နေ့စဉ်ဘဝမှာ အရာရာဟာ အကြောင်းတိုက်ဆိုင်လို့သာ ဖြစ်ပေါ်လာတာကို နားလည်ဖို့ လိုပါတယ်။ ဒီနေရာမှာ အထူးသတိပြုရမှာက “အနတ္တ” ဆိုတာဟာ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်ဝါဒကို ရှောင်ကြဉ်ရမယ့် အကြောင်းပါပဲ။ အဲဒီအစား ရုပ်နာမ်တွေရဲ့ အကြောင်းအကျိုးကို နားလည်ပြီး မဂ် ဖိုလ် ကိုမျက်မှောက်ပြုနိုင်ဖို့ ပညာ ဆိုတဲ့ အနတ္တတရားကို ပွားများရမှာပါ။

အနတ္တဆိုတာ တာဝန်မဲ့တာကို ပြောတာမဟုတ်ပါဘူး။ “ကိုယ်ပိုင်ဆိုင်တယ်၊ ငါ့သဘောကျ ဖြစ်ရမယ်” ဆိုပြီး ထိန်းချုပ်ချင်တဲ့ အစွဲကို ဖြုတ်ချခိုင်းတာပါ။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အကောင်းဆုံး လုပ်မယ်၊ ဒါပေမယ့် ရလဒ်ကိုတော့ ငါ့စိတ်တိုင်းကျ အတင်းအကျပ် ဖြစ်ရမယ်လို့ သွားမဆုပ်ကိုင်တာဟာ အနတ္တကို လက်တွေ့ကျင့်သုံးတာပါပဲ။

ကိုယ့်ကိုယ်ကိုယ် ဆိုတဲ့ ရုပ်နာမ်တွေကို “ငါ” လို့ အခိုင်အမာ ထင်နေတဲ့ အထင်မှားလေး ပြုတ်ကျသွားတဲ့အခါ နေ့စဉ်ဘဝရဲ့ ဖိအားတွေဟာ သိသိသာသာ လျော့ကျသွားပါတယ်။

အခုလုပ်နေတဲ့ အလုပ်လေးကို “ငါ” လုပ်နေတာလား၊ အကြောင်းတရား (ရုပ်နာမ်) တွေကြောင့် ဖြစ်ပေါ်နေတာအကျိုးတရား (ရုပ်နာမ်) တွေသက်သက်ပဲ လား ဆိုတာလေး ခဏလောက် ဆင်ခြင်ကြည့်ပါလား။


Leave a Reply

Your email address will not be published. Required fields are marked *