို သိပ္ပံအမြင်အားဖြင့် ဖြစ်ပျက်နေသည့်အကြောင်း အနည်းငယ် ရှင်းပြလိုပါတယ်။ အာရုံ ဆိုတာကတော့ အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ တို့ကို အာရုံဟု ခေါ်ပါတယ်။ ဒွါရ ဆိုတာကတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ ဖြစ်ပါတယ်။

မျက်စိ နဲ့ အဆင်းတိုက်တယ် ဆိုရာမှာ တကယ်တမ်းတော့ မျက်စိနှင့် အလင်း တိုက်ခြင်းပင် ဖြစ်ပါတယ်။ ကျနော်တို့က အရာဝတ္ထုတခုကို မြင်ရတယ် ဆိုသည်မှာ တကယ်တော့ အလင်းက အရာဝတ္ထုကို ထိခိုက်ပြီး အလင်းတန်းများက မျက်လုံးကို လာရောက်ထိခိုက်သည့်အခါ အလင်းအနေနှင့် အရောင် အနေနှင့် မြင်စိတ် ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ထိပါးတဲ့အလင်းဟာ အဆက်မပြတ် ဖြစ်ပျက်နေတယ်ဆိုတာကို သဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် သူကြောင့် ဖြစ်တဲ့ မြင်စိတ်ဟာလဲ ဖြစ်ပြီး ပျက်နေတယ်ဆိုတာကို သဘော ပေါက်နိုင်ပါတယ်။ အလင်းဟာလဲ ရုပ်၊ မျက်လုံးဟာလဲ ရုပ်ဖြစ်ပြီး မြင်စိတ်ကတော့ နာမ် ဖြစ်ပါတယ်။ ရှုတဲ့အခါမှာတော့ မြင်စိတ် ဖြစ်ပျက်ကို ရှုမှတ်နိုင်ပါတယ်။

အသံ နဲ့ နား တိုက်တယ် ဆိုရာမှာလဲ တကယ်တော့ အသံ ဆိုသည်မှာလဲ လှိုင်းများသာ ဖြစ်ပြီး ရုပ် ဖြစ်ပါတယ်။ သူကလဲ နားအကြည်နဲ့ ထိခိုက်တဲ့အခါမှာ အသံဖြစ်လာတာပါ။ အသံဟာလဲ လှိုင်းအနေနဲ့ ဆက်တိုက် ဖြစ်နေတဲ့အတွက် တောက်လျှောက်ကြားရသလို ဖြစ်နေပေမယ့် တကယ်တော့ ကြားစိတ်က တောက်လျှောက် ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ အသံကလဲ ရုပ်၊ နားကလဲ ရုပ် ဖြစ်ပြီး ကြားစိတ်ကတော့ နာမ် ဖြစ်ပါတယ်။

နှာခေါင်း နဲ့ အနံ တိုက်တယ် ဆိုရာမှာတော့ အနံဆိုတာဟာ အနံကို ဖြစ်စေတဲ့ ပါတီကယ် (အလွန်သေးငယ် သော ရုပ်ဝတ္ထုများ) က လေထဲတွင် ရှိပြီး နှာခေါင်းတွင်းရှိသော အနံခံ အာရုံ (နှာခေါင်း အကြည်) နှင့် ထိပါးသော အခါ အနံ ရခြင်း နံစိတ် ဖြစ်ပျက် နေခြင်း ဖြစ်ပါတယ်။ အနံဟာလဲ ရုပ်၊ နှာခေါင်းဟာလဲ ရုပ် ဖြစ်ပြီး နံစိတ်ကတော့ နာမ်ပါ။

လျှာ ဆိုရင်လဲ လျှာမှာရှိတဲ့ အရသာခံ အဖုလေးများနှင့် အရသာတို့ ထိပါးသောအခါ အရသာ သိစိတ်ဖြစ်လာ ခြင်း ဖြစ်ပါတယ်။ အရသာ ဖြစ်စေသော အရာဝတ္ထုမှာလဲ ရုပ် ဖြစ်သလို လျှာကလဲ ရုပ်ပါ။ အရသာစိတ်ကသာ နာမ်ဖြစ်ပါတယ်။

ကိုယ် ဆိုတာကတော့ ခန္ဓာကိုယ်အနှံမှာ အာရုံခံကြောတွေ ရှိပါတယ်။ အဲဒီ အာရုံခံ ကြောတွေမှာ လျှပ်စစ်ဓါတ် ရှိနေပါတယ်။ အဲဒီကမှ ခန္ဓာကိုယ်နဲ့ တခုခု ထိပါးတဲ့အခါ လျှပ်စစ်ဓါတ်သဘောအရ ဦးနှောက်ဆီ ပို့ပြီး ထိုမှ တဆင့် ထိပါးမှုကို သိသော စိတ်ဖြစ်ပါတယ်။ ထိပါးစိတ် တနည်း ယား၊ နာ ကောင်း စိတ် ဟု လည်း ခေါ်ပါတယ်။

စိတ်ကတော့ နာမ်တရား အခြင်းခြင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သိပ္ပံပညာရ လက်လှမ်း မမှီ တဲ့အတွက် အထူးရှင်းစရာ မရှိပါဘူး။

ကျေးဇူးပါ။


Leave a Reply

Your email address will not be published. Required fields are marked *