ပဋိစ္စသမုပါဒ်က ကျယ်ပြန့်လွန်းတယ်လို့ မြတ်စွာဘုရားက ဟောခဲ့ပါတယ်။ အဲဒါကြောင့် ပဋိစ္စသမုပါဒ်နဲ့ ပါတ်သက်ပြီး သိပ်မရေးဖြစ်တာပါ။ ဒါပေမယ့် တရားအားထုတ်သူများ အနေနဲ့ သိဖို့ လိုအပ်တာမို့ ကျနော်အားထုတ်တဲ့အချိန်တုန်းက အယူအဆ အတိုင်းပဲ ရေးပေးပါ့မယ်။
ပဋိစ္စသမုပါဒ် ဆိုတာက အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်ကို ပြတာပါ။ ပဋိစ္စသမုပါဒ် အစ မှာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ လို့ ပါပါတယ်။ ဒါဟာ သံသရာမှာ သတ္တဝါတွေ လည်ပါတ်နေပုံကို ပြတာပါ။ အဝိဇ္ဇာ ဆိုတာက သစ္စာလေးပါးကို မသိခြင်းပါ။ သစ္စာလေးပါးမှာ နိရောဓ သစ္စာကို တကယ်သိတာသည် မဂ်ကျပြီးသူမှသာလျှင် သိတာပါ။ ပထမ မဂ် ကျပြီးပြီ ဆိုတာနဲ့ သစ္စာလေးပါး ကို လေးပုံတပုံ သိတဲ့သူ ဖြစ်သွားပါပြီ။ အဲဒါကြောင့် ပထမ မဂ်ကျပြီးတာနဲ့ အဝိဇ္ဇာလို့ ပြောလို့ မရတော့လို့ တချို့သော သင်္ခါရတွေ မဖြစ်တော့ပဲ သံသရာမှာ မလည်တော့ပါဘူး။ ပထမ မဂ် ဆို ခုနှစ်ဘဝ၊ ဒုတိယမဂ်ဆို ငါးဘဝ စသဖြင့်နဲ့ ရဟန္တာဆိုရင်တော့ သစ္စာလေးပါးကို အဆုံးထိ သိသွားတာမို့ ဝိဇ္ဇာ ဖြစ်သွားပြီး သင်္ခါရတွေ မဖြစ်တော့ပါဘူး။ ဒီနေရာမှာ ပြောနေတဲ့ အဝိဇ္ဇာ ဆိုတာက သစ္စာလေးပါးကို ခန္ဓာနဲ့ မသိခြင်း ဖြစ်ပြီး သင်္ခါရ ဆိုတာကတော့ ပုညာဘိ အပုညာဘိ စတဲ့ ကုသိုလ် အကုသိုလ် နဲ့ ဈာန်ကို ဆိုလိုတာပါ။ တရား ရှုမှတ်တဲ့ သူအနေနဲ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ ဆိုတာကို ရှုလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဘဝ ပဋိသန္ဓေ မနေခင် အရင် ဘဝတွေက ဖြစ်ခဲ့တဲ့ ကိစ္စမို့ပါ။
အဲဒီ အတိတ်ဘဝ သင်္ခါရ ကနေ အခုဘဝကို ဆက်တာကတော့ သင်္ခါရ ပစ္စယာ ဝိဉာဏ် ဆိုပြီး ဆက်ပါတယ်။ ဒီနေရာမှာ ဝိဉာဏ် ဆိုတာက ပဋိသန္ဓေ ဝိဉာဏ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပဋိသန္ဓေဝိဉာဏ်ကြောင့် နာမ်နဲ့ ရုပ် ဆိုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဝိဉာဏ ပစ္စယာ နာမရူပ လို့ ပြောထားတာပါ။ ဒီနေရာမှာလဲ ပဋိသန္ဓေ ဝိဉာဏ် ဆိုတာဟာ ပစ္စုပ္ပန် ဘဝရဲ့ အတိတ် အကြောင်း ဖြစ်နေပါတယ်။ အဲဒီတော့ ပဋိသန္ဓေဝိဉာဏ် ဆိုတာကို ရှုလို့ မရပါဘူး။ ကျနော်တို့ ရှုလို့ရတာရဲ့ အစက နာမ်နဲ့ ရုပ်ပါ။ အခုလက်ရှိ ပစ္စုပ္ပန်တည့်တည့်ကို ကြည့်လိုက်ရင် နာမ်နဲ့ ရုပ်ဆိုတာက ရှိပြီးသားပါ။ အဲဒီတော့ ဒီကနေ နောက်ပိုင်းက ပစ္စုပ္ပန်ဘဝ နောက်ဆုံးထိက တရားရှုဖို့ နေရာပါ။
အဲဒီတော့ အဲဒါတွေက နာမရူပ ပစ္စယာ သဠာယတန ဆိုတာက စရှုနိုင်ပါတယ်။ သဠာယတန ဆိုတာကတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ကို ဆိုလိုတာပါ။ (ဒွါရလို့လဲ ခေါ်ပါတယ်)။ သဠာယတန ရှိတဲ့ အတွက်ကြောင့် ဖဿ ဆိုတဲ့ ထိတွေ့မှု ဖြစ်ပါတယ်။ (အာရုံတွေ ဖြစ်တဲ့ အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ တို့နဲ့ ထိတွေ့တာပါ)။ အဲဒီနောက်မှာတော့ ဖဿ ပစ္စာ ဝေဒနာ ဆိုတဲ့အတိုင်း ဒုက္ခ၊ သုခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ ဆိုတဲ့ ဝေဒနာ တွေ ဖြစ်ပါတယ်။ ဒီဝေဒနာရဲ့ နောက်မှာ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား တွေ ဖြစ်ပါတယ်။
ကျနော်တို့ လုပ်ရမှာ က ဝေဒနာနဲ့ တဏှာ ကြားက ထွက်ပေါက် ဆိုတဲ့ အတိုင်း ဝေဒနာ ဖြစ်လာတဲ့အခါမှာ (နာမ်ခန္ဓာလေးပါး တပေါင်းတည်း ဖြစ်တာမို့၊ စိတ်ဖြစ်လာတဲ့အခါမှာ) ဝေဒနာ ရဲ့ အပျက်ကို ရှုရတာပါ။ ဒါမှမဟုတ် စိတ်ရဲ့ အပျက်ကို ရှုရတာပါ။ အဲလို ရှုတဲ့အခါ အနိစ္စလို့ သိတာဟာ လောကီ မဂ်ပါ။ အနိစ္စလို့ သိတာ၊ ဒုက္ခလို့ သိတာ၊ အနတ္တလို့ သိတာ အားလုံးဟာ လောကီ မဂ်ပါ။ တဏှာ မာန ဒိဋ္ဌိ ရဲံ နောက်မှာတော့ ဥပါဒါန် ဆိုတာ လိုက်ပါတယ်။ (ဥပါဒါန် ဆိုတာ တဏှာ အကြီးစားလို့ ဟောထားပါတယ်)။ ဥပါဒါန်ရဲ့ နောက်မှာတော့ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ ကံသင်္ခါရ လိုက်ပါတယ်။ (အတိတ်ဘဝတွေက ဖြစ်ပုံ နဲ့ ပြန်ကိုက်ကြည့်ရင် ဥပါဒါန်ထိ ရောက်တာက အဝိဇ္ဇာကြောင့်ပါ။
ဥပါဒါန် ဖြစ်ပြီးရင် ဖြစ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကတော့ ကုသိုလ်၊ အကုသိုလ်၊ ဈာန် ဆိုတဲ့ သင်္ခါရတွေနဲ့ တူတူပါပဲ)။ ဒီနေရာမှာတော့ နောက်ထပ် ဘဝတွေ ဖြစ်စေတဲ့အတွက် ကံသင်္ခါရကို ကမ္မဘဝလို့ ပြောထားပါတယ်။ ဒီအပိုင်းမှာတင် ရှုမှတ်မှုက ပြီးနေပါပြီ။ ရှုမှတ်မှုကြောင့် တဏှာ မာန ဒိဋ္ဌိ ကုန်သွားတဲ့အခါမှာတော့ ကံသင်္ခါရတွေ မဖြစ်တော့ပါဘူး။ နောက်ထပ် ဘဝတွေလဲ ထပ်မရတော့ပါဘူး။ အဲဒါကြောင့် ရဟန္တာများပြုလုပ်ခြင်းဟာ ကံမဟုတ် ကြိယာ လို့ ပြောခြင်းပါ။
ကျန်တာကတော့ ကမ္မဘဝ ဖြစ်ခဲ့ရင် ဇာတိ ဆိုတာ ပြန်ရမှာ ဖြစ်ပြီး၊ ဇာတိရခဲ့ရင် ဇရာ၊ မရဏ သောက ပရိဒေဝ တို့ ဆက်သွားမှာပါပဲ။ ဒါဟာ ပဋိစ္စသမုပါဒ် လည်ပုံနဲ့ ပြတ်ပုံပါပဲ။ ဒီလောက်ဆိုရင် ခန္ဓာဖြစ်စဉ်ကို ရှုမှတ်တတ် လိမ့်မယ်လို့ ယူဆပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply