လူဘဝရခဲခြင်း၊ ဘုရားပွင့်တော်မူခဲခြင်းဟူသော တရားတော်များကို ကျနော်တို့ ရဟန်းရှင်လူအားလုံး မကြာခဏ ကြားနာဖူးကြပါသည်။ သို့သော် ထိုခဲယဉ်းလှသော အခွင့်အရေးထူးကြီးကို ရရှိထားသည့် ယခုကဲ့သို့ သာသနာနှင့်တွေ့ဆုံချိန်တွင် ကျနော်တို့သည် မိမိကိုယ်ကို ပုထုဇဉ်အဆင့်မျှနှင့်သာ ကျေနပ်နှစ်သိမ့်ပြီး အချိန်များကို ကုန်လွန်စေနေကြပါသလားဟူသည်မှာ အလွန်လေးနက်စွာ ဆင်ခြင်ရမည့် မေးခွန်းဖြစ်ပါသည်။ သာသနာတော်၏ အနှစ်သာရကို ခံစားရရှိရန်နှင့် စစ်မှန်သော ကိုးကွယ်ရာအဖြစ်သို့ ရောက်ရှိရန်အတွက် ပုထုဇဉ်ဘဝမှသည် အရိယာဘဝသို့ ကူးပြောင်းနိုင်ရေး လက်တွေ့ကြိုးပမ်းမှုသည်သာလျှင် အရေးအကြီးဆုံး အလုပ်ဖြစ်ပါသည်။

ကျနော်တို့ကျင်လည်နေရသော သံသရာကြီးသည် အင်မတန်ရှည်လျားလှပါသည်။ ထိုရှည်လျားလှသော ကာလပတ်လုံးတွင် ကမ္ဘာပေါင်းများစွာ ဖြစ်ပျက်ပျက်စီးခဲ့ကြရာ၌ မြတ်စွာဘုရားရှင်တို့ ပွင့်တော်မမူကြသည့် ‘သုညကမ္ဘာ’ များသည် အင်မတန်မှပင် များပြားလှပါသည်။ သံသရာစက်ဝိုင်းကြီးအတွင်း သုညကမ္ဘာများစွာကို ဖြတ်သန်းပြီးမှ ဘုရားပွင့်တော်မူသည့် အချိန်နှင့် တိုက်ဆိုင်ဆုံစည်းဖို့ရန်ဟူသည် အင်မတန်ခဲယဉ်းလှသော အရာဖြစ်ပါသည်။ ယခု ကျနော်တို့သည် ထိုအင်မတန်ခဲယဉ်းသော အချိန်အခါသမယကို ပိုင်ဆိုင်ထားကြခြင်းဖြစ်ပါသည်။

ဤကဲ့သို့ အဖိုးထိုက်တန်လှသည့် သံသရာလွတ်ကြောင်း အခွင့်အရေးကြီးကို လက်ဝယ်ရရှိထားပါလျက်နှင့် ကျနော်တို့သည် ပုထုဇဉ်ရဟန်း၊ ပုထုဇဉ်ဥပါသကာ အဖြစ်နှင့်သာ သာသနာတော်မှာ နေထိုင်သွားကြမည်ဆိုလျှင် ဤအခွင့်အရေးကြီးကို လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါသည်။ ပုထုဇဉ်ဘဝဟူသည် ကိလေသာတရားများ၏ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပြီး အပါယ်ဘေးမှ လုံးဝကင်းလွတ်သေးသည် မဟုတ်ပါ။ ဒီဘဝမှာ ပရိယတ္တိစာပေများကို တတ်မြောက်ထားသော်လည်း ဝိပဿနာအလုပ်ကို လက်တွေ့အားမထုတ်ခဲ့လျှင် နောင်ဘဝများတွင် သာသနာတော်နှင့် ဝေးကွာသွားနိုင်ပြီး တဖန်ပြန်လည်ရရှိဖို့ ခဲယဉ်းသော သုညကမ္ဘာများစွာဆီသို့ ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။

တဖက်က ကြည့်မည်ဆိုလျှင်လည်း ရဟန်းတော်များအနေဖြင့် ခန္ဓာဉာဏ်ရောက် ဝိပဿနာတရားကို စိုက်လိုက်မတ်တတ် ကြိုးပမ်းအားထုတ်၍ သောတာပန်အစရှိသော အရိယာပုဂ္ဂိုလ်ဖြစ်သွားကြမည်ဆိုလျှင် သံသရာဝဋ်ဆင်းရဲမှ ကိုယ်တိုင် လွတ်မြောက်သွားမည့်အပြင် အခြားသော ကျေးဇူးတရားများစွာလည်း ပေါ်ထွန်းလာမှာ ဖြစ်ပါသည်။ မိမိကို အားကိုးကြကုန်သော၊ ကိုးကွယ်ယုံကြည်ကြကုန်သော ဒကာ ဒကာမများအားလုံးသည် သံဃာရတနာအစစ်အမှန်ဖြစ်သည့် အရိယာပုဂ္ဂိုလ်ကို ဖူးမြော်ခွင့်၊ ကိုးကွယ်ခွင့်ရရှိကြမှာ ဖြစ်ပါသည်။

အရိယာပုဂ္ဂိုလ်ကို ကိုးကွယ်ခွင့်ရခြင်း၊ အရိယာသူတော်စင်တို့၏ စကားကို နာယူခွင့်ရခြင်းဟူသည် သာမန်ကိုးကွယ်မှုထက် အဆပေါင်းများစွာ အကျိုးကြီးမားလှပါသည်။ အရိယာသံဃာ၏ အဆုံးအမစကားသည် မိမိကိုယ်တိုင် ကျင့်ကြံသိမြင်ထားသော သစ္စာတရားများပေါ်တွင် အခြေခံသောကြောင့် နာယူရသူ ဒကာ ဒကာမများအတွက် သံသရာမှ လွတ်မြောက်ရာလမ်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့စေနိုင်ပါသည်။ ဒါ့အပြင် အရိယာသံဃာအား လှူဒါန်းရသော အလှူဒါနသည်လည်း အနုတ္တရံ ပုညက္ခေတ္တံ (လောက၏ အတုမရှိမြတ်သော ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေကောင်း) ဖြစ်သောကြောင့် အကျိုးတရား အင်မတန်ကြီးမားလှပါသည်။

ထို့ကြောင့် ကျနော်တို့သည် အချိန်မဆိုင်းဘဲ၊ ပုထုဇဉ်အဖြစ်နှင့်သာ အချိန်ကုန်မခံဘဲ မိမိကိုယ်တိုင် သံသရာဘေးမှ လွတ်မြောက်ရေးနှင့် လူအများ၏ စစ်မှန်သော ကိုးကွယ်ရာ သံဃာရတနာ ဖြစ်ရေးတို့အတွက် ဝိပဿနာဓုရကို လက်တွေ့ကျင့်ကြံအားထုတ်ကြပါရန် အလေးအနက် တိုက်တွန်းရေးသားအပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *