“ဒိဋ္ဌိ” ဆိုတာ အယူအဆ (View) ကို ခေါ်တာပါ။ သမ္မာဒိဋ္ဌိ ဆိုရင် မှန်ကန်တဲ့အယူ၊ မိစ္ဆာဒိဋ္ဌိ ဆိုရင် မှားယွင်းတဲ့အယူပေါ့။ ဒါပေမဲ့ ကျနော်တို့ တရားအားထုတ်တဲ့ နေရာမှာ အဓိက တိုက်ထုတ်ရမယ့် “ဒိဋ္ဌိ” ဆိုတာကတော့ “ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်လိပ်ပြာ” လို့ အခိုင်အမာ ယုံကြည်စွဲလမ်းနေတဲ့ “သက္ကာယဒိဋ္ဌိ” (အမြင်မှား) ကို အဓိက ဆိုလိုတာ ဖြစ်ပါတယ်။
ဒီအမြင်မှားကြီး ရှိနေသရွေ့ “ငါ လိုချင်တယ်” ဆိုတဲ့ ကာမတဏှာ၊ “ငါ ဖြစ်ချင်တယ်” ဆိုတဲ့ ဘဝတဏှာ တွေက သံသရာထဲကနေ မထွက်နိုင်အောင် ချည်နှောင်ထားမှာပါ။ ဒုက္ခတွေ အရမ်းများလာတဲ့ အခါကျရင်လည်း “သေရင် ပြီးတာပဲ၊ ဘာမှ မရှိတော့ဘူး” ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ (ပြတ်စဲတယ်လို့ ယူဆတဲ့ အမြင်မှား) ဘက်ကို ကူးသွားပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တဏှာရဲ့ လက်ပါးစေ ဖြစ်ပြီး သံသရာလည်နေဦးမှာပါပဲ။ ဒါကြောင့် သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခ) တစ်ယောက်အတွက် အဓိက ပထမဆုံး ဖြုတ်ချရမယ့် ရန်သူဟာ “ဒိဋ္ဌိ” ပါပဲ။
ဒိဋ္ဌိ ဘာကြောင့် ခွာရခက်သလဲ?
ဒိဋ္ဌိ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ အရှိကို အရှိအတိုင်း မမြင်ဘဲ၊ နှလုံးသွင်း မှားယွင်းနေလို့ပါ။ တရားအားထုတ်ခါစ ယောဂီတွေအနေနဲ့ “ဒါဟာ ရုပ်နာမ်ဖြစ်စဉ် သက်သက်ပါ၊ ငါ မဟုတ်ပါဘူး” လို့ သီအိုရီ (စာ) အရ နားလည်ထားပေမယ့်၊ လက်တွေ့ ကြုံလာတဲ့အခါ ဖြုတ်ချဖို့ အင်မတန် ခက်ခဲပါတယ်။
ဘာကြောင့်လဲဆိုတော့ စိတ်ဟာ တစ်ကြိမ်မှာ တစ်ခုပဲ ဖြစ်တဲ့အတွက်၊ ဒိဋ္ဌိ ဝင်လာတဲ့ အချိန် (ဥပမာ- ဒေါသထွက်ချိန်၊ နာကျင်ချိန်) မှာ “ငါ နာနေတယ်၊ ငါ့ကို လာစော်ကားတယ်” ဆိုတဲ့ အသိက အရမ်းကို အစစ်အမှန်ကြီးလို သေချာနေလို့ပါပဲ။ အဲဒီအချိန်မှာ “ငါ မဟုတ်ဘူး” ဆိုတာကို ဉာဏ်နဲ့ လက်ခံနိုင်ဖို့ အတော်လေး ရုန်းကန်ရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ပဋိစ္စသမုပ္ပါဒ်ကို နားလည်လျက်နဲ့၊ ဒီ “ငါ” ဆိုတဲ့ ဒိဋ္ဌိ ထောင်ချောက်ထဲမှာ နှစ်နဲ့ချီပြီး လည်ပတ်နေခဲ့ဖူးပါတယ်။ လှုပ်ရှားသမျှ၊ မြင်သမျှ၊ ကြားသမျှမှာ “ငါ” ကပဲ ဦးစီးနေတာကိုး။
ဒါပေမဲ့ စိတ်ပျက်မသွားပါနဲ့။ ဒီအသားထဲက လောက်လို ဖြစ်နေတဲ့ ဒိဋ္ဌိကို လက်တွေ့ကျကျ ပယ်သတ်နိုင်မယ့် နည်းလမ်း (၂) သွယ်ကို အောက်မှာ ရှင်းပြပေးပါ့မယ်။ ဒီ (၂) ခုကို တကယ် နားလည်ပြီး လက်တွေ့ကျင့်သုံးရင် ဒိဋ္ဌိ ပြုတ်ဖို့ လုံလောက်ပါတယ်။
၁။ ပညတ်ကိုခွာ၍ အရှိတရား (ရုပ်နာမ်) ကို မြင်အောင်ကြည့်ခြင်း
ပထမ အဆင့်ကတော့ “ပုဂ္ဂိုလ်၊ သတ္တဝါ” ဆိုတဲ့ ပညတ် အခွံတွေကို ခွာချပြီး၊ တကယ့် အရှိတရားဖြစ်တဲ့ ရုပ်နဲ့ နာမ် အလုပ်လုပ်နေပုံကို မြင်အောင် ကြည့်ရပါမယ်။
လောကကြီးမှာ ဘုရားက အစ၊ ဒေဝဒတ် အဆုံး ဘယ်သူ့ကိုပဲ ကြည့်ကြည့် “စိတ်၊ စေတသိက်၊ ရုပ်” ဆိုတဲ့ ဖြစ်စဉ်တွေကလွဲပြီး ဘာမှ မရှိပါဘူး။ ယောက်ျား၊ မိန်းမ၊ လူ၊ နတ် ဆိုတာတွေဟာ ပုံသဏ္ဍာန် (ပညတ်) တွေသာ ကွာခြားသွားတာပါ။ တကယ့် အနှစ်သာရ အရှိတရားကတော့ အတူတူပါပဲ။
ရုပ်တရား ဆိုတာ ဘယ်သူမှ မပိုင်ဘူး၊ သူ့သဘောသူဆောင်ပြီး ဖောက်ပြန် ပျက်စီးနေတယ်။
နာမ်တရား (စိတ်၊ စေတသိက်) တွေဖြစ်တဲ့ ဝိညာဉ်က သိတဲ့အလုပ်ကို လုပ်တယ်၊ ဝေဒနာက ခံစားတဲ့ အလုပ်ကို လုပ်တယ်၊ သညာက မှတ်သားတယ်၊ သင်္ခါရက စေ့ဆော်တယ်။
ဒီ ခန္ဓာငါးပါးစလုံးဟာ ဘယ်သူ့ အမိန့်မှ မနာခံဘဲ သူ့သဘောသူဆောင်ပြီး အလုပ်လုပ်နေတဲ့ သဘာဝတရား (ဓမ္မ) တွေပဲ ဆိုတာကို အရင်ဆုံး ဉာဏ်နဲ့ ပိုင်းခြားသိမြင်ရပါမယ်။ အဲဒီလို သိရင် “သူနဲ့ ငါနဲ့ မတူဘူး” ဆိုတဲ့ ကွဲပြားခြားနားမှု အထင်အမြင်တွေ စတင် ပြိုကျလာပါလိမ့်မယ်။
၂။ စိတ္တာနုပဿနာဖြင့် ‘ဖြစ်ပျက်’ ကို ရှုခြင်း
ရုပ်နာမ်ကို ကွဲပြီဆိုရင် သတိပဋ္ဌာန် လေးပါးထဲက ကြိုက်ရာကို ရှုနိုင်ပါတယ်။ ကျနော်ကတော့ စိတ်ကို အဓိကထား ရှုတဲ့ စိတ္တာနုပဿနာကို အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဟာ အမြဲတမ်း လျင်လျင်မြန်မြန် ဖြစ်ပျက်နေလို့ပါပဲ။
စစချင်းမှာ လွန်ခဲ့တဲ့ တစ်မိနစ်က ပေါ်ခဲ့တဲ့စိတ် (ဥပမာ – တွေးတဲ့စိတ်) အခု မရှိတော့ဘူး ဆိုတာကို သတိထားပြီး “ဪ… ဖြစ်ပြီး ပျက်သွားတာပါလား” လို့ သိလိုက်ပါ။ အဲဒီကနေ တဖြည်းဖြည်းနဲ့ စိတ်တွေဟာ တစ်ခုပြီးတစ်ခု အစားထိုးပြီး တောက်လျှောက်ကြီး ဖြစ်ပျက်နေတာကို မြင်အောင် ရှုပါ။
ဒီလို စောင့်ကြည့်ပါများလာတဲ့အခါ… စိတ်တစ်ခု ပျက်သွားတာနဲ့ နောက်စိတ်တစ်ခုက အကြားအလပ်မရှိ အစားထိုး ဝင်ရောက်လာတာကို မြင်လာပါလိမ့်မယ်။ အဲဒီအခါကျမှ “မနေ့က ငါ နဲ့ ဒီနေ့ ငါ အတူတူပဲ၊ ခုနက ငါ နဲ့ အခု ငါ အတူတူပဲ” ဆိုတဲ့ နိစ္စသညာ (မြဲတယ်လို့ ထင်တဲ့ အမြင်မှား) ကြီး ပျောက်ကျသွားပါလိမ့်မယ်။ တကယ် ဖြစ်နေတာဟာ “ငါ” မဟုတ်ဘူး၊ စိတ်တွေရဲ့ အစားထိုး ဖြစ်ပျက်နေမှု သက်သက်ပဲ ဆိုတာကို လက်တွေ့ သိလာပါမယ်။ လိုချင်တဲ့ စိတ်ကလေး ပေါ်လာရင်တောင် “ငါ လိုချင်တာ” မဟုတ်ဘူး၊ “ဝေဒနာကြောင့် ပေါ်လာပြီး ပြန်ပျက်သွားမယ့် အနိစ္စ ဖြစ်စဉ်တစ်ခု သက်သက်ပဲ” လို့ သိလာပါမယ်။
အနိစ္စမှသည် အနတ္တသို့ (အဆိုးမြင်ဝါဒ မဟုတ်သော အနတ္တ)
ဒီ ‘ဖြစ်ပျက်’ လေးတွေကို အဆက်မပြတ် မြင်လာတဲ့အခါ၊ ဒါတွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘဲ ပျက်စီးနေမှု သက်သက်သာ ဖြစ်တဲ့အတွက် စက်ဆုပ်စရာ၊ အသုံးမကျတဲ့ တရားတွေ (ဒုက္ခ) လို့ မြင်လာပါမယ်။ ဘယ်လိုမှ ထိန်းချုပ်လို့မရ၊ ပိုင်ဆိုင်မှုဆိုတာ မရှိဘူး ဆိုတဲ့ (အနတ္တ) သဘောက အထင်အရှား ပေါ်လာပါလိမ့်မယ်။ (သဗ္ဗေ သင်္ခါရ အနိစ္စာ၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ)
အဓိပတိတရား လေးပါးဖြင့် ဆက်လက် လျှောက်လှမ်းပါ
ဒီနည်းလမ်းတွေအတိုင်း ပရမတ် (အရှိတရား) ကို မြင်အောင်ကြည့်ပြီး ဖြစ်ပျက်ကို ရှုနေရင် ဒိဋ္ဌိကွာကျဖို့ လုံလောက်ပါတယ်။ “ငါ၊ သူ” ဆိုတဲ့ ပညတ်တွေ ပြုတ်ကျပြီး သင်္ခါရတရားတွေအပေါ်မှာ စိတ်ကုန်လာပါမယ်။ “ငါ့သား၊ ငါ့သမီး၊ ငါ့ပစ္စည်း” ဆိုတဲ့ တွယ်တာစရာတွေ မရှိတော့ဘဲ၊ ဒုက္ခတွေ ဖြစ်ပြီး ဒုက္ခတွေ ပျက်နေတာပဲ ဆိုတာကို မြင်လာပါလိမ့်မယ် (နိဗ္ဗိဒါဉာဏ်)။
အဲဒီလို ဖြစ်လာရင် ဒီ သံသရာဝဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ချင်စိတ်တွေ အကြီးအကျယ် ဖြစ်ပေါ်လာပါမယ် (မုဉ္စိတုကမျတာဉာဏ်)။
နောက်တစ်နည်းဖြစ်တဲ့ အကြောင်းအကျိုးကို ခွဲခြမ်းစိတ်ဖြာပြီး အနတ္တကို ရှုတဲ့နည်းကိုတော့ ကျနော် အရင်က ရေးခဲ့တဲ့ “သင်္ခါရမှ အနတ္တကို သိမ်းဆည်းခြင်း” ဆိုတဲ့ ဆောင်းပါးမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ တကယ် အားထုတ်ရင် သေချာပေါက် ဒိဋ္ဌိကွာကျပြီး သောတာပတ္တိမဂ်ဆီကို ရောက်နိုင်မှာ ဖြစ်တဲ့အတွက် အလေးအနက်ထား လက်တွေ့ ကျင့်ကြံကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
နားလည်ချင်ရင် ကိုယ်တိုင်ကြည့်ဖို့ လိုပါတယ်။
ထက်အောင်


Leave a Reply