ကိုယ်တရားအားထုတ်တဲ့ ခရီးစဥ်ကို ပြန်စဥ်းစားကြည့်တော့ အခက်ခဲဆုံးအပင်ပန်းဆုံးနဲ့ အချိန်အကြာဆုံး ဖြစ်ခဲ့တဲ့နေရာဟာ ပညတ်နဲ့ ပရမတ်ကို ခွဲခြားပြီး မြင်ဖို့ကိစ္စပါပဲ။ ပညတ်ဆိုတာဟာ သမုတိ အမှန် လို့လဲ ပြောလို့ ရပါတယ်။ အစစအရာရာ နာမည်တွေ တပ်ပြီး နာမည်တွေပေါ်ကနေ ဖြစ်လာတဲ့ တရားတွေပေါ့။ ပညတ်အမြင်နဲ့ အမှန်တရားဖြစ်တဲ့ သစ္စာလေးပါးကို ဘယ်လိုမှ မဆိုက်နိုင်ပါဘူး။

အတိုပြောရရင်တော့ ပညတ်တွေကို အားလုံး စွန့်ပစ်လိုက်ပြီး အရာအားလုံးကို ပရမတ်တရားတွေအနေနဲ့ မြင်ကြည့်ဖို့ပါ။ အဲလိုမြင်ကြည့်ပြီးမှ ပရမတ်တရားတွေပေါ်မှာ သုံးသပ်ရပါတယ်။ ဒါမှသာလျှင် တရားအားထုတ်ရာမှာ ခရီးရောက်ပါမယ်။ ပညတ်တွေကို ပယ်ပစ်လိုက်မယ် ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စပါ။ ပညတ်တွေကို ပယ်ပြီး အားလုံးဟာ စိတ် စေတသိတ် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ် တရားတွေသာလို့ မြင်လိုက်တာနဲ့ ဘုရား ဆိုတာလဲ ရုပ်နာမ်ပဲ၊ ရဟန်းဆိုတာလဲ ရုပ်နာမ်ပဲ၊ မိဘဆိုတာလဲ ရုပ်နာမ်ပဲ၊ ဆရာဆိုတာလဲ ရုပ်နာမ်ပဲ၊ တိရိစ္ဆာန်ဆိုတာလဲ ရုပ်နာမ်ပဲ လို့ မြင်ဖို့အရေးဟာ ရတနာသုံးပါးနဲ့ မိဘဆရာတွေပေါ်မှာ ရိုသေစိတ်အခံရှိနေတော့ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးလို့ မြင်ကြည့်ရတာ စော်ကားသလိုများ ဖြစ်နေမလား။ အားလုံးကို ရုပ်နာမ်အဖြစ် တတန်းတည်းမြင်ခြင်းဟာ သင့်တော်ပါ့မလား။ တိရိစ္ဆာန်နဲ့ နှိုင်းသလိုများ ဖြစ်နေမလား။ အပြစ်တော့ ဖြစ်ပြီထင်တယ်ဆိုတာတွေက ဝင်နှောက်ယှက်တော့တာပါပဲ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်နာမ်တရားတွေ သက်သက်သာဆိုတာက မဖောက်မပြန်မှန်တဲ့ ကိစ္စမို့ လက်ခံရမှာပါပဲ။ ဒီလိုပရမတ်အနေနဲ့ မြင်ပြီးမှ ဘုရားရှင်ဟောတော်မူတဲ့ ပုဂ္ဂလပညတ်ကျမ်း အပါအဝင် ကိုယ့်ရဲ့ ဗဟုသုတတွေနဲ့ သမုတိ အမှန်မှာ ဘယ်လိုကွဲပြားနေတာလဲဆိုတာကို ပြန်စမ်းစစ်ရပါမယ်။ ဥပမာအားဖြင့် ဘုရားဆိုရင် ရုပ်နာမ်တရားတွေမှာ ဖြစ်နိုင်တဲ့ ဉာဏ်အရေအတွက် ၇၃ မျိုးရှိတဲ့ထဲကမှ ကိုယ့်ဆိုတဲ့ရုပ်နာမ်မှာ ဖြစ်တဲ့ဉာဏ်က နည်းနည်းလေးပဲ ရှိပါတယ်။ မြတ်စွာဘုရားမှာ ဉာဏ်အကုန်ဖြစ်ပြီး။ ရဟန္တာပုဂ္ဂိုလ်များမှာ အစွမ်းကုန် ၆၇ ဉာဏ်(အရေအတွက်မှားနိုင်ပါတယ်) သာ ဖြစ်နိုင်ပါတယ်။ အဲဒီအပြင် မြတ်စွာဘုရားဆိုတဲ့ ရုပ်နာမ်ဟာ ပါရမီဖြည့်ကျင့်တယ်ဆိုတဲ့ ဖြစ်စဥ်တွေ ဖြစ်ပြီး ဉာဏ် ၇၃ ဉာဏ်လုံးရှိပြီး အကြောင်းတိုက်ဆိုင်လို့ တရားတော်များ ဟောခြင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားဆိုတဲ့ ရုပ်နာမ်နဲ့ ကိုယ့်ရုပ်နာမ်ကြားမှာ အနတ္တတရားပဲ ဖြစ်တဲ့ ကျေးဇူးတရားဆိုတာ ရှိနေပါတယ်။ ပရမတ်ကိုမျက်ခြေမပြတ်ပဲ ပညတ်တရားတွေပေါ် ဆင်ခြင်နိုင်ရပါမယ်။ အဲလိုပဲ မပစ်ပယ်ရမယ့် မဖြစ်မနေ ရှောင်ကြည်ရမယ့် ပဥ္စနန္တိယ ကံ ကိစ္စမှာလဲ ကိုယ်ဆိုတဲ့ ရုပ်နာမ် နဲ့ မိဘ နှစ်ပါးဆိုတဲ့ ရုပ်နာမ်တွေရဲ့ကြားမှာ ကျေးဇူးတရားဆိုတဲ့ ဆက်သွယ်ချက်ရှိနေလို့ ဆိုတာကို သဘောပေါက်ရပါမယ်။

ဒီလိုမျိုး ပညတ်ကိုအလုံးစုံပယ်ပြီးမှ ပညတ်ကို ပြန်နားလည်အောင် လုပ်တာက အဆင်ပြေပါတယ်။ တိရိစ္ဆာန်နဲ့ နှိုင်းယှဥ်လို့ အပြစ်ဖြစ်မယ်ထင်ရင် ကိုယ်ကိုတိုင်နဲ့ တိရိစ္ဆာန် ရုပ်နာမ်တူတူပဲဆိုတာကို အရင်မြင်အောင်ကြည့်ပါ။ ကွာခြားချက်က အဟိတ်နဲ့ တိဟိတ်ဆိုတဲ့ ဟိတ်တွေသာ ကွာခြားသွားတာပဲလို့ မြင်ရင် တိရိစ္ဆာန်ဆိုတာနဲ့ နိမ့်ကျတယ် ဘာနိမ့်ကျတယ်မှန်းမသိဘူးဆိုတာမျိုး မဖြစ်တော့ပါဘူး။ ပရမတ် အမြင်အနေနဲ့ ဘုရားကို ကြည်ညိုနိုင်မှသာ ပညာနဲ့ ကြည်ညိုခြင်းမျိုး မြတ်စွာဘုရားဟောခဲ့တဲ့ တရားကိုမြင်မှ ငါဘုရားကို မြင်မယ်ဆိုတဲ့ အခြေအနေကို ရောက်မှာပါ။ အဲဒီအပြင် ပရမတ်သည်လည်း မြတ်စွာဘုရား ဟောကြားခဲ့လို့သာ သိရတယ်။ တကယ်လဲ အမှန်ပဲ ဖြစ်နေတယ်ဆိုတာကို မြင်ပြီး မှန်ကန်တဲ့ သဒ္ဓါတရား ဖြစ်လာပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေပေါ်မှာလဲ ယုံကြည်မှု တိုးလာပြီး ဘုရားဟော တရားတွေကို လိုက်နာသင့်တယ်ဆိုတဲ့ စိတ်လဲ ဖြစ်လာမှာပါ။ မြတ်စွာဘုရား စကားကို ကိုယ်တိုင် ထိုးထွင်းသိပြီးလိုက်နာသူဟာ အပါယ်မကျနိုင်ပါဘူး။ ဒါကြောင့် ပရမတ်အမြင်သန်ရင် ငရဲရောက်မယ်ဆိုတာမျိုးထည့်မစဥ်းစားပါနဲ့။

နောက်တစ်ချက်ကတော့ ရုပ်နာမ် နိဗ္ဗာန် ဆိုတဲ့ ဓမ္မတွေဟာ သူ့သဘောသူဆောင်နေတဲ့ အနတ္တ တရားတွေဆိုတာ ဆက်ပြီး နားလည်သဘောပေါက်ဖို့ပါပဲ။ အဲဒီအခါမှာလဲ ဘုရားဖြစ်အောင် ကြိုးစားသူမရှိ ရဟန္တာဖြစ်အောင်ကြိုးစားသူမရှိ ရဟန်းသံဃာသီလစောင့်ထိန်းတယ်ဆိုတာလဲ မရှိ မိဘတွေက ကိုယ့်ပေါ်မေတ္တာကြီးတယ်ဆိုတာလဲ မရှိ အရာအားလုံးဟာ ဓမ္မတွေ အကြောင်းအကျိုးဖြစ်ပျက်နေခြင်းသာ ဆိုတာကို သိဖို့လိုပြန်ပါတယ်။ ဒီနေရာမှာလဲ မရှိဘူးဆိုတာ ပြုလုပ်သူသာ မရှိတာ ကြိုးစားမှု ဝီရိယဆိုတဲ့တရား၊ သီလစောင့်ထိန်းမှု ဟီရိဩတ္တပ္ပဆိုတဲ့တရား၊ မေတ္တာဆိုတဲ့ တရားတွေဟာ သူ့သဘောသူဆောင်နေတဲ့ အနတ္တ တရားတွေ အနေနဲ့ ရှိတယ်ဆိုတာကို သဘောပေါက်ရပါမယ်။

ပညတ်ပရမတ် အကြောင်း ပြောရရင် အရှည်ကြီး ဖြစ်နေမှာမို့ ဒီမှာတင်ပဲ ရပ်ပါရစေ။ ပရမတ်အမြင်ပေါက်အောင် ပညတ်အားလုံးကို စွန့်ပြီးတော့မှ ပရမတ်တကယ်မြင်ပြီ အမှန်လို့ လက်ခံပြီဆိုမှ ပညတ်တရား သမုတိ အမှန်တွေ ဘာလို့ မှန်တယ် ပြောရတာလဲဆိုတာကို ပရမတ်နဲ့ အနတ္တကို လက်မလွှတ်ပဲ ဆင်ခြင်သုံးသပ်ပါလို့ပဲ ပြောပါရစေ။ သစ္စာလေးပါး သိဖို့၊ ဒိဋ္ဌိဖြုတ်ဖို့ရာမှာ ပရမတ်ဆိုက်အောင် ရှုနိုင်ဖို့က အဓိက ကျတာမို့ လမ်းစ တခုအနေနဲ့ အကျိုးရှိမယ် မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *