ပင်လယ်ရေ

ပင်လယ်ရေ

ရေဟာ ဘယ်မြစ်ချောင်းကပဲလာလာ ပင်လယ်ထဲ ရောက်ရင်တော့ ပင်လယ်ရေပါပဲ။ အဲလိုပါပဲ ဘယ်လိုအယူဝါဒပဲ ယူယူ သာသနာမှာ ထောက်တည်ရာ ရပြီဆိုရင် အရိယာဆိုတဲ့ခေါင်းစဉ်အောက်ရောက်သွားတာပါပဲ။ သာသနာမှာ ဥယျာဉ်စောင့်မဟုတ်ပဲ အသီးစားရသူအဖြစ်မို့ တန်ဖိုးရှိပါတယ်။
သာသနာနဲ့ ပါတ်သက်ရင် စာပေတွေ ကျင့်နည်းတွေဆိုတာက ဥယျာဉ်လိုပဲ ဖြစ်ပါတယ်။ အဲဒီ ဥယျာဉ်ကို စောင့်ပြီး အသီးမစားရသူ အသီးစီ ဘယ်လိုသွားရမှန်းမသိတဲ့ ဥယျာဉ်စောင့်တွေ သိန်းနဲ့ချီရှိပါတယ်။
ကိုယ်အသီးစားပြီးတဲ့အခါမှာ အသီးအရသာ သိပါစေဆိုပြီး ပြောတဲ့အခါမှာတော့ ပြသနာတွေတက်တော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဥယျာဉ်ထဲမှာ အပင်တွေကို ထင်သလို နာမည်တွေတပ်။ သွားရမယ်လမ်းမှာ နာမည်ပေါင်းစုံတွေတပ်။ အသီးအရွက်တင်မကပဲ ပေါင်းမြက်ကလဲ ပေါင်းစုံနဲ့မို့ ဥယျာဉ်ကြီးဟာ အင်မတန် ရုပ်ဆိုးနေပါတယ်။ ကိုယ်တိုင် လျှောက်ခဲ့တဲ့အခါမှာလဲ မိုးကုတ်ဆရာတော်ကြီးတို့လို ကိုကောင်းတို့လို ကိုမိုးတို့လို အရိယာတွေကပဲ ဘယ်လိုသွားရတယ်ဆိုတာ တကယ်ညွှန်နိုင်တဲ့ သူတွေပါ။ လမ်းညွှန်ပါ့မယ် ဥယျာဉ်စောင့်မယ် ဆိုသူတွေကတော့ ဘယ်လိုသွားရမှန်း သူတို့လဲ မသိပါဘူး။ ဘယ်လိုသွားရမလဲဆိုရင် ကျယ်ပြန်တဲ့ ကိစ္စတွေကိုပဲ ညွှန်းဆိုပြီး ကိုယ်တိုင်တော့ သွားလဲမကြည့် ဘာအခက်အခဲရှိတယ်ဆိုတာလဲ မသိပဲ ထင်သလိုကို ကျဲနေတော့တာပါပဲ။
ဘာကြောင့်ဒီလို ပြောရသလဲဆိုတာနဲ့ ပါတ်သက်ရင် လောကီစီးပွားရေးကို အားစိုက်လုပ်ခဲ့တဲ့ ပညာရှင်နေရာကနေ အသက်မွေးဝမ်းကြောင်း ကောင်းကောင်းပြုဖူးတဲ့ လေ့လာသူအနေနဲ့ပဲ အဲဒီအမှားပေါင်းများစွာကို တွေ့လို့ပါ။ ကျနော်တို့ ပရိုဖက်ရှင်နယ် အလုပ်လုပ်တယ်ဆိုတာမှာ သူတို့လို အတိအကျမသိဘူးဆိုတာမျိုး ပြောလို့မရပါဘူး။ တိကျမှုတာဝန်ယူမှု ဆိုတာတွေဟာအလုပ်တိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အဲလိုပဲ စနစ်တကျ လေ့လာခြင်းနဲ့ အဖြေထုတ်ခြင်း အသစ်သင်ယူခြင်းဆိုတာတွေကလဲ လိုတဲ့အချက်ပါ။
သိပ္ပံပညာဆိုတာက ဥပမာ ကျနော် ပရိုဒတ်ရှင်းက ဆာဗာကို ဒေတာတွေမှာဖျက်မိလို့ ဆုံးရှုံးလှ ဒေါ်လာ ဆယ်သန်းပေါ့။ ဒါကိုတောင် အကြီးအကျယ် တာဝန်ယူရတယ် ပရိုတိုကောတွေရှိတယ် စသဖြင့် စသဖြင့် စနစ်တကျလုပ်ရပါတယ်။ အခု မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ ပါတ်သက်လို့လဲ ကျနော့်အတွက်ကတော့ တိတိကျကျ သိဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ထိ တိတိကျကျ အလုပ်လုပ်သလား မလုပ်ဘူးလားဆိုတာ နည်းနည်းပြောပြပါမယ်။ မြတ်စွာဘုရား လွန်စဉ်က တရားတော်တွေဟာ အတိအကျရှိနေစေချင်လို့ သာသနာဆိုတဲ့ အဆုံးအမတွေ မဝေဝါးစေဖို့ အသစ်မထည့်ဘူး မပြုပြင်ဘူးလို့ ထေရ်ကြီးဝါကြီးများဖြစ်တဲ့ မဟာသာဝကများ အပါအဝင်က ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကို ရဲရဲတောက်လိုက်နာတဲ့ အဖွဲ့အစည်းကြီးမှာ အခုတော့ ကျန်တာထားလိုက်ပါဦး သရဏဂုံမှာ ပါတဲ့ ရတနာသုံးပါးတောင်မှ ဗားရှင်းအမျိုးမျိုးနဲ့ ထင်သလို လုပ်ထားကြ ဟောထားကြပါတယ်။ လယ်တီဆရာတော်က ပုထုဇဉ် ရဟန်းတွေလဲ သံဃာရတနာထဲ ပါတယ်ဆိုတော့ ကျနော်သိတာနဲ့တော့ ကွဲလွဲနေပါတယ်။ အဲဒါတောင် အဲလောက်ဖြစ်နေတာ။ အခုထိလဲ အသစ်တွေ ရေးထည့်တုန်း ပြင်တုန်းပဲ ဖြစ်ပါတယ်။ ဒါဟာ အလုပ်တခုကို ဘယ်လို လုပ်ရမယ်။ ဘယ်လိုကြိုးစားအားထုတ်ရမယ်ဆိုတာ သိတဲ့ လူတိုင်းအတွက် စိတ်ပျက်စရာ ဒေတာတွေ ပါပဲ။ ကတိလဲမတည်တဲ့ သူတွေပါပဲ။
တော်သေးတာက သံသရာလွတ်ကြောင်းက အရိယာမဆိတ်သုဉ်းသ၍ ရှိတယ်ဆိုတဲ့ အတိုင်း အရိယာသံဃာတွေကသာ အဆင့်ဆင့်ဆောင်ယူနေရပါတယ်။ အလုပ်လုပ်မယ် ပြောထားသူတွေကတော့ ပြောင်ပြောင်ပါပဲ။ သူတို့ကိုယ်သာတို့ သံဃာရတနာထဲထည့်ပြီး သူတို့ပြောသမျှအမှန် နားမထောင်ရင် သောတာပန်ပါ မိစ္ဆာဒိဋ္ဌိထဲ ထည့်မယ်ဆိုတဲ့ သဘောမျိုးကျတော့ အရမ်းဆိုက်ကားဂိတ်ဆန်နေပါပြီ။ ဒါကို ဦးညွှတ်ပြီးနေဦးမယ်ဆိုရင် သူတို့က သခင် ကျနော်တို့က ကျွန်လိုခံစားလာရပြီဆိုရင်တော့ တခုခုမှားနေပါပြီ။
သာသနာဟာ အကြီးအကျယ်လွဲနေပါတယ်။ ထင်တိုင်းထဲ့တာတွေကို လက်ခံထားတာကလဲ ပညာမရှိလို့ပါပဲ။ ပညာကိုးကွယ်တဲ့ ဘာသာမှာ လူမိုက်စရိုက်တွေနဲ့တော့ ဖြစ်မယ်မထင်ပါဘူး။ အကျိုးသင့် အကြောင်းသင့် စီမံတတ်သော အရိယာ ရဟန်းများ လိုအပ်နေပါပြီ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *