“ပိဋကတ်တော် (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ပါဠိတော်ရင်းတွေမှာ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကို ခိုးသား ငါးရာ ဝိုင်းရိုက်တဲ့ ဇာတ်လမ်း အပြည့်အစုံ မပါရှိပါဘူး။ ရှာမတွေ့တာ အမှန်ပါပဲ။

ဒီဇာတ်လမ်း အသေးစိတ်ကို ပါဠိတော်ရင်းတွေမှာ မတွေ့ရဘဲ အဋ္ဌကထာ ကျမ်းတွေမှာသာ အကျယ်တဝင့် ဖွင့်ဆို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အဓိက တွေ့နိုင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –

၁။ ဓမ္မပဒ အဋ္ဌကထာ

ဒဏ္ဍဝဂ် တွင်ပါရှိသော မဟာမောဂ္ဂလ္လာနတ္ထေရ ဝတ္ထု ၌ အကျယ်တဝင့် ဖော်ပြထားပါတယ်။ တိတ္ထိတွေက သူတို့ရဲ့ လာဘ်လာဘတွေ ဆုတ်ယုတ်လာလို့ ခိုးသား ငါးရာ ကို ငှားရမ်းပြီး ကာဠသိလာ ကျောက်ဖျာမှာ တရားအားထုတ်နေတဲ့ အရှင်မောဂ္ဂလာန်ကို လုပ်ကြံခိုင်းတဲ့ အကြောင်း၊ အတိတ်ဘဝက မိဘကို ပြစ်မှားခဲ့တဲ့ အကြောင်းစတဲ့ ဇာတ်လမ်းအပြည့်အစုံကို ဒီကျမ်းမှာ အဓိက တွေ့ရပါတယ်။

၂။ ဇာတ် အဋ္ဌကထာသရဘင်္ဂဇာတ် (ဇာတ်နံပါတ် ၅၂၂) ၏ အဋ္ဌကထာ နိဒါန်းပိုင်းမှာလည်း အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်စံရခြင်း အကြောင်းရင်းကို အကျယ်တဝင့် ဖွင့်ဆိုထားပါတယ်။

ပါဠိတော်ရင်း ဖြစ်တဲ့ သံယုတ္တနိကာယ်၊ ဥက္ကစေလသုတ် ကဲ့သို့သော သုတ်တွေမှာတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ ပရိနိဗ္ဗာန် စံလွန်သွားတဲ့အခါ မြတ်စွာဘုရားရှင်က ပရိသတ်ကြီးဟာ တိတ်ဆိတ် အချည်းနှီး ဖြစ်သွားသလို ခံစားရကြောင်း ဟောကြားတဲ့ အပိုင်းလောက်သာ ပါရှိပြီး၊ ခိုးသား ငါးရာ လုပ်ကြံတဲ့ အသေးစိတ် အဖြစ်အပျက်ကို ထည့်သွင်း ဟောကြားထားတာ မရှိပါဘူး။”

ဒီကိစ္စနဲ့ပါတ်သက်ပြီး ပြောရရင် အားလုံးအကြားများတာကတော့ ရှင်မောဂ္ဂလာန်က အရင်ဘဝက မိဘတွေကို ရိုက်သတ်ဖူးတဲ့အတွက် အဂ္ဂသာဝက ဘဝမှာ ဝဋ်ကြွေးဆပ်ရတယ် ဆိုပြီး ပြောတာမျိုးရှိပါတယ်။ ဒီအကြောင်းကို ဘယ်လိုသိလဲ ဆိုရင်တော့ ရှင်မောဂ္ဂလာန်က သူ့ကို ရိုက်ဖို့လာတဲ့အခါမှာ ဆင်ခြင်ပြီးသိတယ်လို့ ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ပါတ်သက်ပြီး ပြောစရာတွေ ရှိပါတယ်။ အဲဒါကတော့ ကံသည် မြတ်စွာဘုရားအရာသာ ဖြစ်တဲ့အတွက် မြတ်စွာဘုရားက အဲဒီလိုအကြောင်းကြောင့် အရိုက်ခံရပါတယ်လို့ ဟောတာမရှိရင် အဲလို ဖြစ်တယ်လို့ ယူလို့မရပါဘူး။ ရှင်မောဂ္ဂလာန်ကိုယ်တိုင်ကလဲ အဲလို ဝဋ်ကြွေးရှိလို့ ခံစားရတယ်လို့ ကိုယ်တိုင် မသိနိုင်ပါဘူး (ကံ သည် အဂ္ဂသာဝကအရာမဟုတ်)။ အဲဒီတော့ ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။ တခုက (ပိဋကတ်တော်မှာ အဲဒီဇာတ်လမ်းမပါတဲ့အတွက်) ရှင်မောဂ္ဂလာန်သည် ခိုးသားတွေ အရိုက်ခံရတာမဟုတ် အသက်ကြီးလို့ ပရိနိဗ္ဗာန်ပြုသွားတာလဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ခိုးသားတွေ ရိုက်တာ ခံရတယ် ဆိုလဲ အရိုက်ခံရတဲ့ အကြောင်းအရင်း ရှိပါတယ်။ အဲဒါကတော့ ရှင်မောဂ္ဂလာန်က အမြဲလိုလို နတ်ပြည်ကို ကြွပြီး နတ်သမီးတွေကို ဘာကြောင့် ဒီလိုဘဝ ရောက်ရတာလဲ ဆိုတာမျိုး အင်တာဗျုး လုပ်လေ့ရှိပါတယ်။ ပြီးရင် လူ့ပြည်မှာ ဘယ်သူကတော့ ဘာကုသိုလ်လုပ်လို့ နတ်ပြည်ရောက်နေပြီ ဆိုတာမျိုး ဟောလေ့ရှိပါတယ်။ အဲဒီတော့ တိတ္ထိတွေ အတွက် မြတ်စွာဘုရား ပြီးရင် သူတို့အကျိုးစီးပွားကို ပျက်ပြားအောင် အလုပ်ဆုံးက ရှင်မောဂ္ဂလာန် ဖြစ်နေတာကြောင့် အငြိုးထားပြီး လူငှားရိုက်ခိုင်းတာပါ။ ငါးရာဆိုတာလဲ မဟုတ်လောက်ပါဘူး။ လေးငါးယောက်လောက်လဲ ဖြစ်နိုင်ပါတယ်။ ဒါဆိုရှင်မောဂ္ဂလာန်က ဘာကြောင့် တန်ခိုးနဲ့ ပြန်မတုန့်ပြန်သလဲ ဆိုတာကတော့ ရှင်မောဂ္ဂလာန်က ရဟန္တာဖြစ်တဲ့အတွက် သူတပါးကို ပျက်စီးစေလိုတဲ့စိတ်လုံးဝမရှိပါဘူး။ ဘဝ ကိုတက်မက် တွယ်တာနေမှုလဲ မရှိပါဘူး။ ရဟန္တာတွေ ဆိုတာက ပရိနိဗ္ဗာန်ပြုရတာကို နှစ်သက်ပါတယ်။ နောက်တခုက နောက်ကနေ ချောင်းရိုက်တာလဲ ဖြစ်နိုင်ပါတယ်။ သတိမထားမိလိုက်လို့ အလစ်ခံလိုက်ရတာမျိုးပေါ့။ အဲဒီတော့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ရှင်မောဂ္ဂလာန်က တိတ္ထိတွေ အကျိုးပျက်စီးစေတဲ့ အကြောင်းလုပ်ခဲ့တယ်၊ တိတ္ထိတွေ မကျေနပ်ခြင်းအကျိုးဖြစ်တယ်၊ ဒီအကြောင်းကြောင့် တိတ္ထိတွေက ရှင်မောဂ္ဂလာန်ကို သတ်ဖို့ ကြံစည် လုပ်ကိုင်တဲ့ အကျိုးဖြစ်တယ်။ ဒါကြောင့် ရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်စံရတယ် ဆိုတာမျိုးက အကြောင်းအကျိုး ခိုင်လုံတဲ့ ကိစ္စပါ။ ရှင်မောဂ္ဂလာန်က အတိတ်ဘဝက မိဘကို သတ်ဖူးလို့ ခံရတယ် ဆိုတာမျိုးကတော့ ဘုရားဆုံးဖြတ်တာ မဟုတ်ရင် အတိအကျလို့ ပြောလို့မရပါဘူး။ နောက်တချက် အဲဒီကိစ္စမဖြစ်နိုင်တာက မိဘကိုသတ်တဲ့ဘဝမှာ ရှင်မောဂ္ဂလာန်က အဲဒီပြုလုပ်မှုရဲ့ အပြစ်ကို အဝီစိမှာ အပြည့်အဝ ခံခဲ့ရပြီး ဖြစ်ပါတယ်။ အဝီစိက မင်းရဟန္တာဖြစ်မှ အရိုက်ခံရအောင်လုပ်ဦးမယ်၊ အပြစ်ကလေး နည်းနည်းလောက် လျော့ပေးလိုက်မယ် ဆိုတာမျိုး အဓိပ္ပါယ်မရှိပါဘူး။ လုပ်ခဲ့တာကို ငရဲမှာ အကုန်ဆပ်ပြီးပြီမို့ ဘာမှ အကျွင်းအကြံမရှိနိုင်တော့ပါဘူး။ ဒါကြောင့် မိဘကို သတ်ဖူးလို့ ရှင်မောဂ္ဂလာန် ခိုးသားတွေ ရိုက်တာ ခံရတယ် ဆိုတာကို ကျနော့်အနေနဲ့ အကြောင်းအကျိုးဆက်စပ်မှုအရ လက်မခံပါဘူး။ နောက်တချက်ကတော့ သံသရာက ရှည်လွန်းတာမို့ အကုန်လုံးက အဆိုးဆုံးဖြစ်တဲ့ မိသတ် ဖသတ် ကံတွေ ကျုးလွန်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကျန်တဲ့ အဂ္ဂသာဝက မဟာသာဝက တွေလဲ ကျုးလွန်ဖူးပြီးသားလို့ ယူဆရပါတယ်။ ဒါကြောင့် အဲဒီထဲမှာမှ ရှင်မောဂ္ဂလာန်တပါးတည်းခံရတယ်ဆိုတာကလဲ အဓိပ္ပါယ်မရှိပါဘူး။ ဓမ္မပဒ အဋ္ဌကထာ ဆိုတာက ဘုရားပရိနိဗ္ဗာန်ပြုပြီး နောက်ထပ် နှစ်ပေါင်း ၉၀၀-၁၀၀၀ လောက်မှာ ပေါ်တာမို့ ကြားထဲမှာ မျိုးဆက် ၁၀-၁၅ ဆက်လောက် ကွာခြားသွားတာမို့ အဲဒီတုန်းက ဘာဖြစ်ခဲ့တယ် ဆိုတာကို အတိအကျ ပြောနိုင်တယ် ဆိုတာ သိပ်သဘာဝမကျပါဘူး။

ဒါဆိုရင် ဘုရားကျတော့ ဘာကြောင့် ဝဋ်ကြွေးခံရလဲ ဆိုတာ မေးခွန်းထုတ်စရာရှိလာပါတယ်။ ဒါနဲ့ပါတ်သက်ပြီး ဖြစ်နိုင်ချေ တခုကို ပြောချင်ပါတယ်။ အဲဒါကတော့ နိယျတ ဗျာဒိတ်ခံပြီးသား ဘုရားအလောင်းတွေဟာ ငရဲအကုန်လုံးကို မကျတော့ပါဘူး။ အပေါ်ဆုံး ငရဲ လေးခု (ကျနော်အမှတ်မမှားရင်) အထိပဲ ကျပါတော့တယ် ကျန်တဲ့ အောက်ငရဲတွေကို မကျတော့တဲ့ သဘာဝ ရှိပါတယ်။ အဲဒီတောာ့ ဘုရားအလောင်း နိယျတဗျာဒိတ်ခံပြီးသား ဘဝမှာ ငရဲလေးခုအောက် ငရဲကို ကျမယ့် ကံတွေ ကျုးလွန်ခဲ့မိရင် အဲဒါက ဝဋ်ကြွေးတော် ဆိုတဲ့သဘောမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကလဲ ဆက်စပ်တွေးတောမှုပါ၊ အတိအကျလို့ မပြောလိုပါဘူး။

အနှစ်ချုပ်ပြောရရင်တော့ ဝဋ်ကြွေးဆိုတဲ့ ကိစ္စ (ကမ္မဝဋ်ကြွေး) ဆိုတာက မြတ်စွာဘုရား တပါးတည်းနဲ့သာ ဆိုင်ပြီး ကျန်တဲ့ အဂ္ဂသာဝက က စလို့ အောက်ပိုင်းတွေနဲ့ လုံးဝ မဆိုင်ဘူးဆိုတဲ့ အကြောင်းပါပဲ။

(ကျနော့်ရဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။ အတိအကျ ပြောနိုင်သူမရှိတဲ့ အတိတ်ဖြစ်ရပ်ဖြစ်တဲ့အတွက် အမှန်စင်စစ်ပါလို့ မပြောလိုပါဘူး။ ဆင်ခြင်မှုနဲ့ အကြောင်းအကျိုးဆက်စပ်ပြလိုမှုသာ ဖြစ်ပါတယ်။)


Leave a Reply

Your email address will not be published. Required fields are marked *