ဒီနေ့ တနင်္ဂနွေ ပိတ်ရက်မို့ အားလုံး သက်တောင့်သက်သာ နားနေကြမယ် ထင်ပါတယ်။ အဲဒီလို နားနေရတဲ့အခါ “ငါ အနားယူနေတယ်” လို့ တွေးမိတတ်ကြတယ်။
တကယ်တော့ အနားယူခြင်းဆိုတာ “ပိတ်ရက်” ဆိုတဲ့ သတ်မှတ်ချက် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား သက်သက်ပါပဲ။ ပိတ်ရက်ဆိုတဲ့ အကြောင်း မရှိရင် အနားယူခြင်းဆိုတဲ့ အကျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ လောကကြီးမှာ ဘယ်အရာမှ အလိုလို ဖြစ်မလာပါဘူး။ ဘယ်အရာမှ ငါလုပ်တာမဟုတ်ပါဘူး။ အားလုံးဟာ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေချည်းပါပဲ။
အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်ပေါ်နေတယ် ငါ ဘယ်နေရာမှ မပါဘူး ဆိုတာကို သိမြင်လာရင် “ငါ” ဆိုတဲ့ အစွဲလေး တဖြည်းဖြည်း ပါးလာပါလိမ့်မယ်။
အခု လက်ရှိ သက်တောင့်သက်သာ ဖြစ်နေတဲ့ ခံစားမှုလေးဟာ ဘယ်အကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့ အကျိုးတရားလဲ ဒီအကျိုးတရားကြောင့် ဘာအကျိုးတရားတွေ ထပ်ဖြစ်လာဦးမလဲဆိုတာ သက်သက်သာသာလေး လေ့လာကြည့်လို့ ရမလား။


Leave a Reply