လောကကြီးတခုလုံးဟာ ဖြန့်ခင်းထားသလို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ လူ့ ဦးနှောက်ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ်။ အရင်စာထဲမှာလိုပါပဲ အတတ်ပညာနဲ့ အသိပညာ ဆိုပြီး ပညာရပ် နှစ်မျိုးရှိတဲ့ထဲမှာ ဝါဒတွေနဲ့ ပါတ်သက်တဲ့ ကိစ္စတွေဟာ အသိပညာ စာရင်းထဲ ဝင်ပါတယ်။ အဲလိုပဲ သင်္ချာနဲ့ ရူပဗေဒ တို့ဟာလဲ အသိပညာ စာရင်းဝင်တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီတော့ အသိပညာ ဆိုတာက ကိုယ့်ရဲ့ သိမှု နယ်ပါယ်ကို ချဲ့ထွင်သွားရတဲ့ သဘောပါပဲ။ သိမှုမှာလဲ ကြံဆသိ၊ ကြောင်းကျိုးစပ်သိ၊ ခန္ဓာသိ ဆိုပြီး သိမြင်မှု ပုံစံ သုံးမျိုး ခွဲခြားနိုင်ပါတယ်။ ပညာရပ်ရဲ့ သဘာဝကိုက အဲဒီလို ဖြစ်နေတာပါ။ ပညာရပ်မှာ မှန်းဆတယ် ဆိုတဲ့ သဘောပါကို ပါနေပါတယ်။ အဲဒီတော့ ကျနော်တို့လို သာမန်လူတွေအတွက် ကိုယ့်မှာ ကိုယ်တိုင်အလိုလို သိနိုင်သော လိုအပ်တဲ့ ပါရမီတွေ မပါလေတော့ မြတ်စွာဘုရားဟောထားတဲ့ တရားကိုပဲ ကြံဆပြီး သိဖို့ စကြိုးစားရတာပါပဲ။ မြတ်စွာဘုရားကတော့ ကိုယ်တော်တိုင် သိမြင်သော တရားလို့ ဆိုတဲ့အတိုင်း ကိုယ်တိုင် ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခု ဉာဏ်၊ အာသဝက္ခယဉာဏ် ဆိုပြီး အလုံးစုံသိတဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင်ပဲလေ၊ ကျနော်တို့ အရိယာ သာဝက တွေဆိုတာကတော့ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားကို နားလည်အောင် ကြိုးစားရင်းနဲ့မှ သိရတဲ့ သဘောပါ။ တရားအားထုတ်တဲ့ အခါမှာ သိမှုနဲ့ ကျင့်ကြံမှု ဆိုပြီးခွဲခြားလို့ မရပါဘူး။ ကျင့်ကြံမှုသည် ကိလေသာ တို့နဲ့ ထုံမွှမ်းထားတဲ့ စိတ်ကို အမှန်မြင်မှု အမှန်သိမှု ဖြစ်လာအောင် ကြိုးစားအားထုတ် ခြင်းပါပဲ။ ဒီတော့ တရား ကျင့်ကြံမှုသည်ပင်လျှင် သိမှု ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ သိမှုပေါ်မှာ ထပ်ပြီး သိမှုသည်ပင်လျှင် နာမ်တရားသာ ဆိုတာကို အမှန်သိမြင်မှုကနေပြီး မဖောက်ပြန်တော့သော အမှန်သိမှု ဖြစ်သွားတာကို အရိယာ ခေါ်တာပါပဲ။
ဗုဒ္ဓဘာသာမှာ တကယ်တော့ သိမှုရဲ့ နယ်ပါယ်ကို ချဲ့ထွင်မှုသည် အဓိက အချက်ပါပဲ။ ပုံမှန်အားဖြင့်တော့ ငါပဲ သူပဲ သတ္တဝါပဲဆိုတဲ့ အထင်ကြီးက အားလုံးမှာ စွဲမြဲနေမှာပါပဲ။ အဲဒီအပေါ်မှာ အမှန်အတိုင်း အရှိကို အရှိအတိုင်း တည့်တည့်ကြီး ကြည့်လိုက်တဲ့အခါမှာတော့ သတ္တဝါဆိုတာသည် တကယ်တော့ ရုပ်နဲ့ နာမ် အညမည ဖြစ်ပျက်နေမှု သက်သက်သာ ဆိုတာကို သဘောပေါက်သွားဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု ဆိုတဲ့ သဘောကို အသေအချာ ဆုပ်ကိုင်မိလျှက်သားတွေ ဖြစ်နေကြတာပါ။ သမိုင်းမတင်ခင်ခေတ်ကတော့ လူတွေဟာ အားထားစရာကို ရှာဖွေရင်းနဲ့ပဲ ဘာသာတရားဆိုတာတွေ ဖြစ်လာတာပါ။ အဲဒီ ဘာသာတရားရဲ့ လောင်းရိပ် အောက်မှာ အနတ္တဝါဒ (သံသရာမှ လွတ်ရာလမ်း) သည် ဗုဒ္ဓဘာသာ ဆိုတဲ့ နာမည်နဲ့ ဘာသာတရားဆိုတဲ့ စကားလုံးရဲ့ ကောင်းမွေ ဆိုးမွေကို ခံနေရပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ သတ္တဝါတွေနဲ့ ပါတ်သက်တဲ့ လောကနဲ့ ပါတ်သက်တဲ့ အဖြေပါပဲ။ အဖြေတင်မက လွတ်ရာလမ်းနဲ့ လွတ်ကြောင်းကိုပဲ ရှင်းပြထားပါတယ်။ လောကကြီးကို သိပ္ပံပညာက အားလုံးသည် ကြယ်မှုန်များ (Star dust) ဖြစ်ကြသည် ဆိုပြီး အရာအားလုံးကို ရုပ်အနေနဲ့ မြင်ကြည့်ပါတယ်။ အဲဒီကနေမှ ရုပ်တွေ ဘယ်လို လှုပ်ရှားသလဲ ဘာကြောင့်လဲ ဆိုတာတွေကို လေ့လာပြီးတော့ အသစ်အသစ်သော အသုံးချမှုတွေ ပြုလုပ်ဖို့ ကြံစည်ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တော့ သစ်ပင်တွေ မြေကြီးတွေနဲ့ လူတွေကြားမှာ ခြားနားမှု ရှိပါတယ်။ အဲဒါကတော့ ကံ ဆိုတာရယ်၊ စိတ် ဆိုတာရယ်ပါပဲ။ အဲဒီတော့ အဲဒီထဲက စိတ်ဆိုတာဟာ နာမ်တရား ဖြစ်နေပါပြီ။ နာမ်တရားဆိုတာက ကျတော့ သိပ္ပံရဲ့ သိမှုနယ်ပါယ်ထဲက လွတ်နေတဲ့ ကိစ္စပါပဲ။ မြတ်စွာဘုရားရဲ့ ရှင်းပြချက်က ရှင်းရှင်းလေးပါ။ ငါ ဆိုတာ သူဆိုတာ သတ္တဝါဆိုတာသည် အခေါ်အဝေါ်သက်သက်သာ ဖြစ်ပြီး တကယ်ရှိနေတာကတော့ စိတ်၊ စေသတိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ ပရမတ္တတရား လေးပါးသာ ဆိုတဲ့ အကြောင်းဟောပြောခဲ့ပါတယ်။ စိတ်နဲ့ စေတသိတ်ကိုတော့ နာမ်လို့ ခေါ်ပြီး၊ သေရင်ကျန်ခဲ့တဲ့ ရုပ်အလောင်းကြီးဟာ ရုပ်ပါပဲ။ အဲဒီမှာ တရားဆိုတဲ့ သဘောကို သိဖို့လိုပါတယ်။ တရားဆိုတာကတော့ တခုခု စွမ်းဆောင်နိုင်သော အရာလို့ ပြောရမယ် ထင်ပါတယ်။ တရားတွေမှာ လက္ခဏာတွေ ရှိပါတယ်။ ဥပမာ ရုပ်ဆိုရင် ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိတယ်။ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိသော အရာကို ရုပ်လို့ခေါ်ပါတယ်။ ရုပ်မှာ မြင်ရသောရုပ်၊ မမြင်ရသောရုပ်၊ ထိပါး၍ရသောရုပ်၊ ထိပါး၍မရသောရုပ် စသဖြင့် စသဖြင့် ရုပ်ကိုပဲ အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ အဲဒီရုပ်တမျိုးစီကို ရုပ်တရားလို့ ခေါ်ပါတယ်။ ဒီလို ပေါ့င်းစုံသော ရုပ်များ စုစည်းထားသောကြောင့် ရုပ် ခန္ဓာ (ရုပ် အစုအဝေး) လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ သေရင် ကျန်ခဲ့တဲ့ ရုပ်အလောင်းပါပဲ။ အဲဒီတော့ သူနဲ့ အညမည ဖြစ်နေတဲ့ နာမ်တရား ဆိုတာကတော့ စိတ်နဲ့ စေတသိတ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ လူ့ဘုံမှာတော့ စိတ်နဲ့ စေတသိတ်သည် ရုပ်တရားအထောက်အပံ့မရှိပဲ မဖြစ်နိုင်ပဲ ရုပ်တရားနဲ့ ပဋိသန္ဓေနေစ ကတည်းက တပေါင်းတည်းဖြစ်သတ္တိနဲ့ ရုပ်နာမ် တူတူဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ စိတ်က တခုတည်းဖြစ်ပြီး စေတသိတ်ကတော့ ၅၂ မျိုးရှိပါတယ်။ အဲဒီ ထဲက တခုစီဖြစ်ဖြစ် စုပေါင်းပြီးဖြစ်ဖြစ် နာမ်တရားလို့ ခေါ်နိုင်ပါတယ်။ နာမ်အစုအပေါင်းမို့ နာမ်ခန္ဓာလို့ ခေါ်ပါတယ်။ နာမ်ခန္ဓာလေးပါးရှိပါတယ်။ စိတ် (ဝိဉာဏ်)၊ သညာ၊ ဝေဒနာ၊ သင်္ခါရ တို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြောချင်တာက အားလုံးသည် ရုပ်တရား နာမ်တရား များသာ ဖြစ်ပြီး သတ္တဝါဆိုတာ မရှိပါဘူး။ သူပဲ ငါပဲ သတ္တဝါပဲ ဆိုတဲ့ ထင်မြင်မှုသည် အမှားထင်မြင်မှု ဖြစ်ပြီး အမှန်တရားသည် စိတ်၊ စေတသိတ်၊ ရုပ် အစုအဝေးများ ဖြစ်ကြပါတယ်။ အဲဒီ စိတ်၊ စေတသိတ်၊ ရုပ်တို့ဟာ သူ့တို့ရဲ့ အကြောင်းအကျိုးများအတိုင်း လည်ပါတ်နေကြပါတယ်။
အဲဒီတော့ တရားနာမှု ဆိုတာ မဖြစ်ခဲ့ရင် ကျနော်တို့ဟာ ခန္ဓာငါးပါးဖြစ်တဲ့ စိတ်၊ စေတသိတ်၊ ရုပ်အပေါ်မှာ မှားမှားယွင်းယွင်းကြံစည်မှု ဒိဋ္ဌိနဲ့ နေနေတာပါပဲ။ အမှန်သိမြင်မှု ဆိုတဲ့ အတိုင်း စိတ်၊ စေတသိတ်၊ ရုပ် တို့ကို ခွဲခြားမြင်မှု နဲ့ အကြောင်းအကျိုး သိမှု ဆိုတာဟာ သာသနာနဲ့ကြုံမှ သိနိုင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အနတ္တဝါဒဟာ အယူဝါဒ အနေနဲ့ ရှင်းရှင်းကြီးပဲ ဖြစ်ပါတယ်။ သတ္တဝါဆိုတဲ့ သဘောဟာ ဘယ်တုန်းကမှ မရှိခဲ့ပဲ ရုပ်တရား နာမ်တရားတို့ အညမည ဖြစ်ပျက်နေခြင်းသာ ဆိုတာကို ကြံဆသိ၊ ကြောင်းကျိုးစပ်သိ၊ ခန္ဓာသိ ဆိုတဲ့ အတိုင်း ခန္ဓာသိဖြစ်သွားတဲ့ အချိန်မှာတော့ ရုပ်တရား၊ နာမ်တရားများဟာ ပြောင်းလဲသွားပါတော့တယ်။ အမှန်သိခြင်ခြင်းကြောင့် သံသရာမှ လွတ်ရာ ဖြစ်သော နိဗ္ဗာန်ကို သိလိုက်တဲ့ အချိန်မှာတော့ ခန္ဓာငါးပါးဟာ မဖောက်ပြန်တော့ပဲ နိဗ္ဗာန်ဆီ စီးဆင်းသွားတော့မှာပဲ ဖြစ်ပါတယ်။ အဲဒါကိုတော့ မဂ္ဂပစ္စယော လို့ ခေါ်ပါတယ်။
အဲဒီတော့ အနှစ်ချုပ်အနေနဲ့ လောကကြီးကို ရုပ်နာမ်တရားများ အဖြစ် သိမှု နယ်ပါယ် ချဲ့ထွင်ခြင်းကနေ စပြီး ကြိုးစားရင် နောက်ဆုံးမှာတော့ မဖောက်မပြန်သော သိခြင်း ဖြစ်သွားမှာပါပဲ။ အဲဒီအခါမှာ အရာအားလုံး အပေါ်မှာ အမြင်တွေ ရှင်းလာပါလိမ့်မယ်။ ဒါကတော့ ပရမတ္တတရား လေးပါးအကြောင်းပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply