ပိတ်ရက် ရောက်ပြီဆိုတာနဲ့ အလုပ်တွေနားထားလို့ စိတ်က လွတ်လပ်သွားပြီး ဟိုတွေးဒီတွေးနဲ့ လွင့်ချင်ရာ လွင့်နေတတ်ပါတယ်။
ဒီလို စိတ်လွင့်နေတဲ့အခါ “ငါ့စိတ်တွေ လွင့်နေပြီ၊ ငါ စိတ်မငြိမ်ဘူး” ဆိုပြီး စိတ်ပျက်တာ၊ ဟိုမတွေး ဒီမတွေးရအောင် စိတ်ကို အတင်းချုပ်တည်းတာမျိုး မလုပ်ပါနဲ့။
တကယ်တမ်းတော့ အဲဒီလို ဟိုဟိုဒီဒီ သိနေ၊ တွေးနေတဲ့ သိစိတ် ဆိုတာ ဝိညာဉ် မဟုတ်ပါဘူး။ အာရုံနဲ့ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာတဲ့ “ဝိဉာဏ်” သက်သက်သာ ဖြစ်ပါတယ်။
အတိတ်ကို လှမ်းတွေးလိုက်တဲ့အခါ သိလိုက်တဲ့ ဝိဉာဏ်လေး ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ မနက်ဖြန်အတွက် ကြိုတွေးလိုက်တဲ့အခါ နောက်ထပ် ဝိဉာဏ်အသစ်လေး ထပ်ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ ဒီလို လျင်မြန်စွာ ဆက်တိုက် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးကိုပဲ “ငါ့စိတ်တွေ လွင့်နေတယ်” လို့ အစွဲနဲ့ သွားပြီး ပိုင်ရှင်လုပ်နေကြတာပါ။
အဲဒီလွင့်နေတဲ့ ဝိဉာဏ်တွေထဲမှာ “ငါ” လည်း မပါသလို၊ ကိုယ်ပိုင်တဲ့အရာလည်း ဘာမှမရှိပါဘူး။
ဒါကြောင့် ပိတ်ရက်မှာ စိတ်တွေလွင့်နေရင် အဲဒီ ဝိဉာဏ် (သိစိတ်) လေးတွေကို “ဪ… ဖြစ်ပေါ်လာပြီး ပြန်ပျက်သွားတဲ့ နာမ်သဘောတရားလေးတွေပါလား” လို့ အရှိကို အရှိအတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ စောင့်ကြည့်လိုက်ပါ။ ဒါဟာ နေ့စဉ်ဘဝထဲက လက်တွေ့ စိတ္တာနုပဿနာပါပဲ။
ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အစွဲကင်းကင်းနဲ့ အေးချမ်းတဲ့ ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


Leave a Reply