စဥ်းစားဆင်ခြင်ဉာဏ် ရှိပါတယ်ဆိုတဲ့ လူသားတွေရဲ့ သဘာဝဟာ တကယ်တော့ အလွန် အံ့ဩဖို့ ကောင်းပါတယ်။ ဘယ်လောက်ပဲ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံရပါစေ၊ သောက ပရိဒေဝ မီးတွေ ဘယ်လောက်ပဲ လောင်ကျွမ်းခဲ့ပါစေ၊ အချိန်တန်ရင် အဲဒီ ဒုက္ခတွေကို အလွယ်တကူ မေ့ပစ်လိုက်ကြတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း “မေ့ပစ်လိုက်ပါ၊ ရှေ့ဆက်လျှောက်ပါ” လို့ပဲ တိုက်တွန်း အားပေးတတ်ကြပါတယ်။

လောကကြီးမှာ ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခတွေကို မကြုံဖူးသူရယ်လို့ မရှိပါဘူး။ ဒီလို ကြုံခဲ့တယ်၊ လက်ရှိလည်း ကြုံနေရတယ်၊ နောင်လည်း ကြုံရဦးမယ် ဆိုတာကို သိသိကြီးနဲ့၊ ဒီဒုက္ခတွေ ပိုမို တိုးပွားစေမယ့် အကြောင်းတရားတွေနောက်ကိုပဲ တစ်ကောက်ကောက် လိုက်နေကြတာဟာ တကယ့်ကို အံ့ဩဖွယ်ရာပါပဲ။

တဏှာ၏ လှည့်စားမှုနှင့် အချည်းနှီးသော ရုန်းကန်မှုများ

တစ်နေ့နေ့မှာ ကိုယ့်ရဲ့ မိဘ ဘိုးဘွားတွေ ကွယ်လွန်သွားကြမယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ မလွှဲမရှောင်သာ ခွဲခွာကြရမယ်၊ ကိုယ် မနှစ်သက်သူတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကိုလည်း ခံကြရပါလိမ့်မယ်။ ဒီလို ဒုက္ခပေါင်းစုံ ဝိုင်းရံနေတဲ့ အချိန်မှာ ပြဿနာရဲ့ အရင်းအမြစ် တကယ့်တရားခံကို ရှာဖွေ သုတ်သင်ရမယ့်အစား၊ “ပျော်သလိုသာ နေလိုက်မယ်” ဆိုတဲ့ တဏှာရဲ့ ကောက်ကျစ် ယုတ်မာတဲ့ လှည့်စားမှုကတော့ ပြောလို့ကို မကုန်နိုင်ပါဘူး။

ဒီတဏှာ ဆိုတဲ့ လိုချင်တပ်မက်မှုကိုပဲ “ငါ” လို့၊ “အတ္တ” လို့ အထင်မှား အယူမှားပြီး သူ့အလိုဆန္ဒ ပြည့်ဝဖို့အတွက် တစ်ဘဝလုံး အချိန်ကုန်ခံ ကြိုးစားနေကြပါတယ်။

(ဒီနေရာမှာ အထူး သတိပြုရမှာက- ဉာဏ်နဲ့ ကြည့်လိုက်ရင် အရာရာဟာ သူ့သဘောသူ ဆောင်နေတဲ့ “အနတ္တ” တရားတွေ သက်သက်သာ ဖြစ်ပါတယ်။ အနတ္တ ဆိုတာဟာ “ငါ မဟုတ်လို့၊ ငါ မပိုင်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ လက်မြှောက်အရှုံးပေးရမယ့် အဆိုးမြင်ဝါဒ လုံးဝ မဟုတ်ပါဘူး။ အရှိတရားကို မှန်မှန်ကန်ကန်သိပြီး တဏှာရဲ့ လှည့်စားမှုကို ရဲရဲဝံ့ဝံ့ တွန်းလှန်ဖို့သက်သက်သာ ဖြစ်ပါတယ်။ တဏှာကုန်ရာကတော့ သင်္ခါရ တရားတွေရဲ့ ဒုက္ခအချက်ကို ပိုင်ပိုင်နိုင်နိုင် သိခြင်းပါပဲ။ သုခ ဆိုတဲ့ ကြောင်တောင်ကန်းတဲ့အယူ ပျောက်သွားခြင်းဟာ တဏှာရဲ့ ဆန့်ကျင်ဖက်ပါပဲ။)

အလိုဆန္ဒဆိုတာ ဘယ်တော့မှ ပြည့်ဝသွားတယ်၊ အဆုံးသတ်သွားတယ် ရယ်လို့ မရှိပါဘူး။ နောက်ဆုံးတော့ ဇရာ (အိုခြင်း) နဲ့ မရဏ (သေခြင်း) ရဲ့ စားဖတ်ဝါးဖတ်တွေ အဖြစ်နဲ့ပဲ အဆုံးသတ်သွားကြရတာပါပဲ။ သေခြင်းတရား ရောက်လာတဲ့အခါ ကိုယ် တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာ၊ ငွေကြေး ဥစ္စာ၊ အခြွေအရံ ဆိုတာတွေဟာ ဘာမှ အဓိပ္ပာယ် မရှိတော့ပါဘူး။

သံသရာစက်ရဟတ်ထဲက အလည်အပတ် ခရီးစဉ်များ

အများအကျိုးအတွက် ဆောင်ရွက်တယ် ဆိုတာ ကုသိုလ်တရား မှန်ပါတယ်။ ဒါပေမယ့် သံသရာလွတ်ကြောင်းကို ရည်ရွယ်တာ မဟုတ်ဘဲ၊ လောကီအကျိုးကို မျှော်ကိုးတဲ့ ကုသိုလ်တွေဟာလည်း နောက်ဆုံးမှာတော့ “အို၊ နာ၊ သေ” ဆိုတဲ့ ဒုက္ခ အကျိုးကိုပဲ ပြန်လည် ပေးစွမ်းဦးမှာပါ။

လူတွေဟာ ဒုက္ခနဲ့ ကြုံတွေ့ရပေမယ့် အမှတ်သည်းခြေ မရှိကြပါဘူး။ ဒုက္ခတွေ့လျက်နဲ့ ဒုက္ခမှ လွတ်အောင် မကြိုးစားသူတွေ အတွက် သေချာတဲ့ အချက်တစ်ခုကတော့- “နောင်လည်း ဒုက္ခတွေ ဆက်တွေ့နေရဦးမယ်” ဆိုတာပါပဲ။

ယခု ကမ္ဘာတစ်ဝှမ်း ကြုံတွေ့နေရတဲ့ လူမဆန်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ လောဘ ဒေါသတွေ ဆိုတာ- မချစ်မနှစ်သက်သူနှင့် အတူနေရခြင်း ဒုက္ခ (အပ္ပိယေဟိ သမ္ပယောဂ ဒုက္ခ) ပါပဲ။

ချစ်ခင်သူတွေ တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်သွားကြတာ- ချစ်ခင်သူနှင့် ကွဲကွာရခြင်း ဒုက္ခ (ပိယေဟိ ဝိပ္ပယောဂ ဒုက္ခ) ပါပဲ။

မကြာခင်မှာ ကိုယ့်အလှည့် (အို၊ နာ၊ သေ) ဆိုတာ ဆိုက်ရောက်လာပါတော့မယ်။ လူတွေဟာ မမှတ်မိလို့သာ နေသာသလို နေနေကြတာပါ။ မိခင်ဝမ်းဗိုက်ထဲမှာ လပေါင်းများစွာ ကျဉ်းကျပ် ပူလောင်စွာ နေခဲ့ရတဲ့ ဇာတိဒုက္ခကြီးကို အလူးအလဲ ခံခဲ့ကြရပြီးပါပြီ။ အခုလည်း ဒုက္ခတွေကြား နေထိုင်ရင်း၊ အို၊ နာ၊ သေ ဆိုတဲ့ ဒုက္ခဆီကိုပဲ နေ့စဉ် လျှောက်လှမ်းနေကြတာပါ။

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ အာဏာရှိရှိ အားလုံးဟာ ဖြစ်ပြီး ပျက်နေတဲ့ ခံစားမှု သက်သက်ထက် မပိုပါဘူး။ အဲဒီအပေါ်မှာ တပ်မက်ပြီး မတရားတာတွေ လုပ်မိရင် အပါယ်လေးဘုံဆိုတဲ့ အပိုဒုက္ခတွေပါ ထပ်တိုးလာပါလိမ့်မယ်။ တိရစ္ဆာန် ဖြစ်သွားရင် နိုင်ရာစား ဒုက္ခခံရမယ်။ ကုသိုလ်အကျိုးကြောင့် နတ်ပြည်ရောက်သွားရင်လည်း ကာမဂုဏ် အာရုံတွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း၊ တွေဝေမိုက်မဲတဲ့ ‘မောဟ’ တွေ ဖုံးလွှမ်းပြီး အပါယ်ကို ပြန်ကျရဦးမှာပါပဲ။

ခဲလုံးကို ကိုက်မည့်ခွေးလား၊ ခဲပစ်သူကို ရှင်းမည့် ခြင်္သေ့လား

ဒီဆောင်းပါးမှာ အဓိက အလေးအနက် တိုက်တွန်းချင်တာကတော့- ဒုက္ခနဲ့ ကြုံရတဲ့အခါ အမှတ်သည်းခြေ ကြီးကြီးထားကြပါ။ “သြော်… ဒုက္ခ… ဒုက္ခ” လို့ ညည်းတွားရုံလောက်နဲ့ မပြီးပါစေနဲ့။ “ဒီဒုက္ခတွေ ဘာကြောင့် ဖြစ်ရသလဲ” ဆိုတဲ့ အဖြေမှန်ကို ရှာဖွေပါ။

ခွေး၏ သဘာဝ: လူတစ်ယောက်က ခဲနဲ့ ပစ်ပေါက်လိုက်ရင် ခွေးဟာ သူ့ကို လာမှန်တဲ့ ‘ခဲလုံး’ ကိုသာ ဒေါသတကြီး လိုက်ကိုက်တတ်ပါတယ်။ (ဒုက္ခဖြစ်လာတဲ့အခါ ဒုက္ခရဲ့ အပေါ်ယံ လက္ခဏာရပ်တွေကိုသာ အပြစ်တင် ငြီးတွားနေသူများနှင့် တူပါတယ်)။

ခြင်္သေ့၏ သဘာဝ: ခြင်္သေ့ကို ခဲနဲ့ ပစ်ပေါက်လိုက်ရင် ခြင်္သေ့ဟာ ခဲလုံးကို လှည့်မကြည့်ပါဘူး။ ခဲလုံး ပစ်ပေါက်တဲ့ တရားခံ လူကိုသာ ရှာဖွေပြီး တိုက်ခိုက် ရှင်းလင်းပစ်ပါတယ်။ တရားခံကို ရှင်းလိုက်ရင် နောက်ထပ် ခဲလုံးတွေ လာစရာ အကြောင်း မရှိတော့ပါဘူး။

ထို့အတူပါပဲ။ မိမိတို့ ခံစားနေရတဲ့ ဒုက္ခတွေရဲ့ တရားခံ အစစ်တောက်တောက်ဟာ အခြားသူ မဟုတ်ပါဘူး။ “ခန္ဓာငါးပါး” ကြီးသာ ဖြစ်ပါတယ်။ ဇာတိ (ပဋိသန္ဓေ နေရခြင်း) ကြောင့်သာ ဒီလို အို၊ နာ၊ သေ ဆိုတဲ့ ဆင်းရဲဒုက္ခတွေ တွေ့ရတာဖြစ်တယ် လို့ ကိုယ်တိုင် သဘောပေါက်အောင် ကြိုးစားတော်မူကြပါ။

ဒါကြောင့် ဇာတိအကျိုးကို ဖန်တီးပေးနေတဲ့ တရားခံ အစစ်များဖြစ်သော “အဝိဇ္ဇာ နှင့် တဏှာ” ကို အမြစ်ပြတ်အောင် သုတ်သင် ရှင်းလင်းရပါမယ်။ မိမိတို့ သန္တာန်မှာ အဓိပတိတရားလေးပါး (ပြင်းပြသော ဆန္ဒ၊ ထက်သန်သော စိတ်၊ မဆုတ်မနစ်သော ဝီရိယ၊ ထိုးထွင်းသိသော ပညာ) နှင့်သာ ပြည့်စုံအောင် ကြိုးစား အားထုတ်သွားမည် ဆိုလျှင်၊ ဤဒုက္ခတွင်း နွံဗွက်ကြီးထဲမှ အပြီးတိုင် ရုန်းထွက်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *