ပညာ ဆိုတာက အမှန်ကို သိမြင်ခြင်းကို ဆိုလိုပါတယ်။ တရားအားထုတ်တဲ့ အခါမှာ ရုပ်နာမ်နဲ့ ပါတ်သက်တဲ့ အမှန်ကို မြင်တဲ့ အခါမှ မဂ်ကို အကျိုးပေးတဲ့ သဒ္ဓါတရားဟာ ဖြစ်လာတာပါ။ ဗိုလ်ငါးဗိုလ် ဆိုတာကို မိတ်ဆွေတို့ ကြားဖူးပါလိမ့်မယ် သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယဗိုလ်၊ သမာဓိဗိုလ် နဲ့ သတိဗိုလ်ပါ။ အဲဒီထဲကမှ အရေးကြီးဆုံးက ပညာနဲ့ သဒ္ဓါနဲ့ ညှိတာပါပဲ။ ညှိတယ်ဆိုတာဟာ လိုတိုးပိုလျော့ လုပ်တာကို ပြောတာ မဟုတ်ပါဘူး။ ပညာ ထက်သထက် ထက်အောင် လုပ်ရင်း အမှန်သိခြင်ခြင်းအားဖြင့် အမှန်တရားပေါ်မှာ ယုံကြည်ခြင်း ဖြစ်လာတာပါ။ အဲဒါမှလဲ သဒ္ဓါဗိုလ် ဖြစ်နိုင်ပါတယ်။
ကိုယ်က သဒ္ဓါစရိုက် ဖြစ်နေတယ် ဆိုရင်တော့ လိုအပ်တာက ပညာ လိုအပ်နေတာပါ။ ပညာဟာ ဘယ်ပေါ်မှာ ဖြစ်ရမှာလဲ ဆိုတော့ ခန္ဓာပေါ်မှာ ဖြစ်ရမှာပါ။ ခန္ဓာသည် ငါ ငါ့ဥစ္စာမဟုတ်၊ မခိုင်မြဲဆိုတာကို ကိုယ်တွေ့ ဉာဏ်တွေ့ သိရတဲ့ အခါမှသာလျှင် ကြည်လင်တဲ့ သဒ္ဓါတရားဟာ ဖြစ်လာတာပါ။ ဝီရိယနဲ့ သမာဓိကတော့ အထူးပြောစရာ မရှိပါဘူး။ အားထုတ်နေတယ် ကြိုးစားနေတယ်ဆိုရင် ဒီနှစ်ခုက ပြည့်သင့်တဲ့ အချိန် ပြည့်မှာပါ။ ဝိပဿနာ သမ္မာဒိဋ္ဌိဖက်ကို သွားတဲ့အခါမှာ သတိထားစရာ တခုက ကမ္မသကတ သမ္မာဒိဋ္ဌိကို မေ့ထားလို့ရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ် ဆိုတာမျိုး ယုံကြည်မှုတော့ လိုပါတယ်။ ဘုန်းကြီးတွေ ဟောသမျှ ယုံကြည်တာမျိုးက အတင်းယုံကြည်တာမျိုး ပါတ်ဝန်းကျင် ဖိအားကြောင့် ယုံကြည်မှု၊ သံသရာကို ကြောက်လို့ ယုံကြည်မှု၊ လာဘ်လာဘ အတွက် ယုံကြည်မှုတွေက မဂ်ဖိုလ် အတွက် အသုံးမဝင်ပါဘူး။
မဂ်ဖိုလ် အတွက် ယုံကြည်မှု က ခန္ဓာနဲ့ ပါတ်သက်တာကို ပထမ အယူဝါဒ အရ လက်ခံ၏ လက်မခံ၏ ပထမ စဉ်းစားရမှာပါ။ ပြီးရင်တော့ စိတ္တာနုပဿနာ သမားအတွက် စိတ်ရဲ့ ဖြစ်ပျက်ကို ရှုနေရင်းနဲ့ အနိစ္စဆိုတာက ထင်ရှားသည်ထက် ထင်ရှားလာရမှာပါ။ ဒီလို ထင်ရှားလာမှပဲ မနေ့က ငါနဲ့ ဒီနေ့ငါ တူတူပဲ ဆိုတဲ့ အယူ၊ အသိ၊ မှတ်သားမှု တို့ဟာ မှားယွင်းနေတယ် ဆိုတာကို ကိုယ်တိုင် သိလာရမှာပါ။ အဲလို သိလာဖို့အတွက်က စိတ်ရဲ့ ဖြစ်မှု ပျက်မှုကို အကြိမ်ကြိမ် ရှုမှတ်ဖို့ လိုပါတယ်။ အဲလိုပဲ ပရမတ် ဆိုက်ဖို့လဲ လိုပါတယ်။ ပရမတ် ဆိုက်တယ် ဆိုတာက စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ တရားတွေဟာ ငါတွေ သူတွေ ယောက်ျားတွေ မိန်းမတွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ မဟုတ်ပဲ၊ သူ့တို့ရဲ့ သဘာဝနဲ့ သူတို့ ရှိနေကြတဲ့ တရားတွေအဖြစ် မြင်ရမှာပါ။ ပရမတ် တရားတွေ အနေနဲ့ အားလုံးဟာ တူတူတွေ ချည်းပဲ ဆိုတာကိုပါ သိလာဖို့ လိုပါတယ်။ ဒါဆိုရင်တော့ အားကြီးတဲ့ ဝိပဿနာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီလိုနဲ့ ကျနော်တို့ အနိစ္စကို မြင်ရင်းကနေ အပျက်တွေချည်း မြင်လာပါမယ်။ ဖြစ်တာက မြန်လွန်းလို့ အပျက်တွေချည်း ဆက်နေသလို ဖြစ်လာတာပါ။ အဲဒီကနေ မုန်းဉာဏ် ပါ ဝင်လာပါလိမ့်မယ်။ ဒီအဆင့်တွေကို ပြောတာ တိုပေမယ့် တကယ်တန်း လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ ကိလေသာ အထူအပါး ပေါ်မူတည်ပြီး အချိန်ကြာ နိုင်ပါတယ်။
အပျက်တွေပဲ မြင်လာတာက ပညာနဲ့ အမှန်ကို မြင်မှုပါ။ အဲဒီအခါ မြဲတယ် ဆိုတာမဟုတ်၊ မမြဲဘူး ဆိုတာကမှ အမှန်ဆိုတာကို သဘောပေါက်လာတာပါ။ ပရမတ် တရားတွေ ဖြစ်တဲ့ စိတ်၊ စေတသိတ်၊ ရုပ် ဟာ အမြဲ ပျက်စီး နေတယ် ဆိုတာကို သဘောပေါက်ပြီး မနေ့ကငါ ဒီနေ့ငါ၊ ခုနက ငါ၊ အခုငါ ဆိုတာတွေဟာ အထင်မှားတာ တွေသာ ဖြစ်ပြီး တကယ်တမ်းမှာတော့ ရုပ်နာမ် ဖြစ်ပျက်သာ ရှိတယ် ဆိုတာကို သဘောပေါက် လက်ခံ ယုံကြည် လာတာပါ။ ဒီသဒ္ဓါတရားကတော့ ဗိုလ် ထိ သွားမယ့် သဒ္ဓါမျိုး ဖြစ်ပါတယ်။ ပညာ တက်လာလေလေ၊ သဒ္ဓါလဲ တက်လာလေလေ ဖြစ်တာပါ။ အနိစ္စကို လုံးဝရှင်းနေအောင် သိသွားပြီ ဆိုရင်တော့ အနတ္တကို ဆက်သိအောင် လုပ်ရမှာပါ။
အနတ္တ ဆိုတာကတော့ ရှင်းပြခဲ့တာလဲ များပါပြီ။ အလွယ်ဆုံးနည်းလမ်းနဲ့ လူအများ အဆင်ပြေတဲ့ နည်းလမ်းက ငါဆိုရင် ခိုင်မြဲတယ် ဆိုတဲ့ သဘောရှိရမယ် မခိုင်မြဲတဲ့ သဘောရှိတဲ့အတွက် ငါမဟုတ် ရုပ် နာမ် တရားများ ဖြစ်ပျက်နေခြင်းသာ ဆိုတာကို အကြောင်းအကျိုးတွေနဲ့ ဆက်စပ်ပြီး သိရမှာပါ။ သတိ ဆိုတဲ့ တရားပေါ်မှာ ငါသတိထားတာဆိုပြီး အတ္တဒိဋ္ဌိ ကပ်ပါတယ်။ အဲလိုပဲ အမှန်သိမြင်ခြင်း ပေါ်မှာ၊ ကြိုးစားအားထုတ်ခြင်း အပေါ်မှာ၊ ကြံစည်ခြင်းအပေါ်မှာ ငါကပ်တတ်ပါတယ်။ တကယ်တော့ သတိ ထားခြင်း အမှန်သိမြင်ခြင်း ကြိုးစား အားထုတ်ခြင်း ကြံစည်ခြင်း ဆိုတာတွေဟာ ပဋ္ဌာန်းနည်းအရ ရှေးက ဖြစ်ဖူးတာမို့ ထပ်ကာ ထပ်ကာ ဖြစ်တဲ့ သဘောသာ ဖြစ်ပါတယ်။ ငါကြိုးစားတာမဟုတ် ရုပ်နာမ် ဖြစ်ပျက်၊ ငါအမှန်သိတာမဟုတ် အမှန်သိမြင်ခြင်း သင်္ခါရ စေတသိတ် ဖြစ်ပျက် စသဖြင့် ကိုယ် ရဲ့ စွဲလမ်းထားတဲ့ ဥပါဒါန်ပေါ်မူတည်ပြီး နားလည်အောင် ကြိုးစား ရပါမယ်။ အစဦးမှာ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ငါလို့ပဲ တသံသရာလုံး ယူဆထား၊ သိထား၊ မှတ်သား ထားလို့ပါ။ ကျနော်ပြောခဲ့သလို ကိုယ့်ရဲ့ အစွဲအလမ်းကို ကိုယ် ခြေဖျက် နိုင်မှ အတ္တဆိုတာဟာ ဘယ်နေရာမှ မတွေ့ရ အားလုံးဟာ အနတ္တ တရားတွေ ချည်းသာ ဆိုတာကို သိပြီး ရှုဉာဏ်ပေါ်မှာပါ အနိစ္စနဲ့ အနတ္တကို အဆုံး ထိ မြင်အောင် ကြည့်နိုင်ရင် မဂ်ခရီး မဝေးတော့ပါဘူး။
ပညာတိုးလာသမျှ သဒ္ဓါတိုးလာ၊ သဒ္ဓါတိုးလာတာနဲ့ အမျှ ဝီရိယတို့ သမာဓိတို့ သတိ တို့ပါ တိုးလာတာပါပဲ။ နောက်ဆုံးမှာတော့ မဂ်ကျဖို့ပဲ ရှိပါတော့တယ်။ လမ်းက ရှင်းရှင်းလေးပါ။ မရှင်းတာရှိရင်လဲ မေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *