ဗုဒ္ဓဘာသာရဲ့ အဓိက ပန်းတိုင်ဟာ တကယ်တော့ သံသရာ ဆင်းရဲဒုက္ခကနေ အပြီးတိုင် လွတ်မြောက်ရေး သက်သက်သာ ဖြစ်ပါတယ်။ လူဝတ်ကြောင်တွေ အနေနဲ့ မဖြစ်မနေ စောင့်ထိန်းရမယ့် အခြေခံကတော့ ငါးပါးသီလပါပဲ။ ငါးပါးသီလကို နှစ်ရှည်လများ လုံခြုံအောင် ထိန်းသိမ်းနိုင်ရင် အပါယ်ဘေးကနေ အတန်အသင့် လုံခြုံသက်သာခွင့် ရပါလိမ့်မယ်။

ဒါပေမယ့် ခေတ်အဆက်ဆက်မှာ တချို့သော ရဟန်းတွေက လူတွေ လိမ္မာယဉ်ကျေးစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓရဲ့ မူလ အဆုံးအမတွေအပေါ်မှာ ချဲ့ကား ဟောပြောခဲ့တာတွေ အများကြီး ရှိပါတယ်။

ဥပမာ – သိင်္ဂါလသုတ်မှာ မိဘက သားသမီးအပေါ် ဘယ်လို ဝတ္တရားကျေပွန်ရမယ်၊ သားသမီးက မိဘအပေါ် ဘယ်လို ပြန်လည် ကျေးဇူးဆပ်ရမယ် ဆိုတာတွေကို ပြဆိုထားပါတယ်။ ဒါတွေဟာ လောကမှာ မလုပ်မနေရ မဟုတ်ပေမယ့်၊ ကျေးဇူးသိတတ်မှု အနေနဲ့ တကယ် လုပ်သင့်လုပ်ထိုက်တဲ့ လူမှုရေး ကိစ္စတွေပါ။

သို့သော် မိဘကို “ကိုးကွယ်ရာ (သရဏဂုံ)” အဖြစ် မြတ်စွာဘုရား ဘယ်နေရာမှာမှ မဟောကြားခဲ့ပါဘူး။ အစစ်အမှန် ကိုးကွယ်ဆည်းကပ်ရာ ဆိုတာ ရတနာသုံးပါး သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ရတနာသုံးပါးရဲ့ အဆုံးအမ (ဓမ္မ) နဲ့ မိဘရဲ့ အလိုဆန္ဒ ယှဉ်လာတဲ့ အခါတိုင်းမှာ၊ လူအများစုဟာ မိဘစကားကိုပဲ ဦးစားပေး လိုက်နာတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် “ပတ်ဝန်းကျင် ဖိအား (Societal Pressure)” ကြီးစိုးနေလို့ပါပဲ။

“သက်ရှိဘုရား” ဟူသော အလွဲများနှင့် သမ္မာအာဇီဝ

သေသေချာချာ ဉာဏ်နဲ့ စဉ်းစားကြည့်ပါ။ အခု လက်ရှိ မိဘဖြစ်နေသူတွေရဲ့ မိဘတွေ ကိုယ်တိုင်ကလည်း “မိဘဆိုတာ သက်ရှိဘုရားပဲ၊ အနန္တော အနန္တ ဂိုဏ်းဝင်ပဲ” ဆိုတဲ့ အသုံးအနှုန်းတွေကို အကန့်အသတ် အတိုင်းအတာ မသိဘဲ လက်ဆင့်ကမ်း သုံးစွဲလာခဲ့ကြတာပါ။ ဒါကြောင့် လူ့အသိုင်းအဝိုင်း တစ်ခုလုံးမှာ “မိဘ စိတ်ချမ်းသာအောင် ထားနိုင်ရင် လူကောင်းပဲ” ဆိုပြီး အားလုံးက တရားသေ စွဲယူ မှတ်သားထားကြပါတယ်။

ဒီလို “မိဘကို ဘုရားလို သတ်မှတ်တယ်” ဆိုတဲ့ အယူအဆရဲ့ နောက်ကွယ်မှာ အလွန် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာပါတယ်။ တချို့ဆိုရင် မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်း (သမ္မာအာဇီဝ) မဟုတ်ဘဲ၊ မတရားတဲ့ နည်းလမ်းတွေနဲ့ ငွေရှာကြတယ်။ ဒါပေမယ့် “မိဘကို လုပ်ကျွေးနေတာပဲ” လို့ အကြောင်းပြလိုက်ရင် ပတ်ဝန်းကျင်က အမြင်ကောင်းကြပြန်ပါတယ်။ တကယ်တော့ ဒါဟာ အပါယ်ငရဲက လာလို့ အပါယ်ငရဲကို ပြန်သွားမယ့် အလုပ်တွေကို မေ့မေ့လျော့လျော့နဲ့ ကျူးလွန်နေကြတာ သက်သက်ပါပဲ။ ဘယ်လောက်ပဲ ဆိုးသွမ်းတဲ့ အလုပ်တွေလုပ်လုပ် “မိဘကို လုပ်ကျွေးနေတာပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေရင်တော့ အပါယ်ကျမှာ သေချာပါတယ်။

တရားအားထုတ်သူများ သိထားသင့်သော အမှန်တရား

ဝိပဿနာ တရားအားထုတ်နေတဲ့ ယောဂီတွေ အနေနဲ့ကတော့ “အမှန်တရား” ဆိုတာ အင်မတန် အရေးကြီးပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နားထောင်ရာမှာ ဘာကို ဆိုလိုသလဲ ဆိုတဲ့ အနှစ်သာရကို သဘောပေါက်အောင် အားထုတ်ရပါမယ်။ “ကြားဖူးနားဝ” စကားတွေကို အလွယ်တကူ လက်ခံပြီး လာသမျှ သာဓု လှိမ့်ခေါ်နေမယ် ဆိုရင် ကိုယ်ကျိုး နည်းပါလိမ့်မယ်။

ကိုယ့်ကို ငယ်စဉ်ကတည်းက အတတ်ပညာတွေ သင်ပေး၊ အစာကျွေး၊ ပြုစုစောင့်ရှောက်လာတဲ့ မိဘကို အလားတူ ပြန်လည် ပြုစုစောင့်ရှောက်တယ် ဆိုတာကတော့ ကောင်းမွန်တဲ့ အလုပ်ဖြစ်လို့ သာဓု ခေါ်စရာပါ။ ဒါပေမယ့် မိဘ ဆိုတာဟာလည်း အရိယာ မဖြစ်သေးသရွေ့တော့ ကိလေသာ အပြည့်နဲ့ “ပုထုဇဉ်” တွေသာ ဖြစ်တယ် ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ ပုထုဇဉ် ဖြစ်တဲ့အတွက် ကိုယ့်သားသမီးကို ချစ်တဲ့စိတ်နဲ့ လမ်းအမှားဆီကို အမှန်ထင်ပြီး ပို့ဆောင် လမ်းညွှန်တတ်တယ် ဆိုတာကို အထူး သိထားဖို့ လိုပါတယ်။

လူကြိုက်များအောင် ဟောခြင်း၏ အန္တရာယ်

တချို့သော တရားဟော ပုဂ္ဂိုလ်တွေကတော့ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ကို ပိုင်ပိုင်နိုင်နိုင် မသိတော့တဲ့ အခါမှာ၊ လူတွေ (အထူးသဖြင့် မိဘတွေ) သဘောကျ နှစ်ခြိုက်မယ့် အကြောင်းအရာတွေကို ရွေးချယ်ပြီး အတင်း အမွှမ်းတင် ဟောပြောရာကနေ ဒီလို အခြေအနေဆိုးကို ရောက်လာခဲ့ကြတာပါ။

ကိလေသာတွေနဲ့ လွှမ်းခြုံနေတဲ့ ပုထုဇဉ် (မိဘ) ကို “အကြွင်းမဲ့ ကိုးကွယ်ရာ” အဖြစ် သတ်မှတ်လိုက်တဲ့အခါ၊ ပုထုဇဉ်ဆိုတာ အရူးနဲ့ တူတယ် ဆိုတဲ့ စကားအတိုင်း မိဘလုပ်သူတွေကလည်း ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်လာပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးယုတ် နစ်နာနေကြတာပါ။

လောကီအတွက်ပဲ ဖြစ်ဖြစ်၊ လောကုတ္တရာအတွက်ပဲ ဖြစ်ဖြစ် မိဘကို “သက်ရှိဘုရား” ဆိုတဲ့ အသုံးအနှုန်းမျိုး၊ “အနန္တော အနန္တ” ဆိုတဲ့ စကားမျိုး လုံးဝ (လုံးဝ) မသုံးသင့်ပါဘူး။ မိမိတို့၏ အန္တိမ ပန်းတိုင်မှာ လူ၊ ရဟန်း အရိယာ သူတော်စင်များ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေး ဖြစ်သောကြောင့်၊ အရာရာကို အစွဲအလမ်းကင်းစွာ ဉာဏ်ဖြင့် ပိုင်းခြား သိမြင်နိုင်ရန် အထူး လိုအပ်လှပါတယ်။

ထို့ကြောင့် မိမိတို့ သန္တာန်မှာ ပတ်ဝန်းကျင် ဖိအားများနောက်သို့ မျက်စိမှိတ် မယိမ်းယိုင်ဘဲ၊ အဓိပတိတရားလေးပါး (ပြင်းပြသော ဆန္ဒ၊ ထက်သန်သော စိတ်၊ မဆုတ်မနစ်သော ဝီရိယ၊ ထိုးထွင်းသိသော ပညာ) နှင့်သာ ပြည့်စုံအောင် ကြိုးစားအားထုတ်သွားကြမည် ဆိုလျှင်၊ အမှားနှင့် အမှန်ကို ကွဲပြားစွာ သိမြင်ပြီး မိမိ လိုလားတောင့်တအပ်သော အေးငြိမ်းရာ လွတ်မြောက်ခြင်း ပန်းတိုင်သို့ ဧကန်မလွဲ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *