ဒီစာက ကျနော် သင်္ခါရုပေက္ခာဉာဏ်မှာ ရေးခဲ့တာပါ။ အဲဒီတုန်းကတော့ မဂ်မကျသေးတော့ (ပုထုဇဉ်မို့) ဖရုသဝါစာကို မရှောင်နိုင်ခဲ့ဘူး။ ဖရုသဝါစာ စကားလုံးတလုံးပါပါတယ်။ အဲဒါကိုပဲ မှတ်တမ်းတခုအနေနဲ့ ဖရုသဝါစာမပါပဲ စာပြန်လုပ်ပေးထားတာပါ။ မဂ်ကျပြီးနောက်ပိုင်း ဖရုသဝါစာက ပါးစပ်က ထွက်ကို မထွက်တော့တာပါ။ မူရင်းကို လိုချင်ရင်တော့ ကျနော့် Time Line ထဲမှာရှာကြည့်ပါ။ သောတာပန်ဘဝမှာ ထပ်တူညီတဲ့ စိတ်မရှိတော့ပေမယ့် အကြောင်းအရာကတော့ မမှားဘူးလို့ပြောချင်ပါတယ်။
တာဝန်သိစိတ်လေးတော့ ထားကြပါတော့
ကျနော့်မှာ အတ္တဒိဋ္ဌိ ကွာလာတာနဲ့အမျှ စေတနာတွေနဲ့ ပြောတဲ့ စကားတွေက အကန်တွေချည်း ဖြစ်နေတော့တာပါပဲ။ တကယ်တော့ ‘ကျနော်’ ဆိုတာ ရှိမှ ရှိမနေတာ။ ခန္ဓာငါးပါး ဖြစ်ပျက် သင်္ခါရတရားတွေသာ ဖြစ်ပြီး၊ ‘အတ္တ’ ဆိုတဲ့ ကျနော်ဆိုတာဟာ တကယ့်တကယ်တော့ စေတသိက်လေး တစ်ချက် ဖြစ်ပြီး ပျက်သွားခြင်းပါပဲ။ အဲဒီတော့ ကျနော့်ဘက်က တရားနဲ့ နီးလာလေလေ အကုသိုလ်တွေ ကုန်လာပြီဆိုတာ သိလေလေပါပဲ။
အဲဒီတော့ ဘာတွေဖြစ်နေသလဲ ဆိုရင်ဖြင့် ခင်မင်ရင်းစွဲရှိတဲ့ ဘုန်းကြီးတွေကို နည်းမျိုးစုံနဲ့ကို တရားအားထုတ်တဲ့ ကိစ္စလုပ်ဖို့ပဲ ပြောချင်နေမိတယ်။ ပြောတဲ့အခါမှာတော့ သူတို့အမှားကို သူတို့ မြင်နိုင်လောက်အောင် ရက်ရက်စက်စက်လဲ ပြောချင် ပြောမိမှာပါပဲ။ အဲဒါဟာ ကျနော်က ပြောတာမဟုတ်ဘဲ တရားရဲ့ အကြောင်းအကျိုး သဘောသာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာဖတ်တဲ့သူ အများစုက လူတွေဖြစ်နေပါတယ်။ အဲဒီတော့ ပြောတဲ့စကားနဲ့ စာဖတ်တဲ့သူကတော့ ကွာနေတာ အမှန်ပါပဲ။ မိတ်ဆွေတို့အတွက် အကျိုးမများမှာကိုတော့ စဉ်းစားမိပါတယ်။
မိုးကုတ်ဆရာတော်ကြီးက လူတွေ တရားအားထုတ်အောင် အများကြီးဟောပြောခဲ့သလို ကျနော်ကလဲ ဆရာသမားကျေးဇူးဆပ်တဲ့အနေနဲ့ ဘုန်းကြီးတွေ တရားအားထုတ်အောင်ပဲ အဓိက ပြောပါရစေဦး။ လူတွေထက် ဘုန်းကြီးတွေက တရားအားထုတ်ဖို့ အခွင့်အရေး အများကြီး ပိုကောင်းပါတယ်။ အကျိုးအပြစ် အနေနဲ့ကျတော့လဲ လူတွေက ဘာမှ အာမဘန္တေ ခံထားတာ မဟုတ်ဘူးလေ။ မြတ်စွာဘုရားက လူတွေအတွက် ငါးပါးသီလသာ ဟောထားပြီး ငါးပါးသီလ လုံနေတယ် ဆိုရင်ပဲ ဘုရားစကား နားထောင်ရာ ရောက်နေပါပြီ။ အသက်မွေးမှုမှာပါ စင်ကြယ်ရင်တော့ အတိုင်းထက်အလွန် ဖြစ်နေပါပြီ။ တရားအားထုတ်ဖို့အတွက် အများကြီး အားရှိစရာ ဖြစ်နေပါပြီ။ နောက်ပြီး ကျနော့်အနေနဲ့လဲ လူဝတ်ကြောင် ဖြစ်တာနဲ့အညီ ရှေ့မှာ ရေးခဲ့သမျှက အဆင်ပြေသင့်သလောက် ပြေနေပါပြီ။ ဉာဏ်နဲ့ ပတ်သက်တဲ့ ကိစ္စ ဖြစ်တာမို့လဲ ကျနော့်ဘက်က အတော်လေး တာဝန်ကျေပြီလို့ပဲ ပြောရမှာပါပဲ။ အဲဒီတော့ ဘုန်းကြီးတွေဘက်ပဲ ဆက်ပြောပါရစေ။
တာဝန်ယူမှု နှင့် တာဝန်ခံမှု
ဘုန်းကြီးတွေကို ပြောချင်တာက အရှင်ဘုရားတို့နဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေကြားထဲမှာ အရှင်ဘုရားတို့မှာ မရှိတဲ့ ဂုဏ်တစ်ခု သူတို့ဆီမှာ ရှိနေပါတယ်။ အဲဒါကတော့ ‘ပြောတဲ့ ကိစ္စကို ပြောတဲ့အတိုင်း လုပ်မယ်’ ဆိုတဲ့ စိတ်ဓာတ်ပါပဲ။ တပည့်တော်က နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ဖူးတော့ ပြောတဲ့အတိုင်း မဖြစ်ဖြစ်အောင် လုပ်ရတာပါပဲ။ အလုပ်ရဲ့ စည်းကမ်းဆိုတာလဲ လိုက်နာရပါတယ်။ အလုပ်က ကိုးနာရီဆို ကိုးနာရီ မရောက်ရောက်အောင် သွားရတာပါပဲ။ အလုပ်မပြီးလို့ ညဘက် နောက်ကျလဲ ကျရတာပါပဲ။ ဘာမှ ငြင်းလို့မရပါဘူး။ တာဝန်အပြည့်ယူကြရပါတယ်။
အရှင်ဘုရားတို့ရဲ့ ပုံစံကကျတော့ ဘာကိုမှ အလေးအနက် မထားတဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေ ဖြစ်နေပါတယ်။ လူတွေရဲ့ ဆွမ်းကို အရှင်ဘုရားတို့က ပေါ့ပေါ့လေး အောက်မေ့ပြီး စားနေကြတာပါ။ လူတွေဆိုတာက ဝမ်းစာရေးအတွက် အလုပ်အများကြီးလုပ်ရတဲ့ သူတွေပါ။ ပင်ပန်းဆင်းရဲခံပြီး လုပ်နေကြတဲ့သူတွေချည်းပါပဲ။ ကိုယ်မပင်ပန်းလဲ စိတ်ပင်ပန်းကြရပါတယ်။ အရှင်ဘုရားတို့က ပေါ့ပေါ့လေး တွေးပေမဲ့ အချိန်တန် ခန့်ခန့်ကြီး စားလိုက်ရုံပဲ၊ ပြီးရင် အိပ်ရုံပဲ၊ စာလေးကျက်ရုံပဲ ဆိုပြီး မြင်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီ ဆွမ်းဟင်းတစ်ခွက်ဖြစ်ဖို့၊ အရှင်ဘုရားတို့ နေတဲ့ကျောင်း ဖြစ်ဖို့ဆိုတာ လူတွေမှာ သူတို့ဖာသာ သူတို့တောင် ကောင်းကောင်းမနေနိုင်ဘဲ အရှင်ဘုရားတို့အပေါ်မှာ စိတ်စေတနာ အပြည့်နဲ့ လှူကြတဲ့ သူတွေပါ။ အရှင်ဘုရားတို့ကို လှူဒါန်းလို့ ကောင်းကျိုး ရမယ်လို့ ယုံကြည်ပြီး လှူကြတဲ့ သူတွေချည်းပါပဲ။
အရှင်ဘုရားတို့က ကိုယ့်စိတ်နဲ့ နှိုင်းပြီး ပေါ့ပေါ့တန်တန် ဆွမ်းကွမ်းစားသောက်တယ်၊ ဘောလုံးပွဲလေးကြည့်လိုက်၊ အငြိမ့်လေးကြည့်လိုက်၊ ရုပ်ရှင်လေးကြည့်လိုက် ဆိုတာဟာ တကယ့်ကိုပဲ အောက်တန်းကျတဲ့ အပြုအမူပါပဲ။ အရှင်ဘုရားတို့အနေနဲ့ ဒကာ ဒကာမ တွေကို တာဝန်ရှိတယ် ဆိုပြီး ဖြဲမခြောက်သင့်ပါဘူး။ ပင့်ဖိတ်ထားတာ မဟုတ်ဘဲ အတောင်းအရမ်းလဲ မထူသင့်ပါဘူး။
မိမိကိုယ်ပိုင် တာဝန်ကို သိမြင်ခြင်း
အရှင်ဘုရားတို့ဟာ ယောက်ျားကောင်းတွေပီပီ ရဟန်းဘောင် ဝင်လာကြတာပါ။ အဲဒီတော့ ကိုယ့်အလုပ် ကိုယ် လုံးဝ မလုပ်တာ၊ ကိုယ့်စကားကိုယ် လုံးဝမတည်တာ၊ အမျိုးစုံလှည့်ပတ်ပြောပြီး စားလိုက် အိပ်လိုက် ကာမဂုဏ် ခံစားလိုက် လုပ်နေတာတွေဟာ အဆင်ပြေမနေပါဘူး။ အကြောင်းမဲ့ ပြောတာမဟုတ်ပါဘူး။ ဓမ္မ အနေနဲ့ ဘယ်လိုပဲ ကြည့်ကြည့် အရှင်ဘုရားတို့ရဲ့ ပေါ့တီး ပေါ့ပျက်နိုင်မှု ဟာ အင်မတန်ပဲ ထင်ရှားနေပါတယ်။ အရှင်ဘုရားတို့ ယောက်ျားတစ်ယောက်အနေနဲ့ ဘာကြောင့် ရဟန်းဝတ်ခဲ့သလဲ၊ ဘယ်လို စိတ်နဲ့ပဲ ရဟန်းဝတ်ခဲ့ ဝတ်ခဲ့၊ အရှင်ဘုရားတို့ ပါးစပ်ကနေ ဘာပြောခဲ့သလဲ ဆိုတာ အရှင်ဘုရားတို့ မသိလောက်အောင်၊ အလေးအနက်မထားလောက်အောင် ဖြစ်နေခြင်းဟာ အရှင်ဘုရားတို့ကို အခုလို ပေါ့လျော့တဲ့ဘဝရောက်အောင် ပို့ပေးလိုက်တဲ့ တရားခံပါပဲ။ အဓိက အကျဆုံးအချက်ကတော့ အလေးအနက် မထားခြင်းပါပဲ။ အရှင်ဘုရားတို့က ဘုန်းကြီးဝတ်တယ် ဆိုတာ လွယ်လွယ်လေး မှတ်နေတယ်။ ရုန့်ရင်းတဲ့ ကာမကို ထိန်းနိုင်ရုံနဲ့ အဆင်ပြေပြီ ထင်နေရင် တပည့်တော်တို့က ဝှေးသင်းထားတဲ့ နွားသိုးကြီး သင်္ကန်းပတ် ကိုးကွယ်နေရုံပေါ့။
အရှင်ဘုရားတို့ဟာ လုံးဝကို တာဝန်မကျေတဲ့ သူတွေပါ။ အရှင်ဘုရားတို့ရဲ့ တာဝန်က ဘာလဲ ဆိုတော့ အရှင်ဘုရားတို့ ကိုရင် ဝတ်ကတည်းက ‘သံသရာ ဝဋ်က လွတ်အောင် လုပ်ပါ့မယ်’ ဆိုတဲ့စကားပါပဲ။ အရှင်ဘုရားတို့မှာ တပါးသော သူများကို သံသရာဝဋ်က လွတ်အောင် လုပ်ပေးဖို့တောင် တာဝန် မရှိပါဘူး။ အရှင်ဘုရားတို့ လုပ်ရမှာက တစ်ခုတည်းပါ။ အရှင်ဘုရားတို့ ကိုယ့်အတွက် ကိုယ် သံသရာဝဋ်က လွတ်အောင် လုပ်ဖို့ ဆိုတဲ့ ကိစ္စတစ်ခုတည်းပါ။ အဲဒါမလုပ်သရွေ့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။
အရှင်ဘုရားတို့ အဲဒီကိစ္စကို ပေါ့ပေါ့လေး မတွေးပါနဲ့။ အရှင်ဘုရားတို့သာ အရိယာ ဖြစ်ခဲ့ရင် လာလှူသမျှ ဒကာ ဒကာမတွေဟာ အရှင်ဘုရားတို့နဲ့ စကားပြောဆိုတာကိုက အရိယာထံမှ တရားနာကြားခြင်း ဖြစ်နေပါပြီ။ သူတို့မှာ ရှိတဲ့ ထက်သန်တဲ့ သဒ္ဓါတရားတွေနဲ့ နှလုံးသွင်းလေး မှန်လိုက်တာနဲ့ သူတို့ပါ အရိယာ ဖြစ်သွားမှာပါပဲ။
တရားစစ် တရားမှန်ကို မျက်မှောက်ပြုပါ
အခုတော့ အရှင်ဘုရားတို့ အပြစ်ဆိုတာက လုပ်ပါ့မယ်လို့ ပြောထားပြီး မလုပ်ဘဲ နေထိုင် စားသောက်နေသရွေ့ဟာ အရှင်ဘုရားတို့အတွက် မီးကျီးခဲပေါ် ထိုင်နေရသလိုပါပဲ။ အလကားကောင်တွေလို့ အပြောခံရလဲ ငြိမ်သာ နေလိုက်၊ လူလိမ် လူညာ လူပေါ့ လူသွမ်း လူဆိုး လူရမ်းကားတွေလို့ ပြောလဲ ငြိမ်သာ ခံလိုက်ပါတော့။ တရားအရက လုပ်မယ်ပြောပြီး မလုပ်တာနဲ့တင် အပြောခံရဖို့ ထိုက်တန်နေပါပြီ။ အရှင်ဘုရားတို့က ငါတို့က သီလ စောင့်နေတာလို့ မပြောပါနဲ့၊ အဲဒီစောင့်ထိန်းတယ် ဆိုတဲ့ သီလ ဖြစ်ဖို့ အရှင်ဘုရားတို့ရဲ့ အသက်ဆိုတာဟာ ဒကာ ဒကာမတွေ ပေးထားတာပါ။ အရှင်ဘုရားတို့မှာ ရှက်စိတ်၊ မေတ္တာ၊ ပညာ ဆိုတာတွေ ခေါင်းပါးနေပြီး ပျင်းရိခြင်း၊ ကြွားဝါခြင်း၊ စကားများခြင်းနဲ့ အကျင့်မကောင်းတာတွေပဲ ရှိနေတာကို ပြင်ဆင်သင့်ပါပြီ။
အရှင်ဘုရားရယ် နည်းနည်းလေး စဉ်းစားကြည့်စမ်းပါ။ အရှင်ဘုရားတို့ သံဃာ ဆိုတာ သိန်းနဲ့ ချီရှိတယ်နော်။ အဲဒီထဲမှာမှ မိုးကုတ်ဆရာတော်ကြီးလို တရားစစ် တရားမှန် ဟောနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ တစ်နေ့ တစ်နေ့ လဲ အရေးမပါတဲ့ ကိစ္စတွေ အကြောင်းပဲ စကားများနေကြတယ်။ ဒီလောက် အများကြီးရှိတာကိုမှ အရိယာတရားနာတာနဲ့ နှလုံးသွင်းမှန်တာ ဆိုတဲ့ ကိစ္စလေး လောက်တောင် အဖြစ်ရှိအောင် မလုပ်နိုင်ရင်၊ အကုန်ထွက်ကြပြီး ကိုယ့်ထမင်းကိုယ်ရှာစားကြတာ အားလုံးအတွက် ကောင်းတယ်။
အခုတော့ အရှင်ဘုရားတို့က ပလ္လင်ပေါ်တက်လိုက်၊ တလွဲတွေ ပြောလိုက်၊ အတင်းတွေ တုပ်လိုက်၊ ပြီးတော့ စားသောက်နေတာဟာ အပင်းမြိုနေတာပါပဲ။ သိန်းနဲ့ ချီမှာ ဆယ်ယောက် မထွက်တာနော်။ တစ်သောင်းမှာ တစ်ယောက် အဖြစ်ရှိအောင် မလုပ်ကြတာနော်။ စာတွေ အများကြီး နားလည်ပါတော့လို့ ပြောနေတာမဟုတ်ဘူးနော်။ ‘အနတ္တ’ ဆိုတဲ့ စကားလေး တစ်လုံးကိုပဲ သိဖို့ ပြောနေတာနော်။ အနတ္တ ကို အဆုံးမြင်တာသည် သောတာပန်နော်။ အဲဒီ သောတာပန် ဖြစ်ရင် အရှင်ဘုရားတို့ တာဝန်ကျေနေပြီ။ အခုကျတော့ အရှင်ဘုရားတို့က ကိုယ်တိုင် အားမထုတ်ရုံတင် မက၊ အကုန်လုံး အကျိုးပျက်အောင်လို့ တလွဲတွေ ဟောနေကြတာကို တပည့်တော်က လက်ပိုက် ကြည့်နေရမှာလား။
နည်းနည်းလေးတော့ တာဝန်သိစိတ်၊ ရှက်စိတ်လေး ရှိကြပါတော့လို့ပဲ ပြင်းပြင်းထန်ထန် တိုက်တွန်းချင်တော့တယ်။ ဒီမှာတင်ပဲ ရပ်ထားလိုက်ပါ့မယ်။့ပဲ ပြင်းပြင်းထန်ထန် တိုက်တွန်းချင်တော့တယ်။ ဒီမှာတင်ပဲ ရပ်ထားလိုက်ပါ့မယ်။


Leave a Reply

Your email address will not be published. Required fields are marked *