“ရှေ့ဘဝ၊ နောက်ဘဝနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား မဖြေခဲ့ဘူး” ဆိုတဲ့ စာတချို့ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ ပုဏ္ဏားတစ်ယောက်က “သတ္တဝါသေရင် နောက်ဘဝ ထပ်ဖြစ်သေးသလား” စသဖြင့် မေးတဲ့အခါ မြတ်စွာဘုရားက ဘယ်အယူအဆကိုမှ လက်မခံဘဲ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဏ္ဏားက “သတ္တဝါ” ဆိုတဲ့ အသုံးအနှုန်းနဲ့ မေးထားလို့ပါ။ တကယ်တမ်း မရှိတဲ့ ‘သတ္တဝါ’ ကို အတည်ပြုပြီး မေးနေတာဖြစ်လို့ မဖြေခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီပုဏ္ဏားကို အယူမှားကနေ လွတ်မြောက်ပြီး တရားရစေချင်လို့ပဲ ဖြစ်ပါတယ်။
ကျနော် ငယ်ငယ်တုန်းကတော့ အဲဒီစာကို ဖတ်ပြီး သိပ်သဘောမကျဘဲ အားမလိုအားမရ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ လူတွေ နားလည်ထားကြတဲ့ “ဘဝ” ဆိုတဲ့ အထင်အမြင်နဲ့ ပတ်သက်ပြီး ကျနော် နည်းနည်း ရှင်းပြချင်ပါတယ်။
“ဘဝ” ဆိုတာကို အများစုက မွေးဖွားချိန်ကနေ သေဆုံးချိန်အထိလို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် “သေပြီးရင် နောက်ဘဝ ထပ်ဖြစ်ဦးမှာလား” လို့ မေးစရာရှိပါတယ်။ အဖြေကတော့- သစ္စာလေးပါးကို အဆုံးတိုင် မသိသေးတဲ့ ‘အဝိဇ္ဇာ’ အမှောင် ဖုံးနေသရွေ့တော့ နောက်ဘဝတွေ ထပ်ဖြစ်နေဦးမှာပါပဲ။ လောလောဆယ် ကျနော်တို့တွေ သစ္စာလေးပါးကို အဆုံးတိုင် မသိသေးတာကို ထောက်ရှုရင်၊ ဒီဘဝ မတိုင်ခင် အတိတ်မှာလည်း ကျနော်တို့ ကျင်လည်ခဲ့တဲ့ ဘဝပေါင်းများစွာ ရှိခဲ့တယ်လို့ပဲ အတိုချုပ် ရှင်းပြပါရစေ။
ဒီထက် နောက်တစ်ဆင့် တက်ပြီး “ဘဝ” ဆိုတာကို ဉာဏ်နဲ့ ထပ်ပြီး ဝေဖန် စိစစ်ကြည့်ချင်ပါတယ်။ ကျနော်တို့တွေ လူ့ဘဝ၊ နတ်ဘဝ၊ ငရဲဘဝ တွေကို ရောက်တဲ့အခါ သက်တမ်းတစ်ခုအထိ နေကြရပါတယ်။ အချိန်တန်ရင်တော့ သေဆုံးကြရတာပါပဲ။ ဒါကို လောကအမြင်နဲ့ “ဘဝ” လို့ သတ်မှတ် ခေါ်ဆိုနေကြပေမယ့်၊ တကယ်တမ်း ပကတိ ရှိနေတာကတော့ ရုပ်တရားနဲ့ နာမ်တရား (ခေါ်) ပြုပြင်ဖန်တီးထားတဲ့ ‘သင်္ခါရတရား’ တွေ သက်သက်ပါပဲ။
ဒီ ရုပ်နာမ်တရားတွေဟာ အကြောင်းတိုက်ဆိုင်ရင် အကျိုးဖြစ်ပေါ်ပြီး၊ ချက်ချင်း ပြန်လည် ချုပ်ငြိမ်း ပျက်စီးသွားကြပါတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေ အပေါ်မှာ “ငါပဲ၊ ပုဂ္ဂိုလ်ပဲ၊ သတ္တဝါပဲ” ဆိုတဲ့ အမြင်မပျောက်သရွေ့တော့ မွေးလိုက်၊ သေလိုက်နဲ့ ဘဝသံသရာကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး။
သေသေချာချာ နှလုံးသွင်းကြည့်ပါ။ “ဘဝ” ဆိုတာ သတ်မှတ်ချက် အခေါ်အဝေါ် တစ်ခုသာ ဖြစ်ပြီး၊ တကယ်တမ်း ရှိနေတာက ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဘဝ လုံးဝ မဟုတ်ဘဲ ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်မှု သက်သက်ပါပဲ။ ဒီ ရုပ်နာမ်တရားရဲ့ ဖြစ်ပျက်မှုဟာ ဘယ်သူ့ ပိုင်ဆိုင်မှုမှ မဟုတ်ဘဲ သူ့သဘောသူ ဆောင်နေတဲ့ (အနတ္တ) သဘောတရား ဖြစ်ပါတယ်။
ဒီလို ရုပ်နာမ်တွေရဲ့ အနတ္တ သဘောကို သိမြင်ပြီး၊ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်နဲ့ ထိတွေ့ ပေါင်းစပ်မိတဲ့ အခါမှာတော့၊ ဒီ ရုပ်နာမ်တရားတွေရဲ့ အဆက်မပြတ် ဖြစ်ပျက်နေမှု ဒုက္ခကြီးဟာ အပြီးတိုင် ချုပ်ငြိမ်းသွားပြီး၊ အေးငြိမ်းရာ “နိဗ္ဗာန်” ဆိုတဲ့ တရား ပေါ်ပေါက်လာပါတယ်။
အဲဒီလို ပိုင်ပိုင်နိုင်နိုင် ဉာဏ်နဲ့ သိမြင်လာမှသာလျှင်-
၁။ “ဘဝ” ကြီးကို အဟုတ်ထင်ပြီး တွယ်တာနေတဲ့ ဘဝတဏှာ နဲ့
၂။ ရုပ်နာမ်တွေ ဖြစ်ပျက်နေတဲ့ အမှန်တရားကို မသိဘဲ၊ ဘဝကင်းပြတ်မှု (တနည်းအားဖြင့် သေရင် ဘာမှမဖြစ်တော့ဘူး ဆိုတဲ့ သဘောမျိုး) ကို လိုလား တောင့်တနေတဲ့ ဝိဘဝတဏှာ ဆိုတဲ့ အစွဲအလမ်း ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ် ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ရှေ့ဘဝ၊ နောက်ဘဝ တွေရဲ့ သဘောသဘာဝရယ်၊ ဘဝတဏှာ နဲ့ ဝိဘဝတဏှာ တို့ရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သဘောပေါက် နားလည်လောက်ပြီလို့ ယူဆပါတယ်။ လူ၊ ရဟန်း အရိယာ သူတော်စင်များ တတ်နိုင်သမျှ များများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက်၊ မိမိတို့ သန္တာန်မှာ အဓိပတိတရားလေးပါး (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာ) နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြမည် ဆိုလျှင် မိမိ လိုလားတောင့်တအပ်သော သံသရာ လွတ်မြောက်ခြင်း ပန်းတိုင်သို့ ဧကန်မလွဲ ပြည့်ဝ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply