“ပညာ” ဆိုတာကို အလွယ်ဆုံး အဓိပ္ပာယ် ဖွင့်ရရင်- ကိစ္စရပ် တစ်ခုခု ဖြစ်ပေါ်လာတဲ့အခါ အဲဒီလို ဖြစ်ရခြင်းရဲ့ “အကြောင်းရင်းမှန်ကို ထိုးထွင်း သိမြင်တဲ့ ဉာဏ်” လို့ပဲ ဆိုရပါမယ်။လောကကြီးမှာ ဒီလို မှန်ကန်တဲ့ အကြောင်းတရားကို သိတဲ့ ‘ပညာ’ ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ သံသရာထဲမှာ လည်ပတ်နေရတဲ့ အချိန်မှာ ရရှိတဲ့ အကောင်း၊ အဆိုး ရလဒ်တွေကစလို့၊ နောက်ဆုံး သံသရာမှ အပြီးတိုင် လွတ်မြောက်ခြင်း အထိ အရာရာကို ‘ပညာ’ ကသာ ဦးဆောင်သွားတာပါ။ဗုဒ္ဓဘာသာဝင် အများစုဟာ “ကံ” ကို အလွန် အားကိုးကြပါတယ်။ ဒါပေမယ့် “အဲဒီ ကံဆိုတာ ဘာလဲ၊ ဘယ်အကြောင်းတရားတွေကြောင့် ဖြစ်လာရတာလဲ” လို့ မေးလိုက်ရင် သေချာ ရေရေရာရာ မသိကြပါဘူး။ ဒီလို အကြောင်းတရားကို မသိခြင်း (အဝိဇ္ဇာ) ဟာ ပညာရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ အမှားကို အမှန်ထင်ကာ စွဲကိုင်ထားတာကတော့ “မောဟ (တွေဝေမိုက်မဲခြင်း)” ပါပဲ။ ဒါကြောင့် ကျနော်တို့ အဓိက လိုအပ်နေတာက အကြောင်းကို သိတဲ့ “ပညာ” ကို ရှာဖွေဖို့ပါပဲ။ပညာရှာဖို့ ပြောတဲ့အခါ၊ “ဒီပညာကို ဘယ်ကနေ ရနိုင်မလဲ၊ ဘယ်လို အားထုတ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေ ဆက်လာပါမယ်။ ဝမ်းသာစရာ သတင်းကောင်း ကတော့ ကျနော်တို့မှာ ဘယ်လောက် ထုတ်သုံးသုံး မကုန်ခမ်းနိုင်တဲ့ ပညာ အရင်းအမြစ်ကြီး ရှိနေပါတယ်။ အဲဒါကတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ “ပိဋကတ်သုံးပုံ” ပါပဲ။ သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားဟာ သံသရာမှ လွတ်မြောက်ကြောင်း ပညာတွေ၊ ကံနဲ့ ပတ်သက်တဲ့ အကြောင်းအကျိုး ပညာတွေကို အပြည့်အစုံ ဟောကြား ပြသခဲ့ပြီးပါပြီ။ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဘဲ၊ အကြောင်းကို သိတဲ့ ပညာရဖို့အတွက် ဘုရားဟော တရားတော်တွေကို ချဉ်းကပ် ဆည်းကပ်ကြပါလို့ တိုက်တွန်းရတာပါ။ “ဆည်းကပ်တယ်” ဆိုတာ ထိုင်ရှိခိုးပြီး လိုရာဆုတောင်း နေတာကို ပြောတာ မဟုတ်ပါဘူး။ တရားတော်တွေကို ဖတ်ရှု လေ့လာ မှတ်သားပြီး၊ ပညာရအောင် လက်တွေ့ ကျင့်ကြံ အားထုတ်တာကို ဆိုလိုတာပါ။ပြဿနာ တစ်ခုခု၊ အဆင်မပြေမှု တစ်ခုခု ကြုံလာတဲ့အခါတိုင်း “ဒါဟာ ကံကြောင့်ပဲ” ဆိုပြီး အလွယ်တကူ ပုံချမပစ်ပါနဲ့။ “ဗုဒ္ဓဘာသာဝင်မို့ ကံကို ယုံတာပေါ့” ဆိုပြီး ဂုဏ်ယူမနေပါနဲ့။ အဲဒီလို လုပ်တာဟာ ကိုယ်တိုင် ဉာဏ်ပညာ နည်းရုံသာမက၊ အကြောင်းအကျိုးကို ခွဲခြမ်းစိတ်ဖြာ ပြသတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုပါ တန်ဖိုးချလိုက်သလို ဖြစ်သွားပါတယ်။ ဗုဒ္ဓဝါဒရဲ့ အဓိက အနှစ်သာရဟာ “အရာရာသည် အကြောင်းကြောင့်သာ ဖြစ်ပေါ်လာရသည် (ယေ ဓမ္မာ ဟေတုပ္ပဘဝါ)” ဆိုတဲ့ အချက်ပါပဲ။ ဒီအကြောင်းတရားကို သေသေချာချာ သိဖို့ ‘ပညာ’ ဟာ မရှိမဖြစ် လိုအပ်ပါတယ်။လောကီ ပညာ (သို့မဟုတ်) တံလျှပ်ကို ရေထင်ခြင်းလောကီရေးရာ တွေမှာလည်း အရာရာဟာ အကြောင်းကြောင့် ဖြစ်တာမို့၊ အကြောင်းတရားကို သိတဲ့ ပညာရှိသူကသာ ကြီးပွား ချမ်းသာပါတယ်။ ဘယ်အလုပ်က ဘယ်လို အကျိုးကို ပေးမလဲ ဆိုတာကို သိဖို့ လိုပါတယ်။လောကီ အကျိုးစီးပွားအတွက် ဆိုရင်တော့ ဗဟုသုတ (အကြားအမြင်) များအောင် ရှာဖွေရပါမယ်။ အကြောင်းအရာ တစ်ခုတည်းနဲ့ မတင်းတိမ်ဘဲ စာများများဖတ်ပါ၊ လေ့လာပါ။ (ယခုခေတ်မှာ Google လို ရှာဖွေရေး အင်ဂျင်တွေ ရှိလျက်နဲ့ လောကီမှာ မအောင်မြင်ဘူး ဆိုတာဟာ ဗဟုသုတ မရှာဘဲ တွေဝေ ပျင်းရိနေလို့သာ ဖြစ်ပါတယ်)။ ဗဟုသုတ များလာတဲ့အခါ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်းတွေ မြင့်တက်လာပြီး၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် (ပညာ) တွေ ချမှတ်နိုင်ပါလိမ့်မယ်။ဒါပေမယ့် အသိပညာ ရှိရုံနဲ့ မပြီးသေးပါဘူး။ ဘယ်အရာက ကောင်းကျိုးပေးတယ်၊ ဘယ်အရာက ဆိုးကျိုးပေးတယ် လို့ သိတဲ့ ဉာဏ်ပေါ်မှာ အခြေခံပြီး-ပြင်းပြတဲ့ ဆန္ဒ၊မဆုတ်မနစ်တဲ့ ဝီရိယ၊စူးစိုက် တည်ကြည်တဲ့ စိတ်ဒီ အဓိပ္ပာယ်ရှိတဲ့ တရားတွေနဲ့ ပေါင်းစပ်လိုက်မှသာ “ပညာ ဦးစီးတဲ့ စိတ်” ဖြစ်လာပြီး အောင်မြင်မှု သရဖူကို ဆောင်းနိုင်မှာပါ။ဒီလို လောကီ ပညာတွေနဲ့ ပြည့်စုံလာရင်၊ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ အခြေခံ ဗုဒ္ဓဝါဒနဲ့ အညီ နေထိုင်သွားဖို့ပဲ လိုပါတော့တယ်။ဒါပေမယ့် အထူး သတိပြုရမှာက- ဒီလောကီ အောင်မြင်မှု၊ စီးပွားချမ်းသာမှု ဆိုတာတွေ အားလုံးဟာ “တံလျှပ်” လိုပါပဲ။ အဝေးကကြည့်ရင် ရေပြင်ကြီးလို ထင်ရပေမယ့်၊ တကယ်တမ်း အနားသွားကြည့်တော့ ဘာမှ မရှိပါဘူး။ အရာရာဟာ အမြဲ ပျက်စီးနေတဲ့ (အနိစ္စ)၊ စက်ဆုပ်စရာ အသုံးမကျတဲ့ (ဒုက္ခ)၊ ကိုယ့်အလိုတိုင်း မဖြစ်တဲ့ (အနတ္တ) တရားတွေချည်း သက်သက်ပါ။ ဒီအမှန်တရားလေးကိုတော့ သတိကပ်ပြီး နေထိုင်ကြပါ။ လောကီ ကိစ္စကတော့ ဒီလောက်ပါပဲ။လောကုတ္တရာ ပညာ (သို့မဟုတ်) အရိုးကိုက်သော ခွေးလောကီ ချမ်းသာထက် ပိုမို ကြီးမြတ်တဲ့ တကယ့် ချမ်းသာစစ်ကို လိုချင်ရင်တော့၊ လောကမှ လွတ်မြောက်တဲ့ သောတာပန် (အရိယာ) ဖြစ်အောင် ကြိုးစား အားထုတ်ရပါမယ်။လောကီ ကိစ္စတွေမှာ လိုချင်သူ များလွန်းလို့ အပြိုင်အဆိုင် အလုအယက် ပင်ပန်းခံကြရပါတယ်။ တကယ် ရသလား ဆိုတော့ “ခွေးက အမဲရိုးခြောက်ကို ကိုက်နေရသလိုပါပဲ”။ အနံ့လေး ရသလိုလို ရှိပေမယ့် ဘယ်တော့မှ ဗိုက်မဝပါဘူး။ မကိုက်ဘဲ နေနိုင်သလား ဆိုတော့လည်း တပ်မက်မှု စွဲလမ်းမှုတွေကြောင့် မနားတမ်း ကိုက်နေရပြန်ပါတယ်။ တစ်ခါတလေ လောကဓံရဲ့ ရိုက်ပုတ်မှုတွေကိုပါ ခံရပါသေးတယ်။ နောက်ဆုံး သေသွားတဲ့ အခါမှာလည်း ဗိုက်မဝဘဲ၊ မကျေနပ်ချက်တွေနဲ့ သေသွားရတာပါပဲ။ တကယ့်ကို စက်ဆုပ်စရာ၊ အသုံးမကျတဲ့ ဒုက္ခကြီးပါ။ဒီလို ဒုက္ခကနေ လွတ်မြောက်မယ့် လမ်းကျတော့ လိုက်ချင်သူ အလွန် နည်းပါတယ်။ ပညာမဲ့တဲ့ ခွေးတွေဟာ အမဲရိုးခြောက် (လောကီ အာရုံ) နားမှာပဲ ဝိုင်းအုံနေကြတာ များပါတယ်။ အမဲရိုးကို စွန့်လွှတ်ပြီး ချမ်းသာစစ်ကို ရှာလိုသူ ရှားပါတယ်။လောကုတ္တရာ ပညာ (မဂ်ဉာဏ် ဖိုလ်ဉာဏ်) ကျတော့ “ငါရလို့၊ သူမရဘူး” ဆိုတဲ့ အပြိုင်အဆိုင် သဘော လုံးဝ မရှိပါဘူး။ စတင် ကြိုးစားလိုက်တာနဲ့ တစ်ပြိုင်နက် ငြိမ်းအေးမှုကို ခံစားရပါတယ်။ ငွေကြေး အရင်းအနှီးလည်း မလိုပါဘူး။ လောကီ အာရုံတွေကို စွန့်လွှတ်ပြီး၊ ခုနက ပြောခဲ့တဲ့ (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာ) ဆိုတဲ့ အဓိပတိတရား လေးပါးနဲ့ ကြိုးစား အားထုတ်ရုံပါပဲ။ သံသရာ တစ်လျှောက်လုံး ပင်ပန်းခဲ့သမျှ အေးငြိမ်းဖို့ရာ ဒီတစ်လမ်းပဲ ရှိပါတယ်။သောတာပန် ဖြစ်ကြောင်း ပညာ”သောတာပန် ဖြစ်ဖို့ အင်မတန် ခက်ခဲတယ် မဟုတ်လား” လို့ မေးစရာ ရှိပါတယ်။ မဆုတ်မနစ် ကြိုးစားရမှု၊ ခန္ဓာကို ဉာဏ်နဲ့ စိစစ်ရမှု၊ စိတ်ကို တစ်ကြောင်းတည်း တည်ကြည်အောင် ထားရမှု တွေဟာ ခက်ခဲတာတော့ မှန်ပါတယ်။ ဒါပေမယ့် ယခုလို ဝိမုတ္တိခေတ်မှာ သောတာပန် ဖြစ်ကြောင်း ပညာကို ခက်ခက်ခဲခဲ ရှာဖွေနေစရာ မလိုတော့ပါဘူး။အလွန် ရခဲလှတဲ့ ဗုဒ္ဓသာသနာနဲ့လည်း ကြုံနေပြီ၊ တရားအားထုတ်နိုင်တဲ့ ဉာဏ်ရည်လည်း ရှိနေပြီမို့ အခက်ဆုံး အပိုင်းတွေကို ကျော်လွန်နေပါပြီ။ ကြိုးစားဖို့ပဲ လိုပါတော့တယ်။သောတာပန် ဖြစ်ကြောင်း အဓိက အချက်က (၂) ချက်တည်းပါ။၁။ ကလျာဏမိတ္တ (မိတ်ဆွေကောင်း၊ ဆရာကောင်း) ရှိခြင်း: ဘုရားရှင်က “ကလျာဏမိတ္တ ရှိခြင်းသည် မြတ်သောအကျင့် (ဗြဟ္မစရိယ) တစ်ခုလုံးနှင့် တူသည်” လို့ ဟောခဲ့ပါတယ်။ မှန်ကန်တဲ့ တရားကို ဟောပြမယ့် ဆရာသမား ရှိဖို့ပါ။၂။ ယောနိသော မနသိကာရ (မှန်ကန်စွာ နှလုံးသွင်းခြင်း): ဆရာသမား ဟောပြတဲ့ အတိုင်း ခန္ဓာမှာ ဉာဏ်နဲ့ အမှန်အတိုင်း ရှုမှတ် ဆင်ခြင်ခြင်းပါ။ဒီနေရာမှာ အရေးကြီးဆုံးကတော့ “အလွန်တရာ ရိုးသားပါ (သက္ကော ဥဇူ စ သုဟုဇူ စ)” ဆိုတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်လည်း မကြီးပါနဲ့၊ အထင်လည်း မသေးပါနဲ့။ ရှိတာကို ရှိတဲ့အတိုင်း ရိုးရိုးသားသား လက်ခံပါ။ပြီးရင်တော့ အရိယာ သူတော်ကောင်းတွေရဲ့ တရားကို နာယူပါ။ ယခုခေတ်မှာ အင်တာနက်က တစ်ဆင့် အရိယာ သူတော်ကောင်းတွေရဲ့ တရားစာတွေ၊ ဟောပြောချက်တွေကို အလွယ်တကူ ရှာဖွေ နာယူနိုင်ပါပြီ။ အခိုင်အမာဆုံး အားကိုးရာ အဖြစ် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ရဲ့ တရားခွေ တစ်ထောင်ကျော် ရှိနေပါတယ်။ ဆရာတော်ကြီးရဲ့ တရားတွေကို နာယူပါ၊ ခိုင်းတဲ့အတိုင်း တိတိကျကျ လိုက်နာ ကျင့်သုံးပါ။ဒီအတိုင်းသာ (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာ ဖြင့်) ကြိုးစားသွားမယ် ဆိုရင်، မိမိတို့ရဲ့ ပါရမီ အားထုတ်မှု အလျောက် သံသရာမှ လွတ်မြောက်ရာ ပန်းတိုင် (သောတာပတ္တိမဂ်ဉာဏ်) သို့ ဧကန်မလွဲ ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။


Leave a Reply