၁၃။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏-
(တချို့သော အယူအဆတွေမှာ ဓမ္မစကြာမှာ သတိပဌာန် မဟုတ်ပဲ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဉာဏ်သုံးဉာဏ်ဖြင့်သာ တက်သည်ဟူသော အယူအဆကို ချေဖျက် ပြလို၍ ဖြစ်ပါသည်။ ထို့အတွက် ပိဋကတ်တော်လာ ဓမ္မစကြာသုတ်ကို ကိုးကား အနေနှင့် ကူးယူထားပါသည်။)
ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်း ထူးသောဉာဏ်ဖြင့် သိခြင်း သစ္စာလေးပါးကို သိခြင်း နိဗ္ဗာန် ကို မျက်မှောက် ပြုခြင်းငှါဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်ကား အဘယ်နည်း။
ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း။ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဤသည်တို့တည်း။
ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ဤအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်သည် ကိလေသာငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။
(ဒီအပိုင်းမှာတော့ အစွန်းနှစ်ပါးကို ပြသော အပိုင်း ဖြစ်ပါသည်။ အစွန်းနှစ်ပါးမှာ ကာမဂုဏ်ခံစားသော အစွန်းနှင့် မိမိကိုယ်ကို ညှင်းပန်းသော အစွန်းတို့ ဖြစ်ပါသည်။ ထို အစွန်းနှစ်ပါးတို့မှ လွတ်မြောက်သော အလယ်အလတ် လမ်းမှာ သစ္စာလေးပါးကို သိရန် ဖြစ်သည်ဟု ဆိုထားပါသည်။ ထို့အပြင် ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်း ထူးသောဉာဏ်ဖြင့် သိခြင်း သစ္စာလေးပါးကို သိခြင်း နိဗ္ဗာန် ကို မျက်မှောက် ပြုခြင်းငှါဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်ကို မဂ္ဂသစ္စာ အဖြစ် ဟောကြားခဲ့ပါသည်။ မဂ္ဂင်ရှစ်ပါးမှာကား ပြထားသည့် အတိုင်းပင် ဖြစ်ပါသည်။)
၁၄။ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ပေတည်း၊ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ ပေတည်း၊ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။
ဤတပ်မက်မှုတဏှာဟူသည် အဘယ်နည်း၊ ကာမဘုံတို့၌ တပ်မက်မှု တဏှာ ‘ကာမတဏှာ’၊ တည်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ‘ဘဝတဏှာ’၊ သေလျှင် ပြတ်စဲ၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ‘ဝိဘဝတဏှာ’ တို့တည်း။
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား ‘နိရောဓအရိယ သစ္စာ’ ပေတည်း၊ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှုတဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာ (နိဗ္ဗာန်) ပင် ဖြစ်၏။
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာ တို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ ပေတည်း၊ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသော် ကား-
မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ ‘၊ မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’။ပ။ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာ သမာဓိ ‘ ဤသည်တို့တည်း။
(ဒီအပိုင်းမှာတော့ သစ္စာလေးပါးကို ပြခြင်းပဲ ဖြစ်ပါတယ်။ အထူးပြောစရာ မရှိပါဘူး။ စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲ ၏ ဆိုတာကတော့ ဥပါဒါနက္ခန္ဓာကို ပြောသွားခြင်း ဖြစ်ပါတယ်။ အရင် ပြောခဲ့ဖူးတဲ့ အတိုင်း ဥပါဒါနက္ခန္ဓာနဲ့ ခန္ဓာငါးပါး ဆိုသည်မှာ တူတူပင် ဖြစ်သောကြောင့် ခန္ဓာငါးပါးသည်ပင်လျှင် ဆင်းရဲ၏ လို့ ပြောတာပဲ ဖြစ်ပါတယ်။)
ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး
၁၅။ ရဟန်းတို့ ”ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ကို စင်စစ် ပိုင်းခြား၍ သိထိုက်၏၊ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါ ဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်)
(ဒီနေရာမှာတော့ ဒုက္ခသစ္စာကို ပိုင်းခြားသိတဲ့ အကြောင်းကို ပြောထားတာပါ။ ဒီနေရာမှာ သိဖို့လိုတာက ဒုက္ခသစ္စာကို သူတပါးသိအောင် ဟောတာ မဟုတ်ပဲ မြတ်စွာဘုရားက သူသိခဲ့တဲ့ အကြောင်းကို ဟောတာ ဖြစ်တယ် ဆိုတာပါပဲ၊ သိတဲ့ အခါမှာ ဒုက္ခသစ္စာကို သိခြင်း ကို သစ္စဉာဏ်၊ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိထိုက်၏ ဆိုသည်မှာ ကိစ္စဉာဏ် နှင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိပြီးပြီဟု သိခြင်းသည် ကတဉာဏ် ဖြစ်ပါတယ်။)
သမုဒယသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ ကို ပယ်အပ်၏”ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘သမုဒယ အရိယသစ္စာ’ ကို ပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှား ဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်)
(သမုဒယ သစ္စာ မှာလဲ ထိုအတိုင်းပါပဲ၊ မြတ်စွာဘုရား သိခဲ့တဲ့ အကြောင်းကိုပဲ ပြန်ဟောတာ ဖြစ်ပါတယ်။ သမုဒယ သစ္စာကို မြတ်စွာဘုရား သိခြင်းသည် သစ္စဉာဏ်၊ သမုဒယ သစ္စာကို ပါယ်အပ်ကြောင်း သိခြင်းသည် ကိစ္စဉာဏ်၊ သမုဒယ သစ္စာကို ပါယ်ပြီးပြီဟု သိခြင်းသည် ကတဉာဏ် ဖြစ်ပါသည်။ )
နိရောဓသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ”ဤနိဗ္ဗာန်သည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား ‘နိရောဓ အရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါ ဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘နိရောဓ့အရိယသစ္စာ’ ကို မျက်မှောက်ပြုအပ်၏”ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘နိရောဓ အရိယသစ္စာ’ ကို မျက်မှောက်ပြုပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓ သစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (ကတဉာဏ်)
(ဒီနေရာမှာလဲ ဒီအတိုင်းပါပဲ၊ နိရောဓ သစ္စာ ကို သိခြင်းသည် သစ္စဉာဏ်၊ နိရောဓ သစ္စာကို မျက်မှောက်ပြုအပ် သည်ဟု သိခြင်းသည် ကိစ္စဉာဏ်၊ နိရောဓ သစ္စာကို မျက်မှောက်ပြုပြီးပြီဟု သိခြင်းသည် ကတဉာဏ် ဖြစ်ပါတယ်)
မဂ္ဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ ကို ပွါးများအပ်၏”ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ”ထိုဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား ‘မဂ္ဂအရိယသစ္စာ’ ကို ပွါးများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြား ဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်) ဘုရားဟု ဝန်ခံချိန်
၁၆။ ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ”အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ” ဟူ၍ ဝန်မခံခဲ့ချေ။
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့် နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သောဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါဘုရားသည် နတ် မာရ် နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ”အတုမရှိသော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ” ဟူ၍ ဝန်ခံခဲ့၏။ ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက် စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီဟု ငါ့အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) သည်လည်း ထင်ရှားဖြစ်ပေါ်ခဲ့ပြီဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်စွာ လက်ခံကြလေကုန်သတည်း။
(ဒီနေရာမှာလဲ မဂ္ဂသစ္စာကို သိခြင်းသည် သစ္စ ဉာဏ်၊ မဂ္ဂသစ္စာကို ပွားများအပ်သည်ဟု သိခြင်းသည် ကိစ္စဉာဏ်၊ မဂ္ဂသစ္စာကို ပွားများပြီးပြီဟု သိခြင်းသည် ကတဉာဏ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြတ်စွာဘုရားက သစ္စာလေးပါး နှင့် ဉာဏ်သုံးပါး အကျယ် ၁၂ ပါးတို့ကို မသိခဲ့သေးသ၍ ဘုရားဟု ဝန်မခံခဲ့ကြောင်း ပြောခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တင် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ကိုဟောတယ် ဆိုတာဟာ မြတ်စွာဘုရားက သူဘုရားဖြစ်ကြောင်း ကို ဝန်ခံတဲ့ သဘောဖြစ်ပါတယ်။ ဘယ်လို ဘာတွေကို သိခဲ့သလဲ ဆိုတာကို ရှင်းပြတဲ့ သဘောသာ ဖြစ်ပါတယ်။ ပဉ္စဝဂ္ဂီ ငါးပါးကို မဂ်ဖိုလ် ကျစေရန် ကျင့်ကြံမှု ကို ဟောခြင်း မဟုတ်သေးကြောင်းကို သဘောပေါက်ဖို့ လိုပါတယ်။ ပထမဆုံး အနေနဲ့ ပဉ္စဝဂ္ဂီ ငါးပါးကို ဘုရား ဖြစ်ကြောင်း ရှင်းပြမှုဟု နားလည်နိုင် ပါတယ်။)
ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အသျှင်ကောဏ္ဍည အား ”ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ) မြူအညစ် အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လာ၏။
(အဲဒီနောက်မှာမှ ဂါထာမဖက် ဒေသနာတော်ကို ဟောကြားတော်မူတယ် ဆိုတာကတော့ အနိစ္စ ကို ဟောကြားတယ်လို့ သဘောပေါက်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသျှင်ကောဏ္ဍည သည် ”ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏’ ဟု သိခြင်းမှာ အနိစ္စကို သိမြင်ခြင်းပဲ ဖြစ်ပါတယ်။ အနိစ္စကို သိမြင်ဖို့ ဆိုတဲ့ နေရာမှာ မဂ္ဂသစ္စာအတိုင်း အနိစ္စကို အနိစ္စဟု အမှန်သိမြင်ခြင်း ထိုမှ တဆင့် ခန္ဓာငါးပါး သည် လောက သည် ဒုက္ခသက်သက်သာ ဆိုတာကို သိပြီး ပထမ မဂ် ကျသွားတယ်လို့ပဲ ယူဆ မိပါတယ်။ ဒါကြောင့် ဓမ္မစကြာမှာ ပါတဲ့ ဉာဏ် သုံးပါးဆိုတာက ကိုယ်တိုင် ကြုံဖို့ လိုအပ်တာ ဖြစ်ပေမယ့် သွားရမယ့် လမ်းကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ တရားတွေကို မြင်အောင်ကြည့်ပြီး သွားတဲ့ လမ်းပါပဲ။)
(ဒီနေရာမှာ မြတ်စွာဘုရားက အနတ္တအကြောင်းကို မဟောခဲ့ဖူးဟု ယူဆရပါတယ်။ အကြောင်းက အနတ္တ လက္ခဏာ သုတ်ကို သီးသန့်ဟောတာကြောင့် ဖြစ်ပါတယ်။)
ဒီလောက် ဆိုရင် အယူမှား တခု ရှင်းသွားမယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply