မိတ်ဆွေရေ…
သံသရာမှာ
ခင်ဗျားတို့ ကျနော်တို့ ဆိုတဲ့ အမြင်တွေနဲ့
ကြုံခဲ့ဖူးတာလဲ အခါခါပေါ့။
မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းဘဝ
နိုချိုတိုက်ကျွေး အမေဘဝ
ရှာဖွေကျွေးမွေး ဖခင်ဘဝ
ပါရမီဖြည့်ဖက် ဇနီးမယား လင်ယောက်ျား ဘဝ
တအူထုံဆင်း ညီရင်းအစ်ကို ဘဝ
အကောက်ကြံကြ ရန်သူဘဝ
ဘဝပေါင်းများစွာမှာ
အမည်သမုတ် နာမရုပ်အမျိုးမျိုးနဲ့
ကြုံခဲ့ရသမျှ များလှပြီပေါ့
ချစ်ကြမုန်းကြ ဝကို မဝနိုင်ခဲ့ကြဘူး။
ခုတော့ဖြင့်လေ
ခင်ဗျားဆိုတာလဲ မရှိ ကျွန်တော်ဆိုတာလဲမရှိ
အမှန်တရားက ပျက်ပျက်ထင်ထင်
အတ္တဆိုတာ တကယ်မရှိ
ကြောင်တောင်ကန်းတဲ့ သဘော
မောဟဆိုတဲ့ တရား ယုတ်မာထားတာလို့
ခွဲခြားမြင်စေလိုက်မှတော့
ချစ်ခြင်းမုန်းခြင်း အားလုံးခဝါချ
တကယ်တော့ အစကတည်းက ရှိမှ မရှိကြတာပဲလေ။
အနိုင်ယူလိုလဲယူ
အနိုင်ပိုင်းသွားတယ်လို့ ခံစားချင်လဲ ခံစား
ကျနော်ဆိုတာ မရှိတဲ့နောက်
အားလုံးဟာ အရိပ်သက်သက်
နှိပ်စက်နေတာချည်းပါပဲ။
နှိပ်စက်တာ အမှန်မြင်လို့
ရှေ့ဆက်ကာ ခရီးနှင်ရမယ့် ဘဝမှာ
ခင်ဗျားဆိုတာကို မတွယ်တာ
တကယ်က ကျနော်ဆိုတာမှ မရှိတာ။
နှုတ်ဆက်ခဲ့တယ် မိတ်ဆွေ
ပြန်မတွေ့ချင်တော့ဘူး
တကယ်တော့
နှုတ်ဆက်ခြင်းကိုယ်တိုင်ကိုက
ကျနော်အလိုမဟုတ်
ဓမ္မသဘော မဂ္ဂက စောကြော သွားတာ။
ဝမ်းလဲ နည်းမနေပါနဲ့
သူငါ မရှိတာကို သိတဲ့တနေ့
ကျနော့်တရား ခင်ဗျားလဲ မြင်မှာပါ။
အဲဒီအချိန်မှ ထွက်သွားတဲ့ ကျနော့်ကိုတွေ့ရ
သာဓုခေါ်လဲ နောက်မကျသေးပါဘူး
ခုတော့ဖြင် အဝိဇ္ဇာအမြင်နဲ့
ခင်ဗျား ပူပန်ချင်လဲ ပူပန်လိုက်ဦးပေါ့။
သံသရာဆိုတာ ရှည်လွန်းလို့
ဘုရားဉာဏ်တောင် အစမထင်တာ
ကျွန်တော်လဲ လိုက်မရှာ
လက်ရှိမှာ ရပ်လိုက်တာသာ အကောင်းဆုံးပါပဲ။
မိတ်ဆွေကို ဒုက္ခတောထဲ မထားခဲ့ချင်ပေမယ့်
အရိယာသာဝကမို့ သံယောဇဥ်မရှိ ဗလာနတ္ထိပါ
ချစ်ကြွေး မုန်းကြွေး အကြွေးမှန်သမျှ
တကယ်မှ မရှိတာပဲလေ။
အားလုံးဟာ သူ့သဘောသူဆောင်မို့
နိဗ္ဗာန်မှပဲ ဆုံကြရအောင်လား။
(မဂ်ကျပြီးတဲ့အခါမှာ ပထမဆုံး ရေးဖြစ်လိုက်တဲ့ ကဗျာလေးပါ။ ကဗျာရူးတတ်တာမို့ ခဏ ခဏ ဖတ်ဖူးသူများလဲ သည်းခံကြပါ။)


Leave a Reply